‘‘ငရဲကျခဲ့သလိုပဲ’’ - ဟားမတ်စ်လက်က ပြန်လွတ်လာတဲ့ အသက် ၈၅ နှစ်အရွယ် ဓားစာခံ

ဟားမတ်စ်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်ခံထားရာကနေ တနင်္လာနေ့က ပြန်လွတ်လာခဲ့တဲ့ ဓားစာခံ နှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ယိုချက်ဗက် လစ်ဖ်ရှစ်ဇ်က “ရှိမှန်းမသိလောက်အောင် ဆိုးဝါးတဲ့ ငရဲထဲ သူကျခဲ့ရသလိုပဲ” လို့ ပြန်ပြောပြပါတယ်။

သူ့ကို ဟားမတ်စ် သေနတ်သမားတွေက မော်တော်ဆိုင်ကယ်တွေနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပုံကို မစ်စ် လစ်ဖ်ရှစ်ဇ်က တဲလ်ဗိဗ်မြို့က ဆေးရုံတစ်ခုမှာ သတင်းမီဒီယာတွေကို ပြန်ပြောပြပါတယ်။

လန်ဒန်မြို့ကနေ တဲလ်ဗိဗ်မြို့ကို ဒီကနေ့မနက် ရောက်လာတဲ့ သမီးဖြစ်သူ ရှယ်ရွန်းက မိခင် ပြောတာတွေကို သတင်းသမားတွေကို ကူညီ ဘာသာပြန် ပြောပြပေးခဲ့ပါတယ်။

အသက် ၈၅ နှစ်အရွယ် ယိုချက်ဗက် လစ်ဖ်စ်ရှစ်ဇ် က သူနေထိုင်ရာ ကစ်ဘွတ်ဇ် နေအိမ်ကနေ သူတို့ကို မော်တော်ဆိုင်ကယ်တွေနဲ့ ဟားမတ်စ်သေနတ်သမားတွေက ဘယ်လို ဖမ်းဆီး ခေါ်ဆောင်သွားသလဲ ဆိုတာကို ပြောပြရင်း ငရဲကျခဲ့ရသလိုပဲလို့ ဆိုပါတယ်။

မစ်စ် လစ်ဖ်ရှစ်ကို ဆိုင်ကယ်တစ်စင်းပေါ်မှာ တင်သွားပြီး ထိုးကြိတ်ခဲ့သလို တုတ်တွေနဲ့ ရိုက်နှက်ခဲ့တာ အညိုအမည်းစွဲတဲ့အထိ ဒဏ်ရာတွေ ရခဲ့ပါတယ်။ နာလွန်းလို့ အသက်မရှူနိုင်တော့ဘူးလို့ ပြောမှ ရပ်တော့တယ်လို့ သူ့သမီးက ပြောပါတယ်။

သူ့မိခင်ကို မော်တော်ဆိုင်ကယ်နဲ့ ခေါ်ဆောင်သွားစဉ်မှာ လက်နက်ကိုင်တွေက မိခင် ဝတ်ထားတဲ့ နာရီနဲ့ လက်ဝတ်လက်စားတွေကို ချွတ်ယူသွားတယ်လို့ ရှယ်ရွန်းက ဆက်ပြောပြပါတယ်။

ကုရ်အာန်ကျမ်းစာကို ယုံကြည်သူတွေမို့ နာကျင်အောင် မလုပ်ပါဘူး

မစ်စ် လစ်ဖ်စ်ရှစ်ဇ် ကို သေနတ်သမားတွေက ဂါဇာဒေသထဲ ဂိတ်တစ်ခုထဲကနေ ခေါ်သွင်းသွားပြီး မြေအောက်လှိုဏ်ဂူလမ်းကြောင်းထဲ ခေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။

မော်တော်ဆိုင်ကယ်ပေါ်က ဆင်းတဲ့အချိန်မှာ သူတို့ကို လာကြိုတဲ့သူတွေက သူတို့ဟာ ကုရ်အာန်ကျမ်းစာကို ယုံကြည်သူတွေ ဖြစ်တဲ့အတွက် ဓားစာခံတွေကို နာကျင်အောင် လုပ်မှာ မဟုတ်ပါဘူးဆိုပြီး ပြောခဲ့တယ်လို့ မစ်စ် လစ်ဖ်စ်ရှစ်ဇ်ရဲ့ ပြောပြချက်ကို သမီးဖြစ်သူက ဘာသာပြန် ပြောပြပါတယ်။

‘‘ကျွန်တော်တို့က ကုရ်အာန်ကျမ်းစာကို ယုံကြည်တယ်။ ခင်ဗျားတို့ကို နာကျင်အောင် မလုပ်ပါဘူး’’ လို့ ဟားမတ်စ် လက်နက်ကိုင်တွေက ဓားစာခံတွေကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

သူ့မိခင်နဲ့ နောက်လူ ၂၄ ဦးကို ဥမင်လိုဏ်ဂူလမ်းကြောင်းတွေထဲ ခေါ်ဆောင်သွားခဲ့ပါတယ်။ မြေကြီးက ပျော့ပြီး စိုစွတ်နေတယ်လို့ ဆိုပါတယ်။ အဲဒီ စိုစွတ်နေတဲ့ မြေကြီးပေါ်မှာ ကီလိုမီတာ အနည်းငယ်လောက် အတင်းလျှောက်ခိုင်းခဲ့တယ်လို့ မစ်စ် လစ်ဖ်စ်ရှစ်ဇ် က ပြောပါတယ်။

