ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မုံရွာမြို့ အနီးက ရွာမှာ အစုလိုက်သတ်ခံထားရတဲ့ အလောင်းတွေတွေ့
မုံရွာမြို့နယ် တောင်ဘက်ခြမ်းမှာရှိတဲ့ ရွာတွေကို နိုဝင်ဘာလ ဆန်းကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့နေပြီး စစ်ကြောင်းထွက်သွားချိန်မှာ အလောင်းတွေကျန်ခဲ့သလို ရွာခံတွေ အများအပြားလည်း ထွက်ပြေးနေကြရတယ်လို့ ရွာခံတွေက ပြောပါတယ်။
အဲဒီရွာတွေကတော့ မုံရွာ အမြင့်လမ်း နဂါးတွင်းရွာ ပတ်လည်တစ်ဝိုက်က ရွာတွေဖြစ်ပြီး မုံရွာနဲ့ ၅ မိုင်လောက်ပဲ ဝေးတဲ့နေရာက ကျေးရွာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေ ထွက်ပြေးနေရတဲ့ ရွာတွေဟာ မုံရွာ အမြင့်လမ်း တာရိုး အနောက်ဘက် ချင်းတွင်းမြစ်မြေနုကျွန်းပေါ်က ရွာတွေဖြစ်ပြီး ထန်းလေးပင်ရွာကို နိုဝင်ဘာလ ၆ ရက်နေ့မှာ စစ်ကြောင်းထိုးခဲ့ပြီးနောက် ရွာပြင်မှာ သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေ အများအပြားတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စုစုပေါင်း အလောင်း ၉ လောင်း တွေ့ရှိထားပြီး အဲဒီထဲမှာ ထန်းလေးပင်ရွာသား ၃ ဦးနဲ့ ဒေသလက်နက်ကိုင် အဖွဲ့ဝင် PDF ၆ ဦး စုစုပေါင်း ကိုးဦး တွေ့ရှိထားတယ်လို့ မျက်မြင်တွေ့သူတစ်ဦး က ဘီဘီစီကို ပြောပါတယ်။
သေဆုံးသူတွေကို ရွာပြင်မှာ မီးရှို့သတ်ခံထားတာတွေ့ရသလို သေဆုံးသူတွေထဲ ၆ ဦး မှာ ခေါင်းတခြား ကိုယ်တခြား ဖြစ်နေသူ ၃ ဦး၊ ခြေတွေ လက်တွေ ခုတ်ထစ်ခံထားရပြီး သေဆုံးနေသူ ၃ ဦး ပါဝင်တယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။
ထန်းလေးပင်ရွာပြင်မှာ သေဆုံးနေသူတွေအများစုဟာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသူတွေဖြစ်ပြီးတော့ မသေခင်မှာနှိပ်စက်ထားတဲ့ ဒဏ်ရာတွေတွေ့ရတယ်လို့ သူတို့က ပြောပါတယ်။
“ခေါင်းကိုမီးရှို့ပြီး ပလပ်စတစ်အိတ်ထဲမှာ ထည့်ထားခဲ့တယ်" လို့ အလောင်းတွေကို တွေ့ရှိခဲ့သူတစ်ဦးက ပြန်ပြောပြပါတယ်။
အခုလို သေဆုံးမှုတွေနဲ့ ပတ်သက်တဲ့ ပြောကြားချက်တွေကို ဘီဘီစီ အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးသလို စစ်ကောင်စီဘက်က ထုတ်ပြန်တာလည်း မတွေ့ရသေးပါဘူး။
သေဆုံးသူတွေထဲက ရွာခံအချို့ကို မည်သူမည်ဝါဆိုတာ အတည်ပြုနိုင်ပေမဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့ဝင်တွေ ဘက်က သေဆုံးသူတွေဟာ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းထိုးမှုနဲ့ ပစ်ခတ်မှုတွေကြောင့် ထန်းလေးပင်ရွာမှာ သေဆုံးသူ အရေအတွက်ဟာ ဒီထက်များနိုင်တယ်လို့လည်း ဒေသခံတွေကခန့်မှန်းကြပါတယ်။
ထန်းလေးပင်ရွာကို နိုဝင်ဘာလ ၅ ရက်နေ့က စစ်ကြောင်းဝင်ရောက်လာခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွာကစစ်ကြောင်းပြန်ထွက်သွားခဲ့ကြောင်း လက်နက်တချို့ သိမ်းဆည်းခံရပြီး ရွာက အိမ် ၁၁ လုံး ကို ပြာကျအောင်မီးရှို့သွားခဲ့ကြောင်းလည်း ရွာခံတွေကပြောပါတယ်။
လက်ရှိမှာတော့ ထန်းလေးပင်အပါအဝင် အနီးအနားက ရွာ ၆ ရွာက ဒေသခံသုံးထောင်ကျော်လောက်ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး ရွာက နေအိမ်တချို့ မီးရှို့ခံခဲ့ရတယ်လို့လည်း ရွာခံတွေက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့ နေ့လယ်ပိုင်းကလည်း နဂါးတွင်း ရွာအနီးက ကြာပိုင်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရသိရပါတယ်။
အလောင်းတွေကိုတော့ နိုဝင်ဘာလ ၇ ရက်နေ့က ပဲ ရွာမှာသင်္ဂြိုဟ်ပြီးစီး
စစ်ကောင်စီ ဝါဒဖြန့်တဲ့ သတင်းချန်နယ်တွေမှာ မုံရွာ ထန်းလေးပင်ရွာက PDF စခန်းအသိမ်းခံရပြီး PDF ၈ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်တာ တွေ့ရပါတယ်။
ထန်းလေးပင်ရွာက သေဆုံးသူတွေထဲက ခေါင်းဖြတ်သတ်ခံထားရသူတွေနဲ့ ခန္ဓာကိုယ်ခုတ်ထစ်ပြီး အသတ်ခံရသူတွေ အလောင်းတွေကိုတော့ နိုဝင်ဘာလ ၇ ရက်နေ့ကပဲ ရွာမှာသင်္ဂြိုဟ်ပြီးစီးပြီဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။
ထန်းလေးပင်ရွာကို ဝင်ခဲ့တဲ့ စစ်ကြောင်းပြန်ထွက်သွားပေမဲ့ အနီးအနားရွာတွေမှာဆက်ပြီး ဝင်ရောက်နေလို့ ရွာခံတွေအများစုက တိမ်းရှောင်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီစစ်ကြောင်းဟာ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး နဂါးတွင်းရွာအနီး ရွာတွေကို လှည့်လည်စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒီကနေ့မှာလည်း နဂါးတွင်းရွာအနီးမှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းမြို့တော်မုံရွာအနီး တောင်ဘက်ပိုင်းကရွာတွေမှာ စစ်ကောင်စီက အခုလို ရက်ဆက်စစ်ကြောင်းထိုးတိုက်ခိုက်ပြီး ရွာတွေကို ဝင်ရောက်စီးနင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။