ပျက်စီးနေတဲ့ အိမ်တွေကိုသာ တွေ့လိုက်ရတဲ့ ဂါဇာသားတွေ

Palestinians in Jabalia walk among debris as they return to their houses after the announcement of ceasefire and hostage-prisoner swap deal between Hamas and Israel

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သူတို့အိမ်တွေ ပျက်စီးနေပြီဆိုတာကို ဂျဘားလီးယားက ပါလက်စတိုင်းတွေ သိလိုက်ကြရ

ရပ်ရှီ အဘူ အာလုဖ်

ဂါဇာ ဘီဘီစီသတင်းထောက်၊ အီစတန်ဘူလ်

အန်ဒရေ ရိုဒန်ပေါလ်

ဘီဘီစီ သတင်းဌာန၊ လန်ဒန်

အပစ်အခတ်ရပ်ပြီဆိုတော့ ပါလက်စတိုင်းပြည်သူတွေဟာ ဂါဇာကလမ်းတွေပေါ်ထွက်လာပြီ ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြပေမဲ့ သူတို့ရဲ့အိမ်တွေကို ပြန်ကြတဲ့အခါမှာတော့ သူတို့ထဲက လူအများစုဟာ ပျက်စီးနေတဲ့အိမ်တွေကိုသာ တွေ့လိုက်ကြရပြီး ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းသွားခဲ့ပါတော့တယ်။

ဂါဇာမြောက်ပိုင်း ဂျလားဘီးယားမြို့က ဒေသခံတွေဟာ သူတို့ အိမ်ကိုအပြန်မှာ သူတို့ရပ်ရွာတခုလုံး အုတ်ပုံကြီး ဖြစ်နေတာကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေရိုက်ပြီး အွန်လိုင်းမှာ ဝေမျှခဲ့ကြပါတယ်။

ဂျလားဘီးယားက အယ်ဖူလဂျာ အရပ်ကို ပြန်ခဲ့တဲ့ ဒူအာ အယ်ခါလီဒီက "အိမ်ရဲ့ အပျက်အစီးပုံအောက်ကနေ ကျွန်မရယ်၊ သမီးလေး ၂ ယောက်ရယ် ထွက်လာနိုင်ပြီး အသက်ရှင်ခဲ့ကြတယ်" လို့ ဘီဘီစီကို ပြောပါတယ်။

"ဒီအပျက်အစီးပုံအောက်မှာ ကျွန်မယောက်ျား၊ ကျွန်မယောက်ျားရဲ့ အမေ၊ ကျွန်မ မရီး တို့ရဲ့ အလောင်းတွေက အောက်တိုဘာ ၉ ရက်ကတည်းက ရှိနေတာ၊ သူတို့အလောင်းတွေကို ပြန်မယူနိုင်သေးဘူး။"

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အသက် ၂၈ နှစ်အရွယ် ကလေး ၂ ယောက်ရဲ့ မိခင်က "သူတို့ကို ဂုဏ်သိက္ခာရှိရှိ မြေမြှုပ်သင်္ဂြုဟ်နိုင်ဖို့ကလွဲလို့ ဘာမှ မလိုချင်ပါဘူး" လို့ ဆက်ပြောပါတယ်။

ပါလက်စတိုင်းပေါင်း ၂၅၀,၀၀၀ ခန့်ခိုလှုံခဲ့ကြရတဲ့ ဂျလားဘီးယား ဒုက္ခသည်စခန်းဟာ အစ္စရေးတို့ရဲ့ အရှည်ကြာဆုံးနဲ့ အကြမ်းအဖက်ဆုံး စစ်ဆင်ရေးဒဏ်ကို ခံခဲ့ရတဲ့ အကြီးဆုံးသော ဒုက္ခသည်စခန်းပါ။ အဲဒီမှာ ပါလက်စတိုင်း ၄,၀၀၀ အသတ်ခံခဲ့ရကြောင်း ဟားမတ်စ်တို့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ပါလက်စတိုင်းကို ကိုယ်စားပြုယှဉ်ပြိုင်တဲ့ နိုင်ငံတကာ အလေးမ အားကစားသမားတယောက်ဟာ စစ်ပွဲရဲ့ အစမှာ သူ့ရဲ့ မိသားစုဝင် ၁၀ ယောက် ဆုံးရှုံးခဲ့ရပါတယ်။

