ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ DPP ပါတီသမ္မတလောင်း အနိုင်ရ-ဇန်နဝါရီလ ၁၃ ရက်ညပိုင်းသတင်းများ

ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲမှာ အစိုးရ DPP ပါတီရဲ့ သမ္မတလောင်း ဝီလျံ လိုင်းက ထောက်ခံမဲအများဆုံးရသွားခဲ့ပြီး ဒါဟာ သူ့ကို မဲမပေးကြဖို့ တရုတ်အစိုးရရဲ့ သတိပေးချက်ကို ထိုင်ဝမ် မဲဆန္ဒရှင်ပြည်သူတွေက ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြလိုက်တာ ဖြစ်ပါတယ်။

ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ်ပြည်သူတွေကသာ အဆုံးအဖြတ်ပေးနိုင်မှာ ဖြစ်တယ်လို့ DPP ပါတီက ပြောပါတယ်။

ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ တရုတ်အစိုးရကရော ထိုင်ဝမ်ရဲ့ အကြီးဆုံး မဟာမိတ်နိုင်ငံဖြစ်တဲ့ အမေရိကန်ကပါ ထိုင်ဝမ် သမ္မတ ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။

သူ့ကို ထောက်ခံအားပေးသူတွေကို မိန့်ခွန်းပြောစဉ် မစ္စတာ ဝီလျံလိုင်က တရုတ်အစိုးရနဲ့ အပြန်အလှန် ထိပ်တိုက်ရင်ဆိုင်မယ့်အစား တွေ့ဆုံဆွေးနွေးတဲ့နည်းကို အသုံးပြုသွားမယ်လို့ ကတိပေး ပြောသွားခဲ့ပါတယ်။

မစ္စတာ ဝီလျံ လိုင် အနိုင်ရသွားတာဟာ DPP ပါတီအနေနဲ့ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ မကြုံစဖူး ၃ ကြိမ်မြောက် ဆက်တိုက် အနိုင်ရမှာ ဖြစ်ပြီး ဒါဟာ တရုတ်အစိုးရအတွက် စိတ်အနှောင့်အယှက် ဖြစ်လာစေမှာဖြစ်ပါတယ်။

ဟူသီသူပုန် ပစ်မှတ်တစ်ခုကို အမေရိကန် ထပ်မံတိုက်ခိုက်

ယီမန်နိုင်ငံမှာရှိတဲ့ ဟူသီသူပုန်တွေကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက လေကြောင်းတိုက်ခိုက်မှုတွေ အများအပြား လုပ်ခဲ့အပြီး တစ်ရက်အကြာမှာပဲ ဟူသီသူပုန် ပစ်မှတ်တစ်ခုကို အမေရိကန်စစ်တပ်က နောက်ထပ် တိုက်ခိုက်ခဲ့ပါတယ်။

ဟူသီသူပုန်တွေ အသုံးပြုတဲ့ ရေဒါစခန်းတစ်ခုကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာလို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ အီရန်ထောက်ခံအားပေးတဲ့ အဲဒီဟူသီသူပုန်တွေဟာ ယီမန်နိုင်ငံက နေရာအများစုကို ထိန်းချုပ်ထားပြီး ပင်လယ်နီတွင်း သွားလာနေတဲ့ နိုင်ငံတကာ သင်္ဘောတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဟူသီသူပုန်တွေကတော့ သူတို့အခုလို တိုက်ခိုက်တာဟာ ဂါဇာမှာ ဟားမတ်စ်အဖွဲ့အပေါ် အစ္စရေးက စစ်ဆင်နွှဲနေတာကို တုံ့ပြန်လက်စားချေတဲ့အနေနဲ့ လုပ်တာလို့ ဆိုပါတယ်။

အမေရိကန်ဗဟို စစ်ကွပ်ကဲရေးဌာနက အခုပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ စစ်သင်္ဘောတစ်စင်းပေါ်ကနေ တိုမာဟော့ခ် မြေပြင်မစ်ဆိုင်းဒုံးတွေ အသုံးပြု ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ထုတ်ဖော်ပြောပါတယ်။

