ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဘဲလ်ငြိမ်းချမ်းရေးဆု - အီရန် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ချီးမြှင့်ခံရ
၂၀၂၃ အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို အီရန်က အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ နာဂက်စ် မိုဟာမက်ဒီကို ချီးမြှင့်လိုက်ပါတယ်။
ဆုချီးမြှင့်ရေး ကော်မတီက သူ့ရဲ့ အီရန်မှာ အမျိုးသမီးတွေကို ဖိနှိပ်တာကို ဆန့်ကျင်ပြီး လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အတွက် လှုပ်ရှားမှုတွေအတွက် ချီးမြှင့်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
နာဂက်စ် မိုဟာမက်ဒီဟာ အီရန် လူ့အခွင့်အရေးလှုပ်ရှားသူ ဖြစ်ပြီး သူ့လို နိုဘဲလ်ဆုရှင် တယောက်ဖြစ်တဲ့ ရှီရင် အီဘာဒီ ထူထောင်ခဲ့တဲ့ လူ့အခွင့်အရေး ကာကွယ်သူများ စင်တာရဲ့ ဒုတိယအကြီးအကဲလည်း ဖြစ်ပါတယ်။
မိုဟာမက်ဒီဟာ ပြီးခဲ့တဲ့ ၂၀၁၁ က ထောင်ဒဏ်တချို့ ချမှတ်ခံခဲ့ရပြီး လတ်တလောမှာတော့ ဝါဒဖြန့်မှုနဲ့ အီရန်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အီဗင် အကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေရပါတယ်။
သူဟာ ဒီနှစ်အတွက် ဘီဘီစီရဲ့ ကမ္ဘာတလွှားမှာ ထူးချွန်ထင်ရှားတဲ့ အားကျစရာ အမျိုးသမီး ၁၀၀ စာရင်းထဲမှာလည်း ထည့်သွင်း ဖော်ပြခံရပါတယ်။
ရဲရင့်စွာ ကိုယ်ကျိုးစွန့် လှုပ်ရှားသူ
သူ့ကို ချီးမြှင့်ခဲ့တာနဲ့ ပတ်သက်လို့ နိုဘဲလ် ဆုချီးမြှင့်ရေး ကော်မတီက မိုဟာမက်ဒီဟာ ရဲရင့်စွာ ကိုယ်ကျိုးစွန့်ပြီး လှုပ်ရှားသူ ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ကို အီရန်အစိုးရက ၁၃ ကြိမ် ဖမ်းဆီးပြီး ၅ ကြိမ် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ်အထိ ချမှတ်ခဲ့တယ်လို့ အော်စလိုမြို့က နော်ဝေး နိုဘဲလ်ဆု ချီးမြှင့်ရေး ကော်မတီ အကြီးအကဲ ဖြစ်တဲ့ ဘဲရစ် ရိုက်စ် အင်ဒါဆင်က ပြောပါတယ်။
အခု ဆုချီးမြှင့်ခံရကြောင်း ကြေညာနေစဉ်မှာလည်း မိုဟာမက်ဒီဟာ အကျဉ်းထောင်ထဲမှာ ရှိနေပါတယ်လို့ သူက ဆိုပါတယ်။
အီရန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က အမျိုးသမီးတွေ ဦးဆောင်ပြီး ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီးနောက်မှာ အခုလို နိုဘဲလ် ဆုချီးမြှင့်ရေး ကော်မတီက မိုဟာမက်ဒီကို ငြိမ်းချမ်းရေး ဆုချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာလ အတွင်းက ၂၂ နှစ်အရွယ် မာရှာ အာမင်နီဆိုသူ အမျိုးသမီးတယောက်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘာသာရေးရဲက ဖမ်းဆီးထားစဉ်အတွင်း သေဆုံးခဲ့ရပြီးနောက် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ ဆန္ဒပြပွဲတွေဟာ နိုင်ငံအနှံ့ကို ပျံ့နှံ့သွားခဲ့ပြီး ပိုမိုလွတ်လပ်ခွင့်တွေကနေ အစိုးရကို ဖြုတ်ချဖို့ အထိပါ တောင်းဆို လှုပ်ရှားခဲ့ကြပါတယ်။
အီရန်အမျိုးသမီးတွေ ခေါင်းစည်းပဝါတွေကို ဖြုတ်ပြီး အမျိုးသမီး၊ ဘဝ၊ လွတ်လပ်ခွင့် ဆို ကြွေးကြော် တောင်းဆိုနေကြတဲ့ ပုံတွေဟာလည်း တကမ္ဘာလုံးမှာ ပျံ့နှံ့ရောက်ရှိသွားခဲ့ပါတယ်။
အဲဒီနောက် အာဏာပိုင်တွေက ဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန် ဖြိုခွဲပစ်ခဲ့တာကြောင့် တစစနဲ့ အရှိန်လျော့ကျသွားခဲ့ရပါတယ်။
နိုဘဲလ် ဆုချီးမြှင့်ရေး ကော်မတီ အကြီးအကဲ ဘဲရစ် ရိုက်စ် အင်ဒါဆင်ကတော့ အဲဒီဆန္ဒပြပွဲတွေ အတွင်း ကြွေးကြော်ခဲ့ကြတဲ့ အမျိုးသမီး၊ ဘဝ၊ လွတ်လပ်ခွင့် ဆိုတဲ့ စကားလုံးတွေဟာ နာဂက်စ် မိုဟာမက်ဒီရဲ့ စွမ်းဆောင်မှုတွေကို ထင်ဟပ်ပြနေတယ်လို့ ဆိုပါတယ်။
သူဟာ အမျိုးသမီးတွေ အပေါ် စနစ်တကျ ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင် တွန်းလှန်နေသူ ဖြစ်တယ်၊ အမျိုးသမီးတွေ သူတို့ ဘဝမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရှင်သန်နေထိုင် နိုင်ရေးအတွက် လှုပ်ရှားတိုက်ပွဲဝင်သူ ဖြစ်တယ်လို့ ပြောပါတယ်။
မကြာခင်မှာ ပြန်လွှတ်ပေးဖို့ မျှော်လင့်
နော်ဝေး နိုဘဲလ်ဆု ချီးမြှင့်ရေး ကော်မတီက အခုငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲကို လာမယ့် ဒီဇင်ဘာလထဲမှာ ကျင်းပမှာ ဖြစ်တာကြောင့် ဆုရှင် နာဂက်စ် မိုဟာမက်ဒီ ကိုယ်တိုင် တက်ရောက် ဆုလက်ခံဖို့ အီရန်အစိုးရက ထောင်ကနေ လွှတ်ပေးဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
တကယ်လို့ အီရန် အာဏာပိုင်တွေအနေနဲ့ မှန်ကန်စွာ ဆုံးဖြတ်ပြီး သူ့ကို ပြန်လွှတ်ပေးမယ်ဆိုရင် တော့ သူကိုယ်တိုင် ဆုကို လက်ခံရယူနိုင်မှာပါ။ ဒီလို ဖြစ်လာပါစေလို့ အားလုံးက မျှော်လင့်နေပါတယ်လို့ ဆုချီးမြှင့်ရေး ကော်မတီ အကြီးအကဲ ဘဲရစ် ရိုက်စ် အင်ဒါဆင်က ပြောပါတယ်။
ဂုဏ်ပြုစကားနဲ့ တုံ့ပြန်မှုများ
နာဂက်စ် မိုဟာမက်ဒီ နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတာနဲ့ ပတ်သက်လို့ ကမ္ဘာတဝန်းက တုံ့ပြန်မှုတွေနဲ့ ဂုဏ်ပြုစကားတွေကိုလည်း ပြောကြားလာကြပြီ ဖြစ်ပါတယ်။
နာဂက်စ် မိုဟာမက်ဒီကို နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တာဟာ ခြိမ်းခြောက်မှု၊ အနှောင့်အယှက်ပေးမှု၊ အကြမ်းဖက်မှုနဲ့ ဖမ်းဆီးအကျဉ်းချခြင်းတွေကို ရင်ဆိုင်နေရတဲ့ အီရန်အမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုရာ ရောက်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ပြောခွင့်ရပုဂ္ဂိုဟ် အယ်လစ်ဇဘက်သ် ထရော်ဆဲလ်က ဒီအမျိုးသမီးတွေဟာ သူတို့ရဲ့ ဝတ်စားမှုနဲ့ ပတ်သက်လို့ အနှောင့်အယှက်တွေနဲ့ တွေ့ကြုံနေခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့အပေါ် ဥပဒေအရ၊ လူမှုစည်းကမ်းနဲ့ စီးပွားရေးအရ တိုင်းတာတဲ့ စံနှုန်းတွေက ပိုပြီး တင်းကြပ်လာနေတယ်၊ အခုလို ဆုချီးမြှင့်တာက ဒီအီရန် အမျိုးသမီးတွေရဲ့ သတ္တိနဲ့ စိတ်ဓာတ်ခိုင်မာမှုတွေကို ကမ္ဘာတဝန်းကပါ အသိအမှတ်ပြု အားကျလာစေအောင် မီးမောင်းထိုးပြလိုက်သလိုပဲလို့သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရတဲ့ ယူကရိန်း ပြည်သူ့အခွင့်အရေး ဆိုင်ရာ ဗဟိုဌာနက အိုလက်ခ်ဆန်ဒြာ မက်ဗီချွတ်ခ်ကလည်း ယနေ့ ကမ္ဘာကြီးက ဆက်စပ်နေတယ်၊ အီရန်က ပြည်သူတွေ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြတယ်။ ကျွန်ုပ်တို့ အနာဂတ်က သူတို့ အောင်မြင်မှုအပေါ်လည်း မူတည်ပါတယ်လို့ တချိန်က တွစ်တာ ကို အမည်ပြောင်းထားတဲ့ အိတ်စ် ပေါ်မှာ ရေးခဲ့ပါတယ်။
ပြည်ပရောက် ဘယ်လာရုစ် အတိုက်အခံ ခေါင်းဆောင် ဆဗက်လာနာ တစ်ခနော့ဗ်စကာယာ ကလည်း မိုဟာမက်ဒီကို ဂုဏ်ပြုလိုက်ပါတယ်။
အကျဉ်းကျနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ အားလုံးအတွက် အားဖြစ်တယ်၊ သူဟာ အကျဉ်းထောင်ရဲ့ သံတိုင်တွေ နောက်မှာတောင် အသံတိတ်မသွားခဲ့ဘူး၊ မနှစ်က ဆုချီးမြှင့်ခံခဲ့ရတဲ့ ဘယ်လာရုစ်က အလက်စ် ဘီယာလီယာ့စကီးလိုပဲ သူ့ကိုလည်း လွှတ်ပေးဖို့ တောင်းဆိုကြောင်း သူက ပြောပါတယ်။
အီရန်က လူမှုလွတ်လပ်ရေး တိုက်ပွဲရဲ့ အောင်မြင်မှု - မိုဟာမက်ဒီ မိသားစု
နာဂက်စ် မိုဟာမက်ဒီ အခုလို နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့် ခံရတာဟာ အီရန်က လွတ်လပ်မှုအတွက် တိုက်ပွဲမှာ သမိုင်းတင်မယ့် အခါသမယ တခုပဲ ဖြစ်တယ်လို့ သူ့မိသားစုက ပြောပါတယ်။ ဒါပေမယ့် အကျဉ်းကျနေတဲ့ မိုဟာမက်ဒီကိုယ်တိုင် ဒီ အခါသမယကို မဖြတ်သန်းနိုင်တဲ့ အတွက်တော့ စိတ်မကောင်းဖြစ်မိကြောင်း ဆိုပါတယ်။
မိုဟာမက်ဒီ အကျဉ်းကျခံနေရစဉ်မှာ သူ့မိသားစုက တာဝန်ယူ ကိုင်တွယ်ပေးနေတဲ့ သူ့ရဲ့ တရားဝင် အင်စတာဂရမ် အကောင့်မှာတော့ ဒီငြိမ်းချမ်းရေးဆု ဟာ အီရန်လူမျိုး အားလုံးအတွက် ဖြစ်တယ်၊ အထူးသဖြင့် လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုတွေ အတွက် တကမ္ဘာလုံးကို သိမြင်သွားစေလောက်တဲ့ အထိ တိုက်ပွဲဝင်လှုပ်ရှားခဲ့ကြတဲ့ ရဲရင့်တဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အတွက် ဖြစ်ပါတယ်လို့ ရေးသားထားပါတယ်။
မိုဟာမက်ဒီအတွက် ဆုချီးမြှင့်တာ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်တာ
မိုဟာမက်ဒီကို နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်တာဟာ အီရန်ရဲ့ အမျိုးသား လုံခြုံရေးကို ထိပါးလိုက်တာ ဖြစ်တယ်လို့ အီရန် သတင်းဌာနက ပြောပါတယ်။
နာဂက်စ် မိုဟာမက်ဒီဟာ အီရန်အမျိုးသား လုံခြုံရေးကို ထိပါးစေတဲ့ အပြုအမူတွေ လုပ်ခဲ့တဲ့ အတွက် ဆုချီးမြှင့် ခံရတာဆိုပြီး အီရန်ရဲ့ အစိုးရတပိုင်း သတင်းဌာနက ဆိုပါတယ်။
၅၁ နှစ်အရွယ် မိုဟာမက်ဒီ အနောက်တိုင်းသားတွေဆီက ဆုရတယ်ဆိုပြီး ဖားစ် သတင်းဌာနက ဖော်ပြထားပါတယ်။
ဆက်လက်ပြီး မိုဟာမက်ဒီဟာ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အပြုအမူတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့သူ ဖြစ်တယ်လို့ ဆိုထားပါတယ်။