ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လက်နက်ဝယ် အဂတိမှုကြီးတစ်ခုကို ဖော်ထုတ်နိုင်ပြီလို့ ယူကရိန်းပြော
ယူကရိန်းစစ်တပ်က ပြုလုပ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ သန်း ၄၀ နီးပါးတန် လက်နက်ဝယ်ယူမှုတစ်ခုမှာ အဂတိလိုက်စားမှုကို ဖော်ထုတ်နိုင်ပြီလို့ ယူကရိန်း ထောက်လှမ်းရေးနဲ့လုံခြုံရေးဌာန (အက်စ်ဘီယူ)က ပြောလာပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနထဲက ထိပ်တန်းအရာရှိ ၅ ဦးနဲ့ လက်နက်ထောက်ပို့သူတစ်ဦးကို စုံစမ်း စစ်ဆေးနေပြီလို့လည်း အက်စ်ဘီယူက ဆိုပါတယ်။
ကာကွယ်ရေးဌာနအရာရှိတွေဟာ စိန်ပြောင်းဗုံးသီး အလုံးရေ တစ်သိန်းအတွက် စာချုပ်ချုပ်ဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီအတွက် ပြည်ပကနေတဆင့် ငွေအချို့ပေးချေတာအပါအဝင် ကြိုတင်ငွေပေးတာတွေပြုလုပ်ခဲ့ပေမဲ့ လက်နက်တွေဟာ ရောက်မလာခဲ့ဘူးလို့လည်း အက်စ်ဘီယူက ပြောပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ယူကရိန်းရဲ့ အားထုတ်မှုမှာ အဂတိလိုက်စားမှုပြဿနာက အဟန့်အတားတွေထဲက အဓိက တစ်ခုဖြစ်နေတာပါ။
အက်စ်ဘီယူကတော့ စုံစမ်းစစ်ဆေးမှုတစ်ခုအတွင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတွေကို ‘‘ဖော်ထုတ်နိုင်ခဲ့’’ သလို ‘‘စိန်ပြောင်းဗုံးသီးတွေဝယ်ယူရာမှာ ယူကရိန်းငွေ hryvnia ၁.၅ ဘီလျံနီးပါး ခိုးယူခဲ့တဲ့’’ လဗစ် အာဆင်နယ်က လက်နက်ထောက်ပံ့ရေး မန်နေဂျာတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။
‘‘စုံစမ်းစစ်ဆေးမှုအရဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်မြင့် အရာရှိဟောင်းတွေနဲ့ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေ၊ ကုမ္ပဏီတွေနဲ့ ဆက်နွှယ်တဲ့ခေါင်းဆောင်တွေဟာ အဲဒီအဂတိလိုက်စားမှုမှာ ပါဝင်ပတ်သက်နေတယ်’’ လို့ အက်စ်ဘီယူက ထုတ်ပြန်ပါတယ်။
စိန်ပြောင်းဗုံးသီးတွေဝယ်ယူတဲ့စာချုပ်ဟာ ရုရှားက ယူကရိန်းကို အင်အားပြည့်ကျူးကျော်မှု စတင်ပြီး ၆ လအကြာမှာ ချုပ်ဆိုခဲ့တာဖြစ်ပေမဲ့ ‘‘စိန်ပြောင်းဗုံးသီး တစ်လုံးတောင်မှ’’ ရောက်မလာခဲ့ဘူးလို့လည်း ဆိုပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု သံသယရှိခံရသူတွေထဲက တစ်ဦးကတော့ ယူကရိန်းနိုင်ငံထဲကနေ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် လက်ရှိမှာ ထိန်းသိမ်းထားတယ်လို့လည်း ယူကရိန်း ထောက်လှမ်းရေးနဲ့လုံခြုံရေးအဖွဲ့က ပြောပါတယ်။
ယူကရိန်းအစိုးရရှေ့နေအကြီးအကဲကတော့ ခိုးယူခံလိုက်ရတဲ့ရန်ပုံငွေတွေကို သိမ်းဆည်းထားလိုက်ပြီဖြစ်ပြီး နောက်ပိုင်းမှာ ကာကွယ်ရေးအသုံးစရိတ်ထဲကို ပြန်ရောက်မယ်လို့ ပြောပါတယ်။
ယူကရိန်းမှာ အဂတိလိုက်စားမှုနဲ့ဆက်နွှယ်တဲ့ပြဿနာတွေရှိနေတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးကတော့ ၂၀၁၉ ခုနှစ်မှာ သမ္မတ တာဝန် စတင်ထမ်းဆောင်တဲ့အခါ သူ့လက်ထက် ပထမဆုံးဦးစားပေးလုပ်ဆောင်မယ့် ကိစ္စတွေထဲက တစ်ခုဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလို့ ပြောခဲ့ပါတယ်။
ယူကရိန်းကို အကူအညီတွေ ထပ်မံပေးပို့မယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အားထုတ်မှုတွေကို ရီပတ်ပလစ်ကန်အမတ်တွေက ကန့်ကွက်မှုတွေရှိနေချိန်မှာပဲ ယူကရိန်းက အခုလို အဂတိမှု စွပ်စွဲချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
သြဂုတ်လတုန်းကတော့ သမ္မတ ဇလန်းစကီးဟာ စစ်မှုမထမ်းမနေရဥပဒေအောက်မှာ လူအချို့ကို ကင်းလွတ်ခွင့်ပေးခဲ့မှုနဲ့ စစ်မှုမထမ်းမနေရ အသက်ဝင်ရေးကို တာဝန်ယူထားတဲ့ အရာရှိတွေအားလုံးကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
နိုင်ငံတကာပွင့်လင်းမြင်သူမှုဆိုင်ရာသုတေသနအဖွဲ့ Transparency International ရဲ့ အဂတိလိုက်စားမှုဆိုင်ရာအမြင်သဘောထားညွှန်းကိန်းမှာ ဆိုရင် ယူကရိန်းဟာ နိုင်ငံပေါင်း ၁၈၀ မှာ ၁၁၆ နေရာမှာ ရှိနေပါတယ်။
ဒါပေမဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအားထုတ်မှုတွေကတော့ အပြောင်းအလဲအဖြစ် မြင်လာရပါတယ်။ ယူကရိန်းဟာ Transparency International ရဲ့ သတ်မှတ်ချက်မှာ အဂတိလိုက်စားမှု ကျဆင်းလာတဲ့ နိုင်ငံ ၁၀ နိုင်ငံထဲမှာပါဝင်ပြီး ၁၀ နှစ်အတွင်းမှာ အဂတိတိုက်ဖျက်နိုင်တဲ့ကမ္ဘာ့နိုင်ငံတွေထဲ ၂၈ နေရာအထိ ရောက်လာပါတယ်။