အဲဒီကို ရောက်အပြီး ၂ နာရီ၊ ၃ နာရီအကြာမှာ နီယာအော့ဇ် ကစ်ဘွတ်ဇ်ကနေ ဖမ်းလာတဲ့ ဓားစာခံ ၅ ဦးကို သီးခြားအခန်းတစ်ခန်းထဲ ထည့်ပြီး ထိန်းသိမ်းထားခဲ့ပါတယ်။

ရက်ခြားဆိုသလို ဆရာဝန်တစ်ယောက်ကို လွှတ်ပြီး သူတို့ကို ကြည့်ခိုင်းခဲ့ပါတယ်။ သူတို့ကို လာကြည့်တဲ့ ဆရာဝန်က သူတို့လိုတဲ့ ဆေးဝါးတွေ ယူလာပေးတယ်လို့လည်းဆိုပါတယ်။

ကျွန်မတို့ နေထိုင်မကောင်း ဖြစ်မှာကို သူတို့ အရမ်းကြောက်ကြတယ် လို့ မစ်စ် လစ်ဖ်စ်ရှစ်ဇ် က ပြန်ပြောပြပါတယ်။

ဂါဇာကို အသွား လမ်းမှာ မော်တော်ဆိုင်ကယ် မတော်တဆမှု ဖြစ်ပြီး အကြီးအကျယ် ဒဏ်ရာခဲ့သူ ဓားစာခံအမျိုးသားတစ်ဦးကိုလည်း ဟားမတ်စ် လက်နက်ကိုင်တွေက ဆေးကုသပေးတယ်လို့ သူက ပြန်ပြောပြပါတယ်။

ဥမင်လိုဏ်ခေါင်း လမ်းကြောင်းတွေက ပင့်ကူအိမ်လို ရှုပ်ထွေး ကြီးမား

ဟားမတ်စ်တွေ ထိန်းချုပ်တဲ့ မြေအောက်လိုဏ်ခေါင်း လမ်းကြောင်းတွေက ပင့်ကူအိမ်ကြီးလို ကြီးမားရှုပ်ထွေးတဲ့ ကွန်ရက်ကြီးတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီမှာ သန့်သန့်ရှင်းရှင်းနေခဲ့ရပုံနဲ့ အစောင့်တွေက အသေးစိတ် ဂရုစိုက်ခဲ့ကြပုံကို မစ်စ် လစ်ဖ်စ်ရှစ်ဇ် ကိုယ်တိုင် ပြန်ပြောပြခဲ့ပါတယ်။ နှစ်ရက်၊ သုံးရက်ခြားတစ်ခါ ဆရာဝန်တစ်ယောက်က လာကြည့်ပေးတယ်လို့လည်း ပြောပြပါတယ်။

သူတို့ကို ဖမ်းဆီးထားသူတွေဟာ အမျိုးသမီးတွေ တစ်ကိုယ်ရည် သန့်ရှင်းမှုကိစ္စအစ သိနားလည်ကြပြီး အသေးစိတ် အရာရာ ဂရုစိုက်ခဲ့ကြတယ်လို့ ပြောပြပါတယ်။

ဟားမတ်စ်လက်နက်ကိုင်တွေက သူတို့စားသလိုပဲ ဓားစာခံတွေကိုလည်း နံပြားတစ်ချပ်၊ ဒိန်ခဲအဖြူနဲ့ သခွားသီ တစ်နေ့ တစ်ကြိမ် ကျွေးခဲ့တယ်လို့ ဆိုပါတယ်။

ဓားစာခံအားလုံး ပြန်လွတ်မလာမချင်း ဇာတ်လမ်း မဆုံးသေး

တခြားဓားစာခံတွေ နဲ့ ပတ်သက်လို့ ရည်ညွှန်းပြောခဲ့ရာတော့ သူ့မိခင်စိတ်ထဲမှာ ဓားစာခံ အကုန် ပြန်လွတ်မလာသေးမချင်း ဒီဇာတ်လမ်း ပြီးဆုံးမသွားသေးဘူးလို့ ခံစားမိကြောင်း ရှယ်ရွန်းကပြောပါတယ်။

အစ္စရေးအစိုးရက နယ်စပ်တံတိုင်းအတွက် ငွေဘီလျံနဲ့ချီ သုံးခဲ့ပေမဲ့ ဟားမတ်စ်တွေ ဝင်လာတာကို ဘယ်လိုမှ မတားဆီးနိုင်ခဲ့ဘူးလို့ မစ်စ် လစ်ဖ်စ်ရှစ်ဇ် က ပြောပါတယ်။

မစ်စ် လစ်ဖ်စ်ရှစ်ဇ် နဲ့ နူရစ် ကူးပါး တို့နှစ်ဦးကို ဟားမတ်စ်လက်နက်ကိုင်တွေက တနင်္လာနေ့ညက ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပေမဲ့ သူတို့ရဲ့ ခင်ပွန်းတွေကတော့ ဆက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ဓားစာခံ ၂၀၀ ကျော်ထဲမှာ အခုအခါ ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဂျူးဒစ်သ်နဲ့ နာတာလီ ရားနန် ဆိုတဲ့ အမေရိကန်နိုင်ငံသား အစ္စရေးလူမျိုး သားအမိ နှစ်ဦးကို သောကြာနေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ မစ်စ် လစ်ဖ်စ်ရှစ်ဇ်ကို သူ့သမီး ရှယ်ရွန်းက ဘီးတပ်တွန်းလှည်းနဲ့ ဆေးရုံထဲ ပြန်ခေါ်သွားခဲ့ပါတယ်။