ရခိုင်မှာ အပစ်ရပ်ပြီး ကုလားတန်စီမံကိန်း ပြန်စဖို့ပြင်

 လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ရခိုင်ပြည်နယ်ဒေသအတွင်း စစ်ပွဲတွေကြောင့် ရပ်နားခဲ့ရတဲ့ အိန္ဒိယ ကုလားတန်စီမံကိန်း လုပ်ငန်းပိုင်းအချို့ကို မကြာမီပြန်စဖို့ ရှိနေပါတယ်။

အိန္ဒိယ အစိုးရဟာ သူရဲ့ ဗျူဟာမြောက် ကုလားတန်စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကို နှစ်နိုင်ငံကုန်သွယ်ရေးဆိပ်ကမ်းကနေ နိုင်ငံတကာကုန်သွယ်ရေးဆိပ်ကမ်းတစ်ခုဖြစ် တိုးမြှင့်လုပ်ကိုင်ဖို့ မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံကြား သဘောတူညီမှု ရရှိထားပြီဖြစ်တယ်လို့ ရခိုင်ပြည်နယ်ကောင်စီကပြောပါတယ်။

အခုနှစ်ပွင့်လင်းရာသီမှာပဲ အဲဒီဆိပ်ကမ်းကို ဖွင့်လှစ်တော့မှာဖြစ်သလို စီမံကိန်းရဲ့ ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

 စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က အပစ်ရပ် သဘောတူခဲ့ပြီးတဲ့နောက်မှာ ဒီစီမံကိန်း ပြန်စဖို့ ပြင်လာတာလည်း ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က အိန္ဒိယနိုင်ငံ ကောင်စစ်ဝန် Mr. Jay Krishna နဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီတို့ တွေ့ဆုံခဲ့ကြပြီး ရပ်နားထားတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းပြန်လည်အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့ကြရာမှာ အခုလိုသဘောတူညီမှုတွေ ရရှိခဲ့ကြတယ်လို ရခိုင်ပြည်နယ်ကောင်စီက တဆင့်သိရပါတယ်။

ကုလားတန်စီမံကိန်းကို လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစလို ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့မှာ တည်ဆောက်နေတာဖြစ်ပြီး ပလက်ဝကနေ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်ကိုသွားမယ့် ကုန်လမ်းကိုလည်း ဖောက်လုပ်နေတာဖြစ်ပါတယ်။

စီမံကိန်းရဲ့ ရခိုင်ပြည်နယ်ဘက်ခြမ်း အစိတ်အပိုင်းတွေဟာ ၂၀၁၇ ခုနှစ်လာက်ကတည်းက ပြီးစီးနေပြီဖြစ်ပေမယ့် ဒေသတွင်းစစ်ပွဲတွေဖြစ်ပွားလာတဲ့အချိန် ၂၀၁၉ ခုနှစ်လောက်မှာတော့ စီမံကိန်းရဲ့လုပ်ငန်းအားလုံးကို ရပ်နားထားခဲ့ရတာ ဖြစ်ပါတယ်။

ကုလားတန် စီမံကိန်းထဲမှာ စစ်တွေ ဆိပ်ကမ်း တိုးချဲ့ ဆောက်လုပ်ရေး၊ သင်္ဘောကြီးတွေ သွားလာနိုင်ရေး အတွက် ကုလားတန်မြစ်ကို တိုးချဲ့ တူးဖေါ်ရေးနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်အထိ ကားလမ်း ဖောက်လုပ်ရေးတွေ ပါဝင်ပါတယ်။

 အိန္ဒိယ အစိုးရက လမ်းပန်းအဆက်အသွယ် ခက်ခဲတဲ့ နိုင်ငံ မြောက်ပိုင်း မီဇိုရမ်ပြည်နယ်ဆီ ပြည်မကြီးကနေ ကုန်ပစ္စည်းတွေ တင်ပို့နိုင်ဖို့ ဒီစီမံကိန်းကို အဓိက ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။

အိန္ဒိယ ပြည်မက ကုန်ပစ္စည်းတွေကို ဘင်္ဂလား ပင်လယ်အော်ကနေ စစ်တွေမြို့ကနေတဆင့် ကုလားတန်မြစ်ကို ဖြတ်ပြီး ချင်းပြည်နယ် ပလက်ဝအထိ ရေကြောင်းကနေ ပို့ဆောင်မှာ ဖြစ်ပြီး ပလက်ဝကနေ မီဇိုရမ် အထိ ကားနဲ့ တင်ပို့ဖို့ စီစဉ်ထားပါတယ်။

ရခိုင်ပြည်နယ်က ထွက်တဲ့ လယ်ယာနဲ့ ပင်လယ် ထွက်ကုန်တွေကို အိန္ဒိယ သင်္ဘောတွေနဲ့ ပြန်တင်သွားမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် အကျိုးအမြတ် ရှိလာနိုင်သလို လမ်းပန်း အသစ်တွေ ဖောက်လုပ်မှာ ဖြစ်တဲ့အတွက် ဒေသခံတွေအတွက် အလုပ်အကိုင်သစ်တွေ ပေါ်လာနိုင်ဖို့ ရှိပေမယ့်၊ ဒီစီမံကိန်းကြောင့် ကုလားတန် မြစ်ထဲမှာ သင်္ဘောကြီးတွေ ကူးလူးသွားလာမှုတွေ ရှိလာမှာမို့ လှေငယ်၊ စက်လှေတွေ အသုံးပြုနေကြတဲ့ ဒေသခံတွေအတွက် အခက်အခဲ တွေ ရှိလာနိုင်သလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့လည်း ဆိုကြပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ တည်ဆောက်နေတဲ့ ကုလားတန်မြစ်ကူးတံတား စီမံကိန်းအတွက် စက်ယန္တရားတွေနဲ့ တံတားတည်ဆောက်ရေး အသုံးပြုမယ့် ပစ္စည်းတွေကိုသယ်လာတဲ့ ကုန်တင်ရေယာဉ် ၆ စီးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့က ရက္ခိုင့်တပ်တော် အေအေဘက်ကနေပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အေအေဘက်က ကုလားတန်စီမံကိန်း ရေယာဥ်တွေကို တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီးတော့ တပ်မတော်အနေနဲ့ ကုလားတန်စီမံကိန်းကို စစ်ဆင်ရေးလုပ်ငန်းစဉ်တွေမှာ အမြတ်ထုတ်နေတာကြာနေပြီဖြစ်ပြီးတော့ အခုလည်း ရန်ကုန်ကနေ သယ်ယူလာခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ကုလားတန်စီမံကိန်းအတွင်းက သင်္ဘောတွေနဲ့ ပို့ဆောင်နေတာဖြစ်တယ်လို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ပြောခဲ့ပါတယ်။

 လက်ရှိမှာ အဲဒီစီမံကိန်းအတွင်း စစ်တွေရေနက်ဆိပ်ကမ်းနဲ့ ပလက်ဝရေနက်ဆိပ်ကမ်းတွေကို ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ပေမယ့် ပလက်ဝကနေ အိန္ဒိယနယ်စပ် မြိတ်ဝအထိ ၁၀၉ ဒသမ ၂ ကီလိုမီတာအရှည် လမ်းကို ဖောက်လုပ်ဖို့ ကျန်ရှိနေပါတယ်။

ပလက်ဝဒေသမှာ ၂၀၂၂ခုနှစ် သြဂုတ်လက စလို့ ရခိုင်တပ်တော်နဲ့ မြန်မာ့တပ်မတော်တို့ ကြား တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီး ကုလားတန်မြစ်ကြောင်းသွားလာမှုကို ပိတ်ထားခဲ့ရာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ကမှ တပ်မတော်ဇက်ရေယာဥ် ပြန်လည်ပြေးဆွဲခဲ့ပါတယ်။

အခု ၂၀၂၂ ပွင့်လင်းရာသီမှာ ပြန်စမယ်ဆိုတဲ့ ကုလားတန်စီမံကိန်း အစိတ်အပိုင်းက‌တော့ ချင်းပြည်နယ် ပလက်ဝစီမံကိန်း အစိတ်အပိုင်း မဟုတ်ဘဲ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်း စီမံကိန်းဖြစ်ပါတယ်။

 ကုလားတန် စီမံကိန်းမှာပါတဲ့ စစ်တွေဆိပ်ကမ်းကို အခုလို နှစ်နိုင်ငံကုန်သွယ်ရေးအဆင့်ကနေ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဆင့်ထိ တိုးမြှင့်ဖို့ပြင်ဆင်လာတာဟာ ဒေသတွင်းနိုင်ငံတွေနဲ့ ကုန်သွယ်နိုင်ဖို့အတွက် အခုလိုဆောင်ရွက်ရတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ဘီဘီစီကို ပြောပါတယ်။

“အိန္ဒိယ အစိုးရဘက်ကလည်း ဒီလိုလုပ်ဖို့လိုလားပါတယ်” လို့ သူကပြောပါတယ်။

စစ်တွေဆိပ်ကမ်းက တဆင့် ရေမိုင် ၅၃၉ ကီလိုမီတာ အကွာအဝေးရှိတဲ့ ဘင်္ဂလားပင်လယ်ကို ဖြတ်ပြီး အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ အနောက်ဘင်္ဂလား ပြည်နယ် ကာလတ္တား ဆိပ်ကမ်းအထိ ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

စစ်တွေဆိပ်ကမ်းဟာ နိုင်ငံတကာကုန်သွယ်ရေးဆိပ်ကမ်းတစ်ခုဖြစ်လာခဲ့ရင် ဒေသအတွက်ကောင်းကျိုးတွေ ရှိလာမှာဖြစ်သလို နိုင်ငံကာ ကုန်သွယ်မှုလုပ်ငန်းတွေအတွက် ဘယ်လောက်ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက ပြောပါတယ်။

နိုင်ငံတကာ ကုန်သွယ်မှုလုပ်ငန်းမှာ ပြည်တွင်းစီးပွားရေးအခြေအနေတွေနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ ပို့ကုန်လုပ်ငန်းတွေ ပွင့်သွားသလို သွင်းကုန်လမ်းကြောင်းလည