"ဒီနေ့မှာ အကောင်းဆုံး ဖြစ်လာတာက ကျွန်တော့အနေနဲ့ ကျွန်တော့်မိသားစုရဲ့ မြေပုံကို သွားကြည့်နိုင်ပြီး သူတို့အတွက် ဆုတောင်းပေးနိုင်တာပါ" လို့ သူက လူမှုမီဒီယာမှာ ရေးတင်ပါတယ်။

သူ့ရဲ့ ၃ ထပ် တိုက်အိမ်နဲ့ သူပိုင်တဲ့ အားကစား ကလပ် ပြိုကျပျက်စီးနေတာကို ရိုက်ထားတဲ့ ဗီဒီယိုကိုလည်း သူက တင်ပါတယ်။

"ကျွန်တော်ဆုံးရှုံးသွားတဲ့လူတွေက ကျွန်တော့် နှလုံးသားနဲ့ အနီးဆုံးက လူတွေပါ - ကျွန်တော့် ညီအကိုတွေ၊ ကျွန်တော့်သားတွေ၊ ကျွန်တော့် အသက်မွေးဝမ်းကျောင်း အရင်းအမြစ်တွေ။ ကျွန်တော်တို့ ရင်ထဲက အလှပဆုံး အရာတွေအားလုံးကို ဒီစစ်ပွဲက သတ်ဖြတ်ပစ်လိုက်ပြီ။"

A drone shot of Jabalia showing damaged buildings and people walking among them

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂျလားဘီးယားက အပျက်အစီးတွေကို ဒရုန်းနဲ့ ရိုက်ကူးထားပုံ

တောင်ပိုင်းက ခန်းယူနစ်မြို့မှာ လက်နက်ကိုင် ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေက လမ်းတွေပေါ်မှာ ကားတွေမောင်းပြီး လူအုပ်စုတွေကို နုတ်ဆက်ကြတာ၊ ကြွေးကြော်သံတွေ တိုင်ကြတာကို ရိုက်တာ သတင်းထဲမှာ တွေ့ရပါတယ်။

အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေကို မခံရအောင် လပေါင်းအတော်ကြာ ပုန်းအောင်းနေခဲ့ရတဲ့ ဟားမတ်စ်ရဲတွေလည်း လမ်းတွေပေါ် ပြန်ရောက်လာကြပါတယ်။

ခန်းယူနစ်မှာ သူတို့မိသားစုခိုလှုံခဲ့ကြတဲ့ ဂါဇာစီးတီးဒေသခံ အာအက် အဘူ အာဟမ်က သူ့ မြို့ဟာ "ကြောက်စရာကောင်းလောက်အောင် ပျက်စီးသွားပြီ" လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဂါဇာစီးတီးဟာ ကျွမ်းကျင်သူတွေ အဆိုအရ အကြီးမားဆုံး ဖျက်ဆီးခံရတဲ့ မြို့ဖြစ်ခဲ့ပြီး အခုတော့ ပါလက်စတိုင်း အလံတွေကို ဝှေ့ယမ်းနေတဲ့ ပြည်သူတွေနဲ့ ပြည့်နေကာ သူတို့က မြင်ကွင်းတွေကို မိုဘိုင်းဖုန်းနဲ့ ဗီဒီယို ရိုက်နေကြပါတယ်။

ဒါပေမဲ့ အသက် ၄၀ အရွယ်သူက အပစ်အခတ်ရပ်စဲရေးက အသက်တွေကို ကယ်တင်တာဖြစ်ပေမဲ့ အောင်ပွဲခံဖို့ အချိန်မဟုတ်ဘူးလို့ ဆိုပါတယ်။

"ကျွန်တော်တို့ နာကျင်ခံစားနေရတာပါ၊ ဆိုးဆိုးဝါးဝါးကို နာကျင်နေတာပါ၊ ဒီအချိန်က တယောက်နဲ့ တယောက် ထွေးပွေ့ပြီး ငိုကြွေးကြတဲ့ အချိန်ပါ" လို့ သူက ပြောပါတယ်။

တောင်ပိုင်း အီဂျစ်နယ်စပ်နားက ရာဖာမြို့ကိုလည်း ဂါဇာသူ ဂါဇာသားတို့ ပြန်ကြပါတယ်။

မိုဟာမက် ဆူလေမန်က "ဘုရားသခင်ကို ကျေးဇူးတင်တယ်၊ အပစ်အခတ်ရပ်စဲရေး အသက်ဝင်လာတော့ သိပ်ကို ပျော်စရာကောင်းပါတယ်"လို့ ဘီဘီစီ အာရေဗျဘာသာဌာနကို ပြောပါတယ်။

"ဘုရားသခင်ရဲ့ အလိုတော်အရပဲ၊ ကောင်းတာတွေ ဖြစ်လာမှာပါ၊ ကျွန်တော်တို့ ရာဖာကို ပြန်မယ်၊ အိုးအိမ်စွန့်ခွာခဲ့ကြရသူတွေ သူတို့အိမ်ကို ချောချောမွေ့မွေ့ပြန်ရောက်မယ်လို့ မျှော်လင့်ပါတယ်။"

တောင်ပိုင်း ဂါဇာစီးတီးမှာ အစ္စရေးတို့ စစ်ဆင်ရေးမစခင် လူတွေကို နှင်ထုတ်တော့ ဒီမြို့က လူအများအပြား ထွက်ပြေးခဲ့ကြရပါတယ်။

ရာဖာမှာ ပါလက်စတိုင်း သတင်းစာ အယ် အာရမ်ရဲ့ သတင်းထောက် မိုဟာမက် အယ် ဂျမဲလ်က သူ့ရဲ့ ဆုံးရှုံးခဲ့ရမှုတွေကို ပြန်ပြောပြပါတယ်။

"အိမ်က မြေပေါ်ကို ပြားပြားဝပ်ပြိုကျသွားပြီ၊ အုတ်ပုံပဲ ကျန်တော့တယ်" လို့ သူက ပြောပါတယ်။

"ကြက်ခြံနဲ့ ကတွတ်သီးပင်တွေက အတိတ်က အရာတွေ ဖြစ်သွားပြီ။"

Humanitarian aid truck enters Rafah as a man dressed in black armed with a rifle stands watching

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တင်ထားတဲ့ ထရပ်ကားတွေ ရာဖာကို ဝင်လာ

အစပိုင်းမှာပဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က မခိုင်မာဘူး၊ ပျက်ဖို့ လွယ်တာကို တွေ့ရပါတယ်။

အပစ်အခတ်ရပ်စဲရေးက သဘောတူထားတာထက် ၃ နာရီနောက်ကျပြီးမှ ဖြစ်လာခဲ့ပြီး အဲဒီနောက်ကျသွားတဲ့ ကာလအတွင်းမှာ အစ္စရေးက အကြမ်းဖက် ပစ်မှတ်လို့ ဆိုကာ လေကြောင်းက တိုက်ခိုက်တဲ့အတွက် သေသွားတဲ့ ပါလက်စတိုင်းက ၁၉ ယောက်ရှိတယ်လို့ ဆိုနေကြပါတယ်။

နေ့လယ်ပိုင်းမှာ ဒါးစာခံ အမျိုးသမီး ၃ ယောက် အစ္စရေးကို ပြန်ရောက်လာကြပါတယ်။ သီတင်းပတ် ၆ ပတ် အတွင်း ဒါးစာခံ ၃၃ ယောက် လွှတ်မယ်ဆိုတဲ့ အထဲက ပထမဆုံး အသုတ်ပါ။

ဒါပေမဲ့ ဂါဇာက ပြည်သူတွေကတော့ အပစ်အခတ်ရပ်စဲရေး တခါထပ်ပြီး ကျိုးပျက်သွားမှာကို ကြောက်ရွံ့နေကြပါတယ်။