လားရှိုး - ဟိုတယ်တွေ ပစ်မှတ်ထား ဖောက်ခွဲခံနေရတဲ့မြို့

ဓာတ်ပုံ ရင်းမြစ်, CJ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့က CS ဟိုတယ်ရှေ့မှာ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး တစ်ဦးသေ ဆုံးကာ လေးဦး ဒဏ်ရာရခဲ့ပါတယ်။
ဆိုင်ကယ်မှာတွဲချိတ်ထားတဲ့ မိုင်းပေါက်ကွဲမှုဟာ CS ဟိုတယ်ကို ပစ်မှတ်ထားဖောက်ခွဲခံရတာလို့ ဟိုတယ်လုပ်ငန်းရှင် အသိုင်းအဝိုင်း နဲ့ ဒေသအာဏာပိုင်တွေက ဘီဘီစီကို ပြောပါတယ်။
‘’ သိန်းသုံးရာတောင်းတယ်။ မပေးရင် ဗုံးခွဲမယ် ခြိမ်းခြောက်တယ်။ တကယ်လည်း လာခွဲသွားတယ်’’ လို့ ဟိုတယ် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒီဖောက်ခွဲမှုဟာ လေးလအတွင်း လားရှိုးက ဟိုတယ်တွေ ခြောက်ကြိမ်မြောက် ပစ်မှတ်ထား တိုက်ခိုက်ခံရတာ လည်း ဖြစ်ပါတယ်။
ဆက်ကြေးတောင်းခံနေရတဲ့ ဟိုတယ်တွေ

ဓာတ်ပုံ ရင်းမြစ်, CJ
လက်နက်ကိုင်အဖွဲ့စုံ သွားလာလှုပ်ရှားနေကြတဲ့ လားရှိုးမှာ ဟိုတယ်တွေ ဆက်ကြေးတောင်းခံနေရတာ မထူးဆန်းတော့တဲ့ ကိစ္စ ဖြစ်ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အဖွဲ့တွေစုံလာပြီး ပိုအတင့်ရဲလာကြတယ် လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
‘’ သိန်းသုံးရာသာ တောင်းတယ်။ တောင်းတဲ့အဖွဲ့ နာမည်တောင် မသိရဘူး။ တောင်းတာ နှစ်ခါရှိပြီ။ မပေးတော့ အခုလို လာခွဲသွားတာပဲ’’ လို့ ဟိုတယ် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ဆိုင်ကယ်လာရပ်သွားတာကို မသင်္ကာတဲ့အတွက် လုံခြုံရေးက ဆိုင်ကယ်ကို သွားရွှေ့ပြီးတဲ့နောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီပေါက်ကွဲမှုကြောင့် ဟိုတယ်အနီးမှာရှိနေတဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး ဟိုတယ်လုံခြုံရေးတွေအပါအဝင် လေးဦး ဒဏ်ရာရခဲ့တယ် လို့ မြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက်ကလည်း နယူးအာရှဟိုတယ် လက်ပစ်ဗုံး အပစ်ခံရပြီး မပေါက်ကွဲခဲ့လို့ ဒီဖြစ်စဉ်ကို လူသိနည်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ က စလို့ လားရှိုးမှာရှိတဲ့ ဖူလီလိုက် ဟိုတယ်၊ Golden Hill ဟိုတယ်၊ Sunny ဟိုတယ်၊ နယူးအာရှဟိုတယ် နဲ့ CS ဟိုတယ် တွေအနီးမှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ခဲ့ပြီး ပစ်မှတ်ထားဖောက်ခွဲခံခဲ့ရတယ် လို့ လားရှိုးမြို့က စီးပွားရေးအသိုင်းအဝိုင်းက ယုံကြည်နေကြပါတယ်။
အဲဒီဟိုတယ်တွေထဲမှာ စီးပွားရေး အင်အားတောင့်တင်းတဲ့ ဖူလီလိုက် ဟိုတယ်က သိန်းထောင်ဂဏန်းအထိ ဆက်ကြေးတောင်းခံခဲ့ရပြီး မပေးတဲ့ အတွက် နှစ်ကြိမ်တိုင်တိုင် ပစ်မှတ်ထားဖောက်ခွဲခံရတယ်လို့ ဖူလီလိုက် ဟိုတယ် နဲ့ နီးစပ်သူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
လောက်ကိုင်မြို့အခြေစိုက် ဖူလီလိုက် လုပ်ငန်းစုဟာ ကိုးကန့်လုပ်ငန်းရှင်တွေ ပိုင်ဆိုင်ပြီး ဒေသတွင်းနိုင်ငံတွေအထိပါ စီးပွားရေးလုပ်ငန်းတွေရှိတဲ့ လုပ်ငန်းစု ဖြစ်ပါတယ်။
ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တဲ့ ဟိုတယ်တွေက တာဝန်ရှိသူတချို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တရားဝင်ဖြေကြားဖို့ ငြင်းဆန်ပါတယ်။
စစ်ကောင်စီဘက်ကလည်း လာရှိုးမြို့ပေါ်က လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ငွေတောင်းတာ ပစ်မှတ်ထားတိုက်ခိုက်ခံရတာတွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
မလုံခြုံတော့တဲ့ တပ်မြို့

ဓာတ်ပုံ ရင်းမြစ်, CJ
လားရှိုးမြို့ဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက်ရာ မြို့ဖြစ်ပြီး ရှမ်းပြည်(မြောက်ပိုင်း)တခွင်ကို ကွပ်ကဲပါတယ်။
ဒါပေမဲ့ လားရှိုးမြို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တာဝန်မယူနိုင်လို့ မြို့ခံတွေက စိတ်ပျက်နေကြပါတယ်။
စက်တင်ဘာလထဲမှာပဲ လားရှိုးကိုရောက်ခဲ့တဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ ကျည်ကာကားကို အသုံးပြုခဲ့တာက လားရှိုးရဲ့လုံခြုံရေးကို တစိတ်တဒေသ လှစ်ဟပြနေပါတယ်။
လားရှိုးမှာ ပြန်ပေးဆွဲမှုတွေ နဲ့ လူသတ်မှုပါ ကျူးလွန်တဲ့ လုယက်မှုတွေကြောင့် လုပ်ငန်းရှင်တချို့ဟာ မြို့ကိုစွန့်ခွာသွားကြပြီလို့ လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းက လားရှိုးမြို့ရဲ့ အလယ်အလတ်တန်းစား လုပ်ငန်းရှင်သုံးယောက် တပြိုင်တည်း ပြန်ပေးဆွဲခံရမှုက မြို့ ခံလုပ်ငန်းရှင်တွေကို ထိတ်လန့်တကြား ဖြစ်စေခဲ့ပါတယ်။
‘’လားရှိုးမှာက ခြိမ်းခြောက်တဲ့အတိုင်းလည်း တကယ်လုပ်တော့ လုပ်ငန်းရှင်တွေက စိုးရိမ်ကြတယ်’’ လို့ မြို့ခံတစ်ဦးကပြောပါတယ်။
လုပ်ငန်းရှင်တွေပြန်ပေးဆွဲခံရပြီး သိန်းရာထောင်ချီအတောင်းခံသလို လားရှိုးက သာမန် လက်လုပ်လက်စားတွေလည်း မလုံခြုံကြပါဘူး။
လားရှိုးမှာ စက်တင်ဘာ ၁၈ ရက်ညက ဖြစ်ခဲ့တဲ့ ဖုန်းနဲ့ဆိုင်ကယ် လုယက်ခံရမှုတစ်ခုမှာ လုယက်ခံရသူဟာ ခေါင်းကိုပါ ဓားနဲ့အခုတ်ခံခဲ့ရတယ် လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
‘’သူတို့ကို ဓားခုတ်ကောင်လို့ ခေါ်တယ်၊ ဆေးသမားတွေ၊ လုတယ်၊ တောင်းတာမပေးရင် ခုတ်တယ်’’ လို့ အဲဒီမြို့ခံက ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က လားရှိုးမြို့မစျေးထဲက ဇွဲထက် ရွှေဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်းတစ်ဦး သေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
လူစည်ကားရာစျေးထဲမှာ ပစ်မှတ်ထားဖောက်ခွဲခဲ့တဲ့ ဆိုင်ကယ်ဗုံးခွဲမှုကြောင့် မြို့ခံတွေ တုန်လှုပ်ခဲ့ရပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)က အစည်ကားဆုံး မြို့ဖြစ်တဲ့ လားရှိုးဟာ အေးချမ်းတဲ့ တောင်ပေါ်မြို့လေးဖြစ်ပြီး စီးပွားရေးအရလည်း အချက်အချာကျတဲ့ မြို့ဖြစ်ပါတယ်။
ရှမ်းမြောက်က အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ တအာန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ကိုးကန့်တပ်(MNDAA) တို့ဟာ လားရှိုးမြို့နဲ့ အနီးဝန်းကျင်မှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်ပါတယ်။
လားရှိုးက လုပ်ငန်းရှင်တချို့ဟာ အဲဒီအဖွဲ့တွေထဲက အနည်းဆုံး နှစ်ဖွဲ့ကို ဆက်ကြေး(အခွန်)ပေးရပြီး ဘယ်အဖွဲ့တွေကို ပေးရလဲ ဆိုတာကိုတော့ လုံခြုံရေးအရ ထုတ်မပြောပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဖုန်း နဲ့ Viber ကတဆင့် ဆက်သွယ်လာပြီး ဆက်ကြေးတောင်းခံလေ့ရှိတယ် လို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
‘’လားရှိုးမြို့ပြင်က ရွာတစ်ရွာမှာ ချိန်းတယ်။ ပိုက်ဆံမယူခင် သူတို့ဘာကြောင့် အခုလိုတောင်းရတယ်။ ဘယ်နေရာတွေမှာ သုံးမယ်ဆိုတာကို ရှင်းပြတယ်’’ လို့ ဆက်ကြေးသွားပေးဖူးတဲ့ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
လုပ်ငန်းရှင်အများစုကတော့ ကိုယ်တိုင်သွားလေ့မရှိဘဲ တပည့်တွေကိုပဲ စေလွှတ်လေ့ရှိတယ် လို့ပြောပြပြီး ပိုက်ဆံပေးရင် လူကိုအန္တရာယ်မပြုဘူး လို့ ဘီဘီစီကိုပြောပါတယ်။
‘’ချိန်းတဲ့အတိုင်းသွားမပေးရင်တော့ အန္တရာယ်စိုးရိမ်ရမယ်နော် ဘာညာ ခြိမ်းခြောက်တာပေါ့။ ဒါပေမဲ့လည်း တကယ်မလုပ်ပါဘူး။ ကျွန်တော်တို့လည်း အလုပ်တွေအဆင်မပြေတဲ့အခါ မဆောင်နိုင်တဲ့ အချိန်တွေလည်းရှိပါတယ်’’ လို့ တိုင်းရင်းသား လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ဟိုတယ်တွေ ပစ်မှတ်ထားဖောက်ခွဲခံရတာဟာ ဘယ်အဖွဲ့အစည်းတွေရဲ့ လက်ချက်လဲဆိုတာကို အတိအကျမသိဘူး လို့ လုပ်ငန်းရှင်တွေက ဘီဘီစီကိုပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေရှိသလို ပြည်သူ့စစ်တွေကလည်း အများကြီးရှိတဲ့အပြင် အကြမ်းဖက်လုယက်သူတွေပါများလာလို့ ဘယ်အဖွဲ့ရဲ့လက်ချက်လည်းဆိုတာ ပြောဖို့ခက်ပြီး ဖောက်ခွဲဖျက်ဆီးမှုတွေဟာ လက်လုပ်မိုင်းတွေ နဲ့ ဆိုင်ကယ်အဟောင်းတွေကို အသုံးပြုထားလို့ ဘယ်သူမဆို အလွယ်တကူလုပ်နိုင်တဲ့အနေအထားလို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
‘’နိုင်ငံရေးအခြေအနေကလည်း မငြိမ်တော့ပိုဆိုးတာပေါ့။ တောမီးလောင်တော့လည်း တောကြောင်တွေ လက်ခမောင်းခတ်ကြတာပေါ့’’ လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။