အရေးပါတဲ့ ပင်လယ်နီ ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှာရှိတဲ့ သင်္ဘောတွေအပေါ် ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်နေမှုတွေ လျော့ကျသွားအောင် သောကြာနေ့က စတင်ခဲ့တဲ့ တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့တိုက်ခိုက်မှုဟာ အဲဒီရဲ့ နောက်ဆက်တွဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂါဇာဒေသကို အစ္စရေးစစ်တပ် တစ်ညလုံး ဗုံးကြဲတိုက်ခိုက်

အစ္စရေးစစ်တပ်က ဂါဇာဒေသမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ မနေ့ညက တစ်ညလုံး လုပ်ခဲ့ရာမှာ လူနေထူထပ်တဲ့ တောင်ပိုင်းက ခန်းယူနစ်စ်နဲ့ ရာဖားမြို့တွေမှာ အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။

ဂါဇာဒေသဘက်ကလည်း အစ္စရေးနိုင်ငံတောင်ပိုင်းထဲကို ရော့ကက်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်း ၁၃၅ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာဒေသမှာရှိတဲ့ ဟားမတ်စ်လက်အောက် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

မနေ့ညက ဓားတွေ၊ သေနတ်တွေ၊ ပုဆိန်တွေ ကိုင်ဆောင်ပြီး အနောက်ဘက်ကမ်းဒေသက ဂျူးအခြေစိုက်စခန်းတစ်ခုထဲကိုဝင်ရောက်ဖို့ ကြိုးစားခဲ့သူ ပါလက်စတိုင်း ၃ ဦးကို ပစ်သတ်ချေမှုန်းနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အဲဒီထဲက နှစ်ဦးမှာ တစ်ဦးက ၁၆ နှစ်အရွယ်နဲ့ နောက်တစ်ဦးက ၁၉ နှစ်အရွယ် လူငယ်လေးတွေ ဖြစ်တယ်လို့ ပါလက်စတိုင်း အစိုးရသတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

အိန္ဒိယအတိုက်အခံ ညွန့်ပေါင်းပါတီက ဥက္ကဋ္ဌသစ် ရွေးချယ်တင်မြှောက်

အိန္ဒိယနိုင်ငံမှာ မကြာခင် ကျင်းပမယ့် ပါလီမန် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြရာမှာ အတိုက်အခံ နိုင်ငံရေးပါတီ ၁၄ ခုက သူတို့ရဲ့ ညွန့်ပေါင်းပါတီအတွက် ဥက္ကဋ္ဌသစ်ကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။

အခု ရွေးချယ်တင်မြှောက်ခံခဲ့ရသူဟာ အဓိကအတိုက်အခံ ကွန်ဂရက်စ်ပါတီရဲ့ ဥက္ကဋ္ဌ မယ်လီကာဂျွန် ခါ့ဂျ် ဖြစ်ပါတယ်။

အတိုက်အခံ ညွန့်ပေါင်းပါတီအနေနဲ့ လက်ရှိအစိုးရ BJP ပါတီကို တစ်စည်းတလုံးတည်း ဘယ်လို ပူးပေါင်းဆန့်ကျင်ကြမလဲဆိုတာကို ဗီဒီယို ကောလ် အစည်းအဝေးတစ်ခုမှာ ဆွေးနွေးခဲ့စဉ် အခုလို ဥက္ကဋ္ဌသစ် ရွေးချယ် ဆုံးဖြတ်ခဲ့ကြတာလို့ သိရပါတယ်။

ရွေးကောက်ပွဲမှာ ထောက်ခံမဲ များနိုင်သမျှ အများဆုံး ရနိုင်ရေးအတွက် ဘယ်လို အမတ်နေရာအကွက်ချ မလဲဆိုတာကို အတိုက်အခံ ပါတီတွေ အကြား ညှိနှိုင်းရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။