ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်စစ်လေယာဥ် ဂျပန်ကမ်းလွန်မှာ ပျက်ကျ
လူ ၆ ဦးပါတဲ့ အမေရိကန်စစ်ဘက်လေယာဥ်ဟာ ဂျပန်နိုင်ငံအရှေ့တောင်ပိုင်းက ယာကူရှီမာကျွန်း ကမ်းလွန်မှာ ပျက်ကျသွားခဲ့တယ်လို့ ဂျပန်ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကတော့ CV-22 အော့စပရေး လေယာဥ် ပျက်ကျတဲ့နေရာကနေ အလောင်းတစ်လောင်းကို ရှာတွ့ထားပြီးပြီလို့ ပြောပါတယ်။
ဂျပန်ရဲ့ NHK သတင်းဌာနတော့ လေယာဥ်ဟာ ယာကူရှီမာလေဆိပ်ကိုဆင်းသက်ဖို့ ကြိုးစားနေချိန် ဗုဒ္ဓဟူးနေ့မှာ လေယာဥ်ရဲ့ ဘယ်ဘက် စက်ခေါင်း မီးလောင်ပြီး ပျက်ကျခဲ့တာလို့ သတင်းဖော်ပြပါတယ်။
လေယာဥ်ဟာ ပင်လယ်ထဲကို ပေါက်ကွဲပြီး ပင်လယ်ထဲကို မပျက်ကျခင်မှာ ကောင်းကင်မှာ ချာလည်လည်နေခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ဒေသန္တရရုပ်သံဌာနတစ်ခုကို ပြောပါတယ်။
အဲဒီရဟတ်ယာဥ်ဟာ ယာမာဂူချီဒေသက အီဝါခူနီ စစ်အခြေစိုက်စခန်းကနေ အိုကီနာဝါမှာရှိတဲ့ ခါဒဲနာ စစ်အခြေစိုက်စခန်းကို ပျံသန်းဖို့ ဦးတည်သွားနေတယ်လို့ ယူဆရပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကတော့ လေယာဥ်ဟာ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ၊ မိနစ် ၄၀ ခန့်မှာ ရေဒါကနေ ပျောက်သွားခဲ့တာလို့ ပြောပါတယ်။
ငါးမိနစ်ခန့်ကြာပြီးတဲ့နောက်မှာပဲ ပျက်ကျပြီလို့ပြောတဲ့အကူအညီတောင်းခံမှုကို ဂျပန်ကမ်းခြေစောင့်တပ်က လေယာဥ်ဆီကနေ ရရှိခဲ့ပါတယ်။
အဲဒီနောက် လှေ ၆ စီးနဲ့ ရဟတ်ယာဥ် ၂ စီးဟာ အခင်းဖြစ်တဲ့နေရာကို ရောက်ခဲ့ပါတယ်။ ညနေ ၆ နာရီခန့်မှာတော့ ရဟတ်ယာဥ်တွေဟာ လေယာဥ်ရဲ့ အစိတ်အပိုင်းလို့ ယူဆရတဲ့အရာတစ်ခုနဲ့ အသက်ကယ်ဖောင်တစ်ခုကို တွေ့ရှိခဲ့တယ်လို့ ပြောခွင့်ရသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အစောပိုင်းသတင်းတွေမှာတော့ လေယာဥ်ပေါ်မှာ လူ ၈ ဦးလိုက်ပါသွားတယ်လို့ သတင်းတွေဖော်ပြခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ လေယာဥ်ပေါ် ပါသွားသူအရေအတွက်ကို ဂျပန်ကမ်းခြေစောင့်တပ်က လျှော့ချခဲ့ပါတယ်။
ကာဂိုရှီမာစီရင်စုနယ်ထဲက ယာကူရှီမာဟာ ဂျပန်က ခူရှုကျွန်းရဲ့တောင်ပိုင်းမှာ ရှိပါတယ်။
အော့စပရေး လေယာဥ်အမျိုးအစားဟာ ရဟတ်ယာဥ်တစ်စီးအနေနဲ့ရော၊ ဒလက်သုံးလေယာဥ်တစ်စီးအနေနဲ့ပါ အသုံးပြုနိုင်တဲ့ လေယာဥ်အမျိုးအစားဖြစ်ပါတယ်။
ဂျပန်နိုင်ငံတဝန်းမှာ အခြေစိုက်တဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၅၀,၀၀၀ ကျော်အထိရှိပါတယ်။
လေယာဥ်ဦးတည်သွားနေခဲ့တဲ့ အိုကီနာဝါကျွန်းပေါ်မှာ နေထိုင်တဲ့သူများစုဟာ အော့စပေးလေယာဥ်တွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ချက်ရှိကြတဲ့အကြောင်းကို အရင်ကလည်း ပြောခဲ့ဖူးပါတယ်။
အော့စပရေး လေယာဥ်ကတော့ ရဟတ်ယာဥ်ကို မြန်နှုန်းမြှင့်တောင်ပံတပ်ထားတာကြောင့် သာမန်ရဟတ်ယာဥ်တွေထက် မြန်မြန်ဆန်ဆန် ပျံသန်းနိုင်တဲ့ လေယာဥ်အမျိုးအစားဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလေယာဥ်အမျိုးအစားဟာ မတော်တဆဖြစ်မှုသမိုင်းကြောင်းရှိထားပြီး ပြီးခဲ့တဲ့နှစ်တုန်းက နော်ဝေနိုင်ငံမှာပျက်ကျခဲ့တာကြောင့် မရိန်းတပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လတုန်းကဆိုရင် မော်ဒယ်မတူတဲ့ အော့စပရေးလေယာဥ်တစ်စီးဟာ ဒေသန္တရတပ်ဖွဲ့တွေအတွက်စစ်ရေးလေ့ကျင့်မှု လုပ်နေတုန်းမှာပဲ သြစတြေးလျမှာ ပျက်ကျခဲ့လို့ လေယာဥ်ပေါ် လိုက်ပါသွားတဲ့ လူပေါင်း ၂၃ ဦးထဲက အမေရိကန် မရိန်းတပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။
၂၀၁၇ ခုနှစ်တုန်းကလည်း အော့စပရေး လေယာဥ်တစ်စီးဟာ သြစတြေးလျ မြောက်ပိုင်းကမ်းလွန်မှာ ဆင်းသက်ဖို့ ကြိုးစားရင်း ပို့ဆောင်ရေးသင်္ဘောတစ်စီးရဲ့ ပဲ့ပိုင်းနဲ့ ချိတ်မိခဲ့တာကြောင့် ပျက်ကျပြီး မရိန်းတပ်သား ၃ ဦးသေဆုံးခဲ့ပါတယ်။