ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သြဂုတ်လ ၁၀ ရက်ထိပ်တန်းသတင်းများ- NCA အပစ်ရပ်စာချုပ်ကို လိုက်နာစရာ မရှိတော့ဘူး လို့ KNU ပြော
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လိုက်နာစရာ အကြောင်းမရှိတော့ဘူး လို့ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောလိုက်ပါတယ်။
NCA ရဲ့ အခန်း (၁) အခြေခံမူကို စစ်တပ်က ဖျက်ဆီးလိုက်တဲ့အတွက် ဒီစာချုပ်ဟာ မရှိတော့ဘူးလို့ သူကပြောပါတယ်။
‘’ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း ၁ အခြေခံမူကို နင်းချေ ဖျက်ဆီး လိုက်တာက စစ်တပ်ဖြစ်ပါတယ်။ NCA ရဲ့ အခန်း ၁ က NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီး လိုက်ပြီး ဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာ မရှိတော့ဘူး။’’ လို့ KNU အထွေထွေအတွင်းရေးမှူး က ပြောပါတယ်။
NCA အခြေခံမူ ၁၁ ချက်ရှိပြီး အဲဒီထဲမှာ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ဖြေရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်နိုင်ရေး ဆိုတဲ့ အချက် ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူတစ်ရပ်လုံးရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေးနဲ့ ပြည်သူ့ဘဝမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားဖို့ဆိုတဲ့ အခြေခံမူလည်း ပါဝင်နေပါတယ်။
စစ်ကောင်စီကတော့ သူ့ရဲ့ နိုင်ငံရေးဦးတည်ချက်မှာ “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” လို့ ချမှတ်ထားတာ တွေ့ရပါတယ်။
NCA စာချုပ်ကို နိုင်ငံတကာအသိသက်သေတွေရှေ့မှာ လက်မှတ်ထိုးထားလို့ မျက်ကွယ်မပြုဖို့လိုပြီး စစ်တပ်အနေနဲ့ NCA အပေါ်မှာ အလေးထား ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ် ၈ ရက်က ပြောထားပါတယ်။
စစ်ခေါင်းဆောင်က အပစ်ရပ်စာချုပ်ကို အလေးထားတယ်လို့ ပြောဆိုနေပေမဲ့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းပြီးတဲ့နောက် ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲပေါင်းရာချီ ဖြစ်ခဲ့ပြီး ဖြစ်ပါတယ်။
ပဒိုစောတာဒိုမှူး က တော့ NCA ကို အသုံးပြုပြီးတော့ နိုင်ငံတကာ နဲ့ ပြည်သူလူထုကို လှည့်စားတဲ့ကိစ္စ က KNU နဲ့ မဆိုင်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
KNU ဟာ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးတုန်းကရော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပါ တက်တက်ကြွကြွပါဝင်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ PDF တွေကို ကူညီနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် အသစ်ခန့်အပ်
တပ်အရာရှိ ဒါဇင်ကျော် အပြောင်းအရွှေ့ထပ်ဖြစ်
စစ်တပ်မှာ အရေးပါတဲ့ ရာထူးတစ်ခုဖြစ်တဲ့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ထိန်လင်း ခန့်အပ်ခံရပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နေရာကနေ တိုးမြှင့်ခန့်ထားလိုက်တာ လို့ စစ်ရုံးကလာတဲ့ သတင်းတွေအရ သိရပါတယ်။
တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ရာထူးကို ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပူးတွဲ ကိုင်တွယ်ခဲ့တာဖြစ်ပြီး အခုတော့ အသစ်တစ်ယောက် ထပ်ခန့်လိုက်တာပဲဖြစ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင် ကို ခန့်အပ်ခဲ့ပေမဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပြောင်းရွှေ့လိုက်လို့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပူးတွဲ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
ဘီဘီစီက ရရှိထားတဲ့ စာရင်းအရ လစ်လပ်သွားတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နေရာ အပါအဝင် ဗိုလ်မှူးချုပ် ၁၀ ယောက်အထိ အပြောင်းအရွှေ့ လုပ်ခဲ့တာဖြစ်ပါတယ်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအသစ်က ဗိုလ်မှူးချုပ် ကြည်သိုက် ဖြစ်လာပါတယ်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) တွေရှိတဲ့ လောက်ကိုင်၊ ကလေး၊ တနိုင်း နဲ့ ပြည် တို့မှာ ဒကစမှူးတွေ အပြောင်းအလဲ ဖြစ်ခဲ့တယ် လို့ စစ်ရုံးက ဘီဘီစီ သတင်းအမြစ်တချို့က အတည်ပြုပါတယ်။
ဒါ့အပြင် တပ်အဆင့်အရာရှိတွေ စစ်မြေပြင်ကွပ်ကဲမှု သင်တန်းတွေပေးနေတဲ့ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ရာထူးအပြင်၊ တိုက်ခိုက်ရေးကျောင်းအုပ် တချို့လည်း အပြောင်းအရွှေ့တွေ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်ကစလို့ စစ်ကောင်စီက အရပ်ဖက်မှာရော စစ်ဖက်မှာပါ အပြောင်းအရွှေ့တွေ လုပ်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် နေပြည်တော်လုံခြုံရေးကို အဓိကကိုင်တွယ်ရတဲ့ အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့မှူး နေရာလည်း လစ်လပ်နေပြီး ဘယ်သူရောက်လာမလဲဆိုတာ မသိရသေးပါဘူး။
အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဖြစ်သွား လို့ အဲဒီနေရာက လစ်လပ်နေတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လထဲမှာ တပ်မတော်အရန်အင်အားထဲက ဗိုလ်ချုပ်တွေ အပါအဝင် အရာရှိ ၆၁ ဦး အထိ တပ်က အနားပေးခဲ့ပါသေးတယ်။
လက်နက်ကိုင်ပြီး ပြည်သူကိုနိုင်ထက်စီးနင်း လုပ်ရင် PDF ထဲကဖယ်ရှားမယ်
တော်လှန်ရေး မဟာဗျူဟာ နောက်တစ်ဆင့်မြှင့်မယ် လို့ ကာကွယ်ရေး ဝန်ကြီးဆို
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ခွဲမှူးသင်တန်း အပတ်စဥ် (၂) ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အမှာစကားပြောခဲ့ပြီး လက်နက်ကိုင်ပြီး ပြည်သူကိုနိုင်ထက် စီးနင်း လုပ်ရင် ဖယ်ရှားမယ် ထည့်ပြောပါတယ်။
‘’ငါတို့ကိုင်ထားတဲ့ သေနတ်က ပြည်သူက သူ့ချွေးနည်းစာနဲ့ စုဆောင်းပြီး တပ်ဆင်ပေးထားတာ ဖြစ်တယ်။ ငါတို့ စားနေတဲ့ထမင်းကလည်း ပြည်သူကျွေးထားတာပဲ ဖြစ်တယ်။’’ လို့ ဦးရည်မွန်က ပြောပါတယ်။
ဒါကြောင့် လက်နက်ကိုင်ပြီး ပြည်သူအပေါ် ရမ်းကားတဲ့၊ ပြည်သူကို နိုင့်ထက်စီးနင်းလုပ်တဲ့ အမူအကျင့်ရှိသူတွေ PDF တပ်မတော်ထဲ ခိုအောင်းနေရင် ပြတ်ပြတ်သားသား ဖော်ထုတ် ဖယ်ရှားပစ်ကြရမှာ ဖြစ်တယ် လို့ ဦးရည်မွန်က ပြောပါတယ်။
‘’ပြည်သူတွေက ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ နိုင်သမျှ တော်လှန်ရေးဝန်ကိုထမ်းနေကြတာ ဖြစ်တယ်။ ဒါကြောင့် PDF ကသာလျှင် အသက်စွန့် တိုက်ပွဲဝင်နေရတာဖြစ်တဲ့အတွက် PDF ကသာလျှင် ပြည်သူထက် ခေါင်းတစ်လုံး ပိုမြင့်တယ်ဆိုတဲ့ အတွေးအခေါ်ကို ငါတို့ ခေါင်းထဲက ရှင်းရှင်းဖယ်ထုတ် ထားရမယ်။’’ လို့ သူက ဆက်ပြောပါတယ်။
ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF) ဖွဲ့စည်းပြီး (၂)နှစ်ကျော် အတွင်း အခြေခံစစ်ပညာသင်တန်း၊ အကြပ် အဆင့်စစ်ပညာသင်တန်း၊ မိုင်း၊ လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ဘာ၊ ထုတ်လုပ်ရေး၊ ဦး/ရေး/ထောက်၊ မဟာဗျုဟာနဲ့နည်းဗျုဟာအဆင့် သင်တန်းတွေကို ပို့ချနိုင်ခဲ့ပြီး ဖြစ်တယ် လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အခုလို တပ်ခွဲမှူးသင်တန်းတွေ ကိုပါ ဖြစ်မြောက်အောင် စီစဥ်နိုင်တာက မဟာမိတ်အဖွဲ့အစည်းတွေရဲ့ အကူအညီကြောင့်လို့ ကာကွယ်ရေးဝန်ကြီးရဲ့ မိန့်ခွန်းအရ သိရပါတယ်။
လက်ရှိ မဟာဗျူဟာက “ကွက်ပြည့်ခင်း ကွက်စေ့နင်းတဲ့ ဗျူဟာ” ဖြစ်ပြီး တစ်ပြည်လုံး အတိုင်းအတာနဲ့ ဒေသတိုင်းမှာ အင်အားစုစည်းပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့အကြောင်း ကာကွယ်ရေးဝန်ကြီးကပြောပြီး မဟာဗျူဟာ နောက်တစ်ဆင့်ကို ဆင်နွှဲမယ်လို့ ဆိုပါတယ်။
‘’မဟာဗျူဟာ နောက်တစ်ဆင့်အဖြစ် PDF နဲ့ မဟာမိတ်များ “ထုအင်အား” တည်ဆောက်ပြီး တစ်ခုတည်းသော စီမံချက်အောက်မှာ မဟာဗျူဟာထိုးစစ်ကို ဆင်နွှဲကြရမှာ ဖြစ်တယ်။’’ လို့ ဝန်ကြီးဦးရည်မွန်က ပြောပါတယ်။
ဒီစစ်ဆင်ရေးမှာ စစ်မျက်နှာအသီးသီးကနေ အရေးကြီးတဲ့ စစ်မြေပြင်ခေါင်းဆောင်တွေ အဖြစ် ဒီသင်တန်းက ဆင်းသူတွေက ပါဝင်ကြရမယ် လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာငွေတန်ဖိုးကျပြီး နိုင်ငံခြားငွေလဲနှုန်းတွေ မြင့်တက်လာလို့ ငွေလဲလုပ်ငန်းတွေ ရပ်ဆိုင်း
ဒီကနေ့ သြဂုတ် ၁၀ ရက် နေ့လယ်ပိုင်းမှာ ထိုင်းဘတ်ငွေလဲနှုန်း မြင့်တက်လာလို့ ဘတ် အဝယ်၊ အရောင်း ရပ်နားလိုက်ကြတဲ့အထိဖြစ်နေတယ်လို့ ထိုင်း - မြန်မာ နယ်စပ်က နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းလုပ်သူတွေကပြောပါတယ်။ ၁ ဘတ် ကို မြန်မာငွေ ၁၀၀ ကျော် စျေးပေါက်နေလို့ ဘတ် ၁၀၀ မှာ ကျပ် ၁ သောင်းကျော် ဖြစ်လာတာပါ။
'' ကျပ်တစ်သိန်းကို ဘတ် ၁၀၀၀ အောက် ရောက်သွားလို့ ရပ်လိုက်တာ။ ဒီလို အခြေအနေမှာ ဘတ်အရောင်းအဝယ်လုပ်တာ အရမ်းအန္တရာယ်များတယ်။ '' လို့ မြဝတီက ငွေလဲလုပ်ငန်းလုပ်သူတစ်ဦးကပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းအထိ ဘတ်ပေး - ကျပ်ယူ မှာကျပ်တစ်သိန်းကို ဘတ် ၁၀၃၀ ဖြစ်ရာကနေ အခုတော့ ကျပ်တစ်သိန်းကို ဘတ် ၁၀၀၀ အောက်အထိရောက်သွားတာပါ။ ဘတ်ပေးကျပ်ယူမှာ ဘတ် ၁၀၀၀ အောက်ရောက်သွားတာကြောင့် ကျပ်ပေး - ဘတ်ယူ သူတွေအတွက် ၁ဘတ်ကို ကျပ် ၁၀၀ ကျော် ပေးချေရပြီး ငွေလဲနှုန်းပိုမြင့်သွားတဲ့ အခြေအနေပါ။
အလားတူ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းက ဒေါ်လာ အဝယ် မှာ ၁ ဒေါ်လာကို ကျပ် ၃၄၈၀ ပေါက်နေပြီး အရောင်းက ၃၅၀၀ကျော်စျေးပေါက်နေတယ်လို့ ပြင်ပငွေလဲလုပ်ငန်းလုပ်သူအချို့ကပြောပါတယ်။
ရွှေစျေးကတော့ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၅ သိန်း ၅သောင်းပေါက်ပြီး အရောင်း တစ်ကျပ်သားကို ကျပ် ၃၇ သိန်း ကျော်အထိရှိနေတာပါ။ ဒါပေမဲ့ အရောင်းအဝယ်အားလုံးရပ်ထားတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်သူအချို့ကပြောပါတယ်။
စင်ကာပူအခြေစိုက် United Overseas Bank - UOB ဘဏ်က မြန်မာဘဏ်အချို့ နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ သူ့ရဲ့ ဘဏ်လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ပြင်လာတဲ့နောက် မြန်မာငွေတန်ဖိုးထိုးကျပြီး နိုင်ငံခြားငွေလဲနှုန်းတွေ မြင့်တက်လာတာလို့ ငွေစျေးကွက်အခြေအနေသိရှိသူတွေကပြောပါတယ်။
စစ်တွေမှာ ရိုဟင်ဂျာအလောင်း ၁၇ လောင်းတွေ့
ဘင်္ဂလားပင်လယ်အော်ထဲမှာ လှေမှောက်ပြီးနောက် ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာတွေထဲက ၁၇ ဦးရဲ့ အလောင်းကို စစ်တွေမြို့နယ်အတွင်းက ကမ်းစပ်တွေမှာ ပြန်လည်ရှာတွေ့ထားတယ်လို့ ဒေသန္တရ အကူအညီပေးရေးအဖွဲ့တွေက ဘီဘီစီကို ပြောပါတယ်။
ရိုဟင်ဂျာ ၅၅ ဦးလိုက်ပါလာတဲ့စက်လှေတစ်စီးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်တုန်းက စစ်တွေမြို့နယ်ထဲက ဆာဘာရွာအနီး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး ပျောက်ဆုံးနေသူတွေထဲက ၁၇ ဦးရဲ့အလောင်းတွေကို ပြီးခဲ့တဲ့ ၃ ရက်အတွင်း ပြန်တွေ့ထားတာဖြစ်ပါတယ်။
‘‘တွေ့ထားတာက အမျိုးသမီးအလောင်း ၁၀ လောင်းနဲ့ အမျိုးသားရုပ်အလောင်း ၇ လောင်းဖြစ်ပါတယ်။ စစ်တွေ ရင်ခွဲရုံကို ပို့ထားပါတယ်။ ရှာဖွေတာတွေလုပ်နေပေမဲ့ ဒီနေ့တော့ ထပ်မတွေ့သေးပါဘူး’’ လို့ ရှာဖွေကယ်ဆယ်ရေးမှာပါဝင်တဲ့ရွှေရောင် မေတ္တာ ဖောင်ဒေးရှင်းက ပြောပါတယ်။
လက်ရှိမှာ စက်လှေနစ်မြုပ်မှုမှာ အသက်ရှင်လျက်နဲ့ပြန်တွေ့ထားသူ ၈ ဦး၊ ရုပ်အလောင်းတွေ့သူ ၁၇ ဦးသာ ရှိနေသေးတာကြောင့် ရက်နဲ့ချီပျောက်ဆုံးနေတဲ့ ကျန်လူ ၃၀ နီးပါးဟာ ပင်လယ်ပြင်မှာ ဆုံးပါးသွားနိုင်တဲ့ စိုးရိမ်စရာအခြေအနေလို့ ရှာဖွေနေသူတွေက ပြောပါတယ်။
ဒီရိုဟင်ဂျာတွေဟာ ဘူးသီးတောင်မြို့နယ်ကနေ မလေးရှားကို သွားဖို့ ပွဲစားကို မြန်မာကျပ်ငွေ သိန်းဆယ်ချီ ပေးခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
မြန်မာပြည်တွင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရပြီး ဒုက္ခသည်စခန်းတွေမှာ နှစ်နဲ့ချီအောင် ကျပ်ကျပ်တည်းတည်းနေထိုင်နေကြရတဲ့ ရိုဟင်ဂျာတွေဟာ လူကုန်ကူးသူတွေရဲ့ မက်လုံးကြောင့် အန္တရာယ်များတဲ့ပင်လယ်ပြင်ကို ဖြတ်ပြီး ရေကြည်ရာ မြက်နုရာ ရှာဖွေကြချိန် အခုလိုအဖြစ်ဆိုး ကြုံကြရလေ့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်မေလတုန်းကလည်း စက်လှေမှောက်ပြီး ပုသိမ်မြို့နယ်ထဲက ရွှေသောင်ယံကမ်းခြေမှာ ရိုဟင်ဂျာ အလောင်း ဆယ်ချီသောင်လာတင်တဲ့ဖြစ်ရပ်ရှိခဲ့သလို ဒီဇင်ဘာလမှာလည်း လှည်းကူးမှာ လူကုန်ကူးသူတွေက ရိုဟင်ဂျာ အလောင်း ၁၃ လောင်းကို လာရောက်စွန့်ပစ်မှု ဖြစ်ခဲ့ပါတယ်။
လက်ပံတန်းမှာ လေဆင်နှာမောင်းတိုက်လို့ နေအိမ် ၁၀၀ ကျော်ပျက်စီး
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်ထဲက လက်ပံတန်းမြို့နယ်ထဲမှာ လေဆင်နှာမောင်းတိုက်ခဲ့တာကြောင့် နေအိမ် ၁၀၀ ကျော်ထက်မနည်း ပြိုလဲပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဘီဘီစီကို ပြောပါတယ်။
သြဂုတ်လ ၉ ရက် မနက်အစောပိုင်းမှာ တိုက်ခတ်ခဲ့တဲ့လေပြင်းကြောင့် ထိခိုက် ပျက်စီးခဲ့တဲ့နေအိမ်နဲ့အဆောက်အအုံထဲမှာ ဘုန်းတော်ကြီးကျောင်းနဲ့ စေတီပုထိုးအချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
‘’ယင်းတိုက်ကျေးရွာအုပ်စုထဲက ယင်းတိုက်ရွာကတော့ ရွာလုံးကျွတ်ပျက်စီးသလောက်ဖြစ်သွားတယ်။ အိမ်ခြေ ၆၀ ကျော်မှာ ၄၀ ကျော်က လုံးဝပြိုကျသွားတယ်။ အလယ်စုရွာ၊ ကိုင်းတောရွာ၊ ငှက်သိုရွာ အဲဒီရွာတွေမှာလည်း တစ်ရွာကို ၁၀ အိမ်နီးပါး ပျက်စီးတယ်။ အဖွားတစ်ယောက်ဆို သူ့အိမ်က သက်ကယ်ဆိုတော့ ပြိုကျချိန် ပိမိလို့ ကယ်ခဲ့ရတာရှိတယ်။ ဒါပေမဲ့ အချိန်မီ ကယ်နိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘူး’’ လို့ လက်ပံတန်းလူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
အခုတော့ လေဘေးသင့်ပြည်သူတွေဟာ သက်ဆိုင်ရာဆွေမျိုးတွေနဲ့နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ရွှေ့ပြောင်းနေထိုင်နေရပြီး စစ်ကောင်စီ လူကယ်ပြန်ဌာနက အမိုးအကာအချို့ဝေပေးတာရှိတယ်လို့ ဒေသခံ တွေဆီကနေ ဘီဘီစီက သိရှိရပါတယ်။
မြန်မာကို လက်နက်ရောင်းချမှု ပိတ်ထားဆဲလို့ တောင်ကိုရီးယားပြော
တောင်ကိုရီးယားမှာ ပြုလုပ်တဲ့ တင့်ကားပြပွဲကို မြန်မာစစ်ကောင်စီ သံအမတ်ကို ဖိတ်ကြားခဲ့ပေမဲ့ မြန်မာနိုင်ငံအပေါ် ထားရှိထားတဲ့ လက်နက်တင်ပို့ရောင်းချမှုကတော့ ဆက်ပြီး ပိတ်ပင်ထားဆဲလို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလာပါတယ်။
တင့်ကားပြပွဲမှာ စစ်ကောင်စီသံအမတ် ဦးသန့်စင်ကို ဖိတ်ကြားတာဟာ စစ်ကောင်စီရဲ့တရားဝင်မှုကို အတည်ပြုပေးသလိုဖြစ်နေတာနဲ့ မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ထားတဲ့တောင်ကိုရီးယားရဲ့ မူဝါဒအပေါ် မေးခွန်းထုတ်စရာအခြေအနေဖြစ်တာကြောင့် အတော်လေးစိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂလူ့ အခွင့်အရေးကိုယ်စားလှယ် တွမ်အန်ဒရူးက တောင်ကိုရီးယားအစိုးရကို စာပို့ခဲ့တာပါ။
''တောင်ကိုရီးယားအစိုးရဟာ မြန်မာပြည်တွင်း အကျပ်အတည်းစတင်ကတည်းက ကြေညာခဲ့တဲ့ မြန်မာကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်တာအပါအဝင် ပိတ်ဆို့အရေးယူမှုတွေကိုအကောင်အထည်ဖော် ဆောင်ရွက်နေဆဲဖြစ်ပြီး ဒီရပ်တည်ချက် မပြောင်းလဲဘူး'' လို့ တောင်ကိုရီးယားနိုင်ငံခြားရေးက ထုတ်ပြန်ပါတယ်။
တောင်ကိုရီးယားကတော့ တင့်ကားပြပွဲကို တက်ရောက်ဖို့ ဖိတ်ကြားမှုဟာ ရှိရင်းစွဲလုပ်ထုံးလုပ်နည်းဖြစ်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးကို ဖိတ်ကြားမှုဖြစ်ပြီး မြန်မာစစ်တပ်နဲ့ မြန်မာပြည်တွင်းက လုပ်ငန်းတွေကို လက်နက်လွှဲပြောင်းတာမျိုး ခွင့်ပြုမယ့် ရည်ရွယ်ချက်မပါဝင်ဘူးလို့ ဇွန်လဆန်းပိုင်းကတည်းက ပြန်လည်တုံ့ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တောင်ကိုရီးယားကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကတော့ တောင်ကိုရီးယားအစိုးရဟာ ဒီကိစ္စမှာ သတိလက်လွတ်ဖြစ်သွားပုံရတယ်လို့ မှတ်ချက်ပေးခဲ့ပြီး မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် အသက်ပေါင်းများစွာဆုံးရှုံးနေတဲ့အချိန်မှာ ဒီဖိတ်ကြားမှုအပေါ် စိတ်မကောင်းဖြစ်မိတယ်လို့ ဘီဘီစီကို ပြောပါတယ်။