ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင် နောက်ထပ် ၃ နှစ် ထပ်ချ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ် ရှိလာ
နောက်ထပ်ရင်ဆိုင်ဖို့ ငါးမှုထပ်မံကျန်ရှိ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုစီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံက အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ လာဘ်ယူတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီကစွဲဆိုခဲ့တဲ့ အဂတိအမှုနှစ်မှုအတွက် စုစုပေါင်း ထောင်ဒဏ် သုံးနှစ် ထပ်မံချမှတ်လိုက်ပါတယ်။
ဒီကနေ့မှာ အဂတိအမှု ၂ မှုအတွက်တစ်မှုကို ထောင်ဒဏ် ၃ နှစ်နဲ့ နှစ်မှု ၆ နှစ် ချမှတ်ခဲ့တာဖြစ်ပြီးတစ်ပေါင်းတည်းကျခံစေတဲ့အတွက် နောက်ထပ် ထောင်ဒဏ် ၃ နှစ် ကျခံရမှာဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆို စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်အထိ ရှိလာပြီဖြစ်ပြီးနောက်ထပ် အဂတိအမှု ငါးမှု ဆက်လက်ရင်ဆိုင်ဖို့ကျန်ရှိနေပါသေးတယ်။
ဒီကနေ့ချမှတ်တဲ့အမိန့်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့မှာအပြစ်မရှိကြောင်း မူလတည်းက ထွက်ဆိုထားတာဖြစ်ပြီး အမိန့်ကိုအယူခံ ဆက်တင်ဖို့ ရှိတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။
ဒီကနေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ ထောင်ဝင်စာပစ္စည်းတချိုု့ ပေးအပ်ခွင့်ရကြောင်း လည်း သိရပါတယ်။
ဒီအမှုနှစ်မှုနဲ့ပတ်သက်လို့ ပြောရရင် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ရဲ့ ထွက်ဆိုချက်ဗီဒီယိုဖိုင်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရုပ်သံတွေကနေ ထုတ်ပြန်ခဲ့ပါတယ်။အဲဒီဗီဒီယိုထွက်ဆိုချက်မှာ ဦးမောင်ဝိတ်က ၂၀၁၈ ခုနှစ်မေလမှာ ဒေါ်လာ ၁ သိန်းကို ဦးကျော်ဆန်း၊ ဦးလှမျိုးမိသားစုရှေ့မှာပဲ ဦးမောင်ဝိတ်က ပေးအပ်ခဲ့တယ်လို့ ပြောပြီး အဲဒီငွေဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လှူဒါန်းတာလို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၁ သိန်းခွဲ၊ ၂၀၂၀ ဖေဖော်ဝါရီလမှာ ဒေါ်လာ ၅ သောင်း၊ ၂၀၂၀ ခုဧပြီလမှာ ဒေါ်လာ ၂ သိန်းခွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဦးမောင်ဝိတ်က တစ်ဦးချင်းတွေ့ဆုံပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစုစုပေါင်း ၄ သိန်းခွဲကို ၃ ကြိမ်ပေးအပ်မှုမှာ တခြားမျက်မြင်သက်သေမရှိဘူးလို့ဆိုပါတယ်။
ဒါပေမဲ့ စစ်ကောင်စီရဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း လှူဒါန်းငွေအဖြစ် အကြောင်းပြပြီး ပေးအပ်တဲ့ အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ (ငါးသိန်းငါးသောင်း) ကို လက်ခံရယူခဲ့တာကြောင့် အဂတိလိုက်စားမှုကျူးလွန်တယ်ဆိုပြီး အခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် ဒီအမှုနှစ်မှုကို မေလ ၁၀ ရက်နေ့မှာ စတင်စစ်ဆေးခဲ့ပြီး ဦးမောင်ဝိတ်ကိုယ်တိုင် သက်သေလာရောက်ထွက်ဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ စုစုပေါင်း အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခံထားရပြီး ရဟတ်ယာဥ်ငှားရမ်းခြင်းပြုပြင်ထိန်းသိမ်းခြင်းနဲ့ဝယ်ယူခြင်း တို့နဲ့ပတ်သက်ပြီး စစ်ကောင်စီက နောက်ထပ် အဂတိမှု ငါးမှုကို သမ္မတ ဦးဝင်းမြင့်၊ လူကယ်ပြန်ဝန်ကြီး ဦးဝင်းမြတ်အေး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဦးမင်းသူတို့နဲ့အတူ ဆက်လက်ရင်ဆိုင်ဖို့ရှိနေပါတယ်။
ဒီအမှုငါးမှုနဲ့ပတ်သက်လို့လည်း စစ်စရာ တရားလိုပြသက်သေတွေကျန်ရှိနေသေးပေမဲ့ စွဲချက်တင်သင့်မတင်သင့်အမိန့်ချဖို့ နှစ်ဖက်ရှေ့နေတွေဆီက လျှောက်လဲချက်ကိုမနေ့ အောက်တိုဘာ ၁၁ ရက်ရုံးချိန်းမှာ တရားရုံးကတောင်းခဲ့တယ်လို့ သိရတာကြောင့် ဒီအမှုတွေဟာလည်းမကြာခင်မှာ အပြီးသတ်အမိန့်ချနိုင်ဖွယ်ရှိလာနိုင်ပါတယ်။
အမှုတွေအားလုံးပြီးပြတ်သွားတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်မှာပဲဆက်ထားမလား၊ နေအိမ်အကျယ်ချုပ်ပြန်လည်ပို့ဆောင်မလားဆိုတာနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်ကတော့ သူတို့ရဲ့လုပ်ရပ်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့တုံ့ပြန်ပုံပေါ်မူတည်ပြီး ဆုံးဖြတ်သွားဖို့ရှိကြောင်းနဲ့ ဘယ်လိုဆက်လုပ်မယ်ဆိုတာပြောဖို့စောသေးကြောင်း ကုလအထူးသံ မစ္စနိုလင်းဟေဇာနဲ့ပြီးခဲ့တဲ့သြဂုတ်လအတွင်းမှာတွေ့ဆုံစဥ် ပြောကြားထားပါတယ်။