ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘောလီးဝုဒ် ရုပ်ရှင်ကားတွေ ဘာကြောင့် ကျားမခွဲခြားပြီး ခေတ်နောက်ပြန်ဆွဲနေတာလဲ
အိန္ဒိယရဲ့ လူသိများတဲ့ ဘောလီးဝုဒ်ရုပ်ရှင်လုပ်ငန်းကို အမျိုးသားတွေ ကြီးစိုးတဲ့ ကမ္ဘာအဖြစ် မြင်ကြပါတယ်။
ဒီအကြောင်းကို ဆွေးနွေးနေတာလည်း အချိန်အတော်ကြာနေပါပြီ။ အခုတော့ ဖန်သားပြင်မှာရော ဖန်သားပြင်နောက်ကွယ်က ဒီလုပ်ငန်းအတွင်းမှာ ကျားမ တန်းတူညီမျှမှု ဘယ်လောက်ထိ နည်းနေသလဲဆိုတာ လေ့လာသုတေသနပြုခဲ့ကြပါတယ်။
ဒေါ်လာ ၂.၁ ဘီလျံ တန်ကြေးရှိတဲ့ ဒီလုပ်ငန်းက နှစ်စဥ် ရုပ်ရှင်ဇာတ်ကား ရာနဲ့ချီ ထုတ်လုပ်နေပါတယ်။ ကမ္ဘာတဝန်းမှာလည်း ပရိသတ် အများကြီးရနေပါတယ်။
ရုပ်ရှင်ဇာတ်ကားတွေနဲ့ သရုပ်ဆောင်ကြယ်ပွင့်တွေရဲ့ ပရိသတ်အပေါ် လွှမ်မိုးမှုက လျှော့တွက်လို့ မရပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်တွေက စပြီး ဘောလီးဝုဒ် ဇာတ်ကားတွေက ခေတ်နောက်ပြန်ဆွဲတာ၊ ကျားမ ဖြစ်တည်မှုအပေါ် ဘက်လိုက်တာနဲ့ မိန်းမတွေအပေါ် မုန်းတီးတာတွေကို အားပေးရာ ရောက်တယ် ဆိုပြီး ဝေဖန်ခံနေရပါတယ်။
ဟင်ဒီရုပ်ရှင်တွေမှာ အမျိုးသားတွေက ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ချုပ်ကိုင်ထားလဲ ဆိုတာကို မွမ်ဘိုင်းမှာရှိတဲ့ တာတာ အင်စတီကျူ လူမှုရေးသိပ္ပံ ဌာန (Tiss)က သုတေသီတွေရဲ့ ပထမဆုံး လေ့လာမှုမှာ တိုင်းတာဖို့ ကြိုးစားပါတယ်။
ကိုဗစ် ကပ်ရောဂါ မဖြစ်ခင် ၂၀၁၉ ခုနှစ်က အောင်မြင်ခဲ့တဲ့ ရုပ်ရှင် ၂၅ ကား၊ ၂၀၁၂ကနေ ၂၀၁၉ ခုနှစ်အတွင်း အမျိုးသမီးတွေကို ဗဟိုပြုတဲ့ ရုပ်ရှင် ၁၀ ကားကို သုတေသနလုပ်ဆောင်ရာမှာ သူတို့က ရွေးချယ်ခဲ့ပါတယ်။
ဒီအချိန် အပိုင်းအခြားကို ရွေးချယ်ရတဲ့ အကြောင်းအရင်းက ၂၀၁၂ ခုနှစ်မှာ ဒေလီမြို့ပေါ်က ဘတ်စကားတခုပေါ်မှာ အမျိုးသမီးကျောင်းသူ တစ်ဦးကို အုပ်စုလိုက် အဓမ္မကျင့်ခဲ့ပြီးတဲ့နောက် ရုပ်ရှင်ဇာတ်လမ်းတွေ ပြောင်းလဲသွားတာ ရှိမရှိ တွေ့ရဖို့ ဖြစ်ပါတယ်။
ဒီအုပ်စုလိုက် အဓမ္မကျင့်ခဲ့ပြီးတဲ့နောက် အမျိုးသမီး အပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေကို အရေးယူဖို့ တင်းကျပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့ပြီး ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အုတ်အော် သောင်းနင်းတွေ ဖြစ်ခဲ့ပါတယ်။
သုတေသန ပြုလုပ်ဖို့ ရွေးချယ်ထားတဲ့ ဇာတ်ကားတွေထဲမှာ War၊ Kabir Singh၊ Mangal၊Dabangg3၊ Housefull4နဲ့ Article 15တို့လို အောင်မြင်တဲ့ ဇာတ်ကားတွေ ပါဝင်ပါတယ်။
ဒါ့အပြင် Raazi၊ Queen၊ Lipstick Under My Burkhaနဲ့ Margarita တို့လို အမျိုးသမီးတွေကို ဗဟိုပြုတဲ့ ဇာတ်ကားတွေထဲလည်း ရွေးချယ်ထားပါတယ်။
မင်းသားတွေ သရုပ်ဆောင်တဲ့ အလုပ်အကိုင် အမျိုးအစားကို စိစစ်ဖို့ ရုပ်ရှင်ထဲက ဇာတ်ကောင် ၂၀၀၀ ကို သုတေသီတွေက လေ့လာခဲ့ပါတယ်။
လိင်နဲ့ဆိုင်တဲ့ ပုံသေကားကျ သတ်မှတ်မှုတွေ၊ သဘောတူညီချက် ရယူတာတွေ၊ ကိုယ်လက်ရင်းနှီးမှုတွေနဲ့ အနိုင်ကျင့်တာတွေ စတဲ့ တခြား သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့လည်း ဇာတ်ကားတွေကို စိစစ်ခဲ့ကြပါတယ်။
ဒါ့အပြင် LGBTQ+နဲ့ မသန်စွမ်း ဇာတ်ကောင် အရေအတွက်နဲ့ သူတို့ကို ဘယ်လို ပုံဖော်သလဲ ဆိုတာကို လေ့လာပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကားတွေအတွက် အမျိုးသမီး ဘယ်လောက် နောက်ကွယ်ကနေ အလုပ်လုပ်နေသလဲဆိုတာကိုပါ လေ့လာပါတယ်။
အမျိုးသမီးတွေကို ဗဟိုပြုတဲ့ ရုပ်ရှင်တွေက အပြုသဘောဆောင်တယ်လို့ ကောက်ချက်ချခဲ့ပါ တယ်။ ဒါပေမဲ့ အောင်မြင်တဲ့ ဇာတ်ကားတွေက လိင်ပိုင်းဆိုင်ရာ ခွဲခြားမှုတွေနဲ့ ခေတ်နောက် ပြန်ဆွဲနေသလို အမျိုးသမီးတွေ၊ လိင်တူချင်း သဘောကျတဲ့သူတွေကို ကိုယ်စားပြုမှုတွေက အလွန်ဆိုးရွားနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။
ဥပမာအားဖြင့် သူတို့လေ့လာခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ ၇၂ ရာခိုင်နှုန်းသော ဇာတ်ကောင်တွေက အမျိုးသားတွေဖြစ်ပြီး အမျိုးသမီး ၂၆ ရာခိုင်နှုန်းနဲ့ လိင်တူချင်းကြိုက်တဲ့ မင်းသား ၂ ရာခိုင်နှုန်း ပါဝင်တာကို စိစစ် တွေ့ရပါ တယ်။
ဒီလေ့လာမှုကို ဦးဆောင်တဲ့ ပါမောက္ခ လက်ချ်မီး လင်ဂမ်က ဘောလီးဝုဒ်မှာ အမျိုးသားတွေက ကြီးစိုးထားတယ်လို့ ပြောပါတယ်။
အမျိုးသမီးတွေကို အင်မတန်အားကြီးတဲ့ ဇာတ်ကောင်နေရာထားရင် မကြိုက်ကြဘူးလို့ ရုပ်ရှင်ထုတ်လုပ်သူတွေက ပြောပါတယ်။
“ဇာတ်လမ်းကို ဖိုကြီးစိုးရေး အယူအဆ အတွေးအခေါ်က လွှမ်းမိုးနေပြီး ဒါကပဲ ငွေရတယ်လို့ ယုံကြည်တာကြောင့် မတူကွဲပြားအောင် အနည်းငယ်ပဲ ကြိုးစားခဲ့ကြပါတယ်”လို့ သူက ဘီဘီစီကို ပြောပါတယ်။
ဒါကြောင့်လည်း ဒီပုံသေနည်းကို သူတို့က ဆုပ်ကိုင်ထားတယ်လို့ ဆိုပါတယ်။
“အဓိက ဇာတ်ကောင်တွေက ဇာတ်မြင့်တဲ့ အသိုင်းအဝိုင်းက အမျိုးသားဖြစ်ပြီးတော့ အမျိုးသမီးတွေဆိုရင် ပိန်ပိန်ပါးပါးနဲ့ လှရမယ်၊ ရှက်ကြောက်ပြီး အနေအထိုင် ပိပြား ဣန္ဒြေကြီးရမယ်၊ သူ့ရဲ့ ဆန္ဒကို နှုတ်နဲ့ မပြောဘဲ အမူအရာနဲ့ ပြရမယ်၊ ဒါပေမဲ့ အဝတ်အစားက လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိတဲ့ ပုံစံဝတ်ရမယ်၊ တခါတလေမှာ ထုံးထမ်းစဥ်လာကို ချိုးဖောက်တဲ့ ခေတ်မီတဲ့သူမျိုး ဖြစ်နေရမယ်” လို့ သူက ပြောပါတယ်။
ဖန်သားပြင်ပေါ်က ဇာတ်ကောင်တွေရဲ့ အလုပ်အကိုင်ကိုလည်း ကျားမဆိုင်ရာ အမြင်နဲ့ ကြည့်ထား တယ်လို့လည်း ပါမောက္ခ လင်ဂမ်က ပြောပါတယ်။
ရုပ်ရှင်ထဲမှာ အမျိုးသမီး ၄၂ ရာခိုင်နှုန်းက သမားရိုးကျ အလုပ်တွေကို အလုပ်လုပ်ကိုင်ကြတယ်လို့ တွေ့ရပါတယ်။ ဒါဟာ အိန္ဒိယရဲ့ အမှန်တကယ် အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီး ၂၅.၁ ရာခိုင်နှုန်း ထက်ပိုမြင့်နေတယ်လို့ ဆိုပါတယ်။
“အမျိုးသား ၁၀ ယောက်ထဲက ၉ ယောက်က ဆုံးဖြတ်ချက်ချရတဲ့နေရာ ဖြစ်တဲ့ စစ်တပ်အရာရှိ၊ ရဲအရာရှိ၊ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်နေရာတွေမှာ ထားပါတယ်။ အမျိုးသမီးတွေကိုတော့ ဆရာဝန်၊ သူနာပြု၊ ဆရာမ၊ သတင်းထောက်နေရာမှာ ထားပေမဲ့ ၁၀ ယောက် ၁ ယောက်ကပဲ ဆုံးဖြတ်ချက် ချတဲ့ နေရာမှာ ထားပါတယ်” လို့ သူက ပြောပါတယ်။
LGBTQ+ဇာတ်ကောင်တွေနဲ့ ပတ်သက်ပြီး သရုပ်ဖော်တာကလည်း ပြဿနာ ရှိနေတယ်လို့ လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။ သူတို့ကို ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ မထားသလို လိင်ပိုင်းဆိုင်ရာ အရ လှောင်စရာ ဟားစရာနေရာမှာ ထားတယ်လို့ ဆိုပါတယ်။
တခြား ဇာတ်ကောင်တွေနဲ့ ယှဥ်ရင် မသန်စွမ်းဇာတ်ကောင်က ၀.၅ ရာခိုင်နှုန်းလောက်သာ ပါဝင်ပြီး သူတို့ကို ကိုယ်ချင်းစာစိတ်ရှိဖို့နဲ့ ရွှင်မြူးဖွယ်ဖြစ်ဖို့ အသုံးပြုထားတာ ဖြစ်ပါတယ်။
“ဒါတွေက လက်ရှိအခြေအနေကို ပြနေတယ်လို့ ရုပ်ရှင် ထုတ်လုပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ တခြား ဖြစ်ပျက်နေတဲ့ အခြေအနေကို သူတို့ မပြကြပါဘူး၊ တကယ့်အဖြစ်အပျက်နဲ့ စိတ်ကူးယဥ် ဇာတ်လမ်းတွေကို ရောပြီး အဖြစ်အပျက်တွေ ဒီလိုတွေ ဖြစ်ပျက်နေတယ်ဆိုပြီး ရိုက်ပြထားကြတာပါ” လို့ ပါမောက္ခ လင်ဂမ်က ပြောပါတယ်။
ရုပ်ရှင်ထဲမှာ မြင်ရတာတွေက အပြင်မှာလည်း လွှမ်းမိုးနေတာကြောင့် အမျိုးသမီးတွေနဲ့ လိင်တူချင်းချစ်တဲ့သူတွေကို ဒီနယ်ပယ်မှာ သရုပ်ဖော်တာကို ပြောင်းလဲရမယ်လို့လည်း သူက ပြောပါတယ်။
“အိန္ဒိယမှာ အိမ်တွေနဲ့ ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာပညာပေးနဲ့ တဦးတယောက်ရဲ့ စိတ်ဆန္ဒဆိုတာတွေနဲ့ ပတ်သက်ပြီး မသင်ပေးပါဘူး၊ ကျွန်မတို့ အားလုံးရဲ့ တုံ့ပြန်မှုက စာအုပ်တွေနဲ့ ရုပ်ရှင်တွေထဲက လွှမ်းမိုးနေပါတယ်” လို့သူက ပြောပါတယ်။
Kabir Singh ရုပ်ရှင်မှာ အမျိုးသားက မင်းသမီးကို ရည်းစားစကားပြောဖို့ အတင်း နှောင့်ယှက်ခဲ့တာတွေကို ပြသထားတာက ပြဿနာရှိတယ်လို့လည်း ဆိုပါတယ်။
“ဒါက အဆိပ်အတောက်ဖြစ်နေတဲ့ ဖိုသဘာဝကို ပုံမှန်လိုပဲလို့ဖြစ်အောင်လုပ်ထားတာပါ။ ဒါကြောင့် လမ်းပေါ်မှာ အမျိုးသမီးတယောက်ကို နှောင့်ယှက် စော်ကားနေရင် လူတိုင်းက ဒါက ဖြစ်နေကြပဲလို့ ပြောပါလိမ့်မယ်၊ ဒါကို မဆန့်ကျင်ကြပါဘူး”လို့ သူက ပြောပါတယ်။
Mission Mangal တို့လို ပုံစံခွက်ထဲကနေ ခွဲထွက်တဲ့ ဇာတ်ကားတွေက နည်းနည်းပဲ ရှိတယ်လို့ ပါမောက္ခ လင်ဂမ်က ထောက်ပြပါတယ်။
ဒီဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး ဗီယဗေလန်က အလုပ်ကိုပဲ အာရုံစိုက်ပြီး မိသားစုကို မေ့နေတာကို သူ့ယောက်ျားက ၀ေဖန်တဲ့အခါ ကလေးတွေအတွက် သူ့မှာလည်း တာဝန်မရှိဘူးလားဆိုပြီး ယောကျ်ားကို ပြန်မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
Queen နဲ့ Lipstick Under my Burkhaတို့လို ဇာတ်ကားတွေက မင်းသမီးတွေ ဦးဆောင်တဲ့ လက်ချိုးရေလို့ရတဲ့ ဇာတ်ကားတွေဖြစ်ပြီး ထက်မြက်သန်မာတဲ့ အမျိုးသမီး ဇာတ်ကောင်တွေကို အဓိကထားရိုက်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို ဇာတ်ကားအရေအတွက်က နည်းနည်းပဲရှိတယ်လို့ ဆိုပါ တယ်။
ရုပ်သံမီဒီယာတွေက လူ့အဖွဲ့အစည်းထဲကို အယူအဆတွေ ယူဆောင်လာပြီး ဆွေးနွေးစရာ ဖြစ်စေ တယ်လို့ ပါမောက္ခလင်ဂမ်က ပြောပါတယ်။ အပြောင်းအလဲက နေ့ချင်းညချင်း ဖြစ်မလာဘဲ ကြာတော့ပြောင်းသွားမယ်လို့ ဆိုပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါနဲ့ လော့ခ်ဒေါင်းက ရှေ့ဘယ်လို ဆက်ရမလဲ ပြခဲ့ပြီး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“လူ့အဖွဲ့အစည်းထဲမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေက အများကြီးရှိပါတယ်။ လူတွေက ဒါနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ကြပါတယ်။ ဒါတွေကို သရုပ်ဖော်ဖို့ မတူညီတဲ့ အကြောင်းအရာတွေကို လူတွေက ထုတ်လုပ်နေပါတယ်။ အင်တာနက်ပလက်ဖောင်းမှာလည်း တကယ်ကောင်းတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေ အများကြီး ရှိပါတယ်” လို့ သူက ပြောပါတယ်။
တခြားတဖက်မှာတော့ ဘောလီးဝုဒ်ရဲ့ ပုံသေနည်းက ရေရှည်မှာ အလုပ်မဖြစ်တော့ပါဘူး။
“နာမည်ကြီးတွေဖြစ်တဲ့ ဆယ်မန်ခမ်း ၊ အက်ရှေး ကူးမားတို့ ဦးဆောင် ပါဝင်ထားတဲ့ အမျိုးသားတွေ ကြီးစိုးတဲ့ အကြမ်းပတမ်း ရုပ်ရှင်အများစုက အောင်မြင်ပါ တယ်။ ရှရွတ်ခန်း ရဲ့ Pathaan ဇာတ်ကားကတော့ ချွင်းချက်လို့ ပြောလို့ရပါ တယ်။
ဒီအယူအဆ အတွေးအခေါ်တွေကို ဒီလုပ်ငန်းက ပြန်လည် သုံးသပ်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။
“ပရိသတ်အများစုက အမျိုးသားတွေဖြစ်တယ်လို့ သမားရိုးကျ တွေးကျတာကြောင့် ရုပ်ရှင်ကို သူတို့အတွက် ဦးတည် ထုတ်လုပ်ပါတယ်။ ဒီလို ရုပ်ရှင်တွေ မထုတ်နဲ့လို့ ကျွန်မတို့ မပြောပါဘူး၊ ဒါပေမဲ့ မတူတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ထုတ်ဖို့ပြောချင်တာပါ။” လို့ ဆိုပါတယ်။
ဘောလီးဝုဒ်မှာ အမျိုးသားတွေ ဘာကြောင့် ကြီးစိုးနေတဲ့ အကြောင်းတစ်ခု ဒီလုပ်ငန်းထဲမှာ ဖန်သားပြင် နောက်ကွယ်မှာ အလုပ်လုပ်တဲ့ အမျိုးသမီးက နည်းနည်းပဲရှိလို့ဖြစ်တယ်လို့ ဆိုပါတယ်။
ရုပ်ရှင် ထုတ်လုပ်တဲ့ ဌာနတွေမှာ အမျိုးသား ၂၆,၃၀၀ လုပ်ကိုင်နေပေမဲ့ အမျိုးသမီးက ၄,၁၀၀ ပဲ အလုပ်လုပ်နေတယ်ဆိုတာ Tissက တွေ့ရှိခဲ့ပါတယ်။
‘’မတူကွဲပြားတဲ့ ပရိသတ်တွေအတွက် မတူကွဲပြားတဲ့ လူတွေက ရုပ်ရှင်တွေကို ထုတ်လုပ်တယ်ဆိုရင် ဇာတ်လမ်းတွေကလည်း မတူကွဲပြားတာတွေ ဖြစ်လာမှာပါ” လို့ ပါမောက္ခ လင်ဂမ်က ပြောပါတယ်။