ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားစစ်သင်္ဘော ယူကရိန်း တိုက်ခိုက်နှစ်မြှုပ်လိုက်တယ်လို့ပြော- ဖေဖော်ဝါရီ ၁၄ နိုင်ငံတကာသတင်းများ
ပင်လယ်နက်ထဲက ခရိုင်းမီးယား တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ နောက်ထပ် ရုရှားစစ်သင်္ဘောကို ဖျက်ဆီး လိုက်တယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။
အဖျက်ခံရတဲ့ စစ်သင်္ဘော အမည်က ဆီဇာ ခူနီကော့ဗ် ဖြစ်ပြီး လေယာဉ်တွေ အတက်အဆင်းလုပ်နိုင်တဲ့ သင်္ဘောကြီး တစင်း ဖြစ်ပါတယ်။
ပင်လယ်ပြင်မှာ ဖောက်ခွဲရေး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုတွေကို ယူကရိန်း စစ်ထောက်လှမ်းရေးက ထုတ်ပြန်ခဲ့ပါတယ်။
တိုက်ခိုက်ခံရပြီးနောက် အဲဒီစစ်သင်္ဘော ကို ရှာဖွေ ကယ်ဆယ်ရေး လုပ်ခဲ့ရာမှာ အောင်မြင်မှုမရဘဲ နစ်မြုပ်သွားတယ်လို့ ယူကရိန်းဘက်က ဆိုပါတယ်။
အဲဒီသင်္ဘောရဲ့ အသွင်အပြင်ပုံရိပ်တွေဟာ ဆီဇာခူနီကော့ဗ် သင်္ဘောအမျိုးအစားနဲ့ တထပ်တည်း ဖြစ်နေတယ်လို့ ဘီဘီစီက ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ရုရှားအစိုးရဘက်က တစုံတရာ တုံ့ပြန်ပြောကြားမှု မရှိခဲ့ပါဘူး။
ပါကစ္စတန်က ရွေးကောက်ပွဲလွန်အခြေအနေ
ပါကစ္စတန်မှာ သူတို့ပြိုင်ဘက်တွေက ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးစားနေတာဟာ နိုင်ငံကို မတည်မငြိမ် ဖြစ်စေလိမ့်မယ်လို့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ ပါတီက သတိပေးလိုက်ပါတယ်။
အကျဉ်းချထားခံရတဲ့ မစ္စတာခန်းကို လူထုက လှိုက်လှိုက်လှဲလှဲ ထောက်ခံမှု ပြနေကြပေမယ့် သူ့ရဲ့ အာဏာကတော့ ရုပ်သိမ်းခံထားရတယ်လို့ ပါတီ ပြောခွင့်ရသူက ဆိုပါတယ်။
ပါကစ္စတန်မှာ မစ္စတာခန်းကျောထောက် နောက်ခံပေးထားတဲ့ တသီးပုဂ္ဂလ အမတ်တွေ နေရာတော်တော်များများမှာ အနိုင်ရခဲ့ပေမယ့် အစိုးရဖွဲ့နိုင်လောက်တဲ့ အရေအတွက် အများစု မရခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း နာဝပ်စ် ရှာရစ်ဖ်ရဲ့ ပါတီနဲ့ ပါကစ္စတန် ပြည်သူ့ပါတီ ကတော့ ညွန်ပေါင်း အစိုးရအဖွဲ့သစ် ဖွဲ့မယ်လို့ ပြောနေပါတယ်။
ယွန်းဆွတ်ယိုး ရဲ့ ဝန်ထမ်း အီးမေးလ်ကို မြောက်ကိုရီးယား ဘက်က ဟက်လုပ်ခံရ
တောင်ကိုရီးယား သမ္မတရုံး ဝန်ထမ်း တယောက်ရဲ့ ကိုယ်ပိုင်အီးမေးလ်တွေကို မြောက်ကိုရီးယား ဘက်က ဟက်လုပ်တာ ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ဗြိတိန်ကို သမ္မတ ယွန်းဆွတ်ယိုး သွားရောက်တဲ့ ခရီးစဉ်အတွင်း ဟက်လုပ်ခံခဲ့ရတာပါ။
သမ္မတရုံးကလည်း သူတို့ဟက်လုပ်ခံရကြောင်း ဘီဘီစီကို အတည်ပြု ပြောကြားခဲ့ပြီး သူတို့ဝန်ထမ်းတယောက်က စီးပွားဖြစ်ဝန်ဆောင်မှုပေးတဲ့ အီးမေးလ်ကို လက်လွတ်စပယ် အသုံးပြုခဲ့မိတာကြောင့်လို့ အပြစ်တင်ထားပါတယ်။
အစိုးရ အဆင့်မြင့် အရာရှိကြီးတယောက် အဆိုအရ သမ္မတရဲ့ ခရီးစဉ်နဲ့ မက်ဆေ့ချ်တွေ ဟက်ခ် လုပ်ခံရတဲ့အထဲ ပါသွားတယ်လို့ ပြောကြောင်း တောင်ကိုရီးယား သတင်းစာ တစောင်မှာ ဖော်ပြထားပါတယ်။
ဒါဟာ တောင်ကိုရီးယား သမ္မတရုံး အရာရှိတယောက်ရဲ့ အီးမေးလ်ကို မြောက်ကိုရီးယားဘက်က ပထမဆုံး အောင်မြင်စွာ ဟက်လုပ်နိုင်ခဲ့တာလို့ ယူဆရပါတယ်။
မျောက်၀ံတွေ နောက်ပြောင်လေ့ရှိတာကို လေ့လာတွေ့ရှိ
မျောက်ဝံကြီးတွေဟာ တကောင်နဲ့တကောင် နောက်ပြောင် ဆော့ကစားချင်ကြတယ်ဆိုတဲ့ အထောက်အထား အသေးစိတ် အချက်အလက်တွေကို ပထမဆုံး လေ့လာစုစည်းနေပြီလို့ သုတေသီ တွေကပြောပါတယ်။
အမေရိကန် ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဒီရေးဂိုးမြို့က ဘိုနိုဘို ချင်ပန်ဇီတွေ ၊ ဂေါ်ရီလာတွေနဲ့ အော်ရန်ဂူတန် လူဝံတွေ စတဲ့ အမျိုးအစား ၄ မျိုးရဲ့ လှုပ်ရှားပုံရိပ် ဗီဒီယိုကို လေ့လာကြည့်တဲ့အခါ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် သူတို့အမူအရာတွေက ကလေးငယ်လေးတွေလို ပြုမူကြတာ တွေ့ရပါတယ်။
အထောက်အထား အများစုကတော့ ဆံပင်ဆွဲ ၊ မျက်လုံး အဖွင့်အပိတ် လုပ်တာမျိုးနဲ့ ပစ္စည်းတခုကို ပေးမယောင် လုပ်ပြီး တခြားဘက်ကို လွှင့်ပစ်တာမျိုး အပါအဝင် တဖက်တည်းကနေ နောက်ပြောင်နေတာကို တွေ့ရပါတယ်။
လူဝံကြီးတွေကြား လူသားတွေလို နောက်ပြောင်မှုတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃ သန်းလောက်ကတည်းက ရှိကောင်း ရှိနေနိုင်ခဲ့တယ်လို့ အထောက်အထားတွေက ပြနေကြောင်း နိုင်ငံတကာ သုတေသီ အဖွဲ့က ပြောပါတယ်။
ဒီလေ့လာတွေ့ရှိချက်ကို Proceedings of the Royal Society Biological Sciences ဆိုတဲ့ သိပ္ပံ ဂျာနယ်တစောင်မှာ ဖော်ပြထားပါတယ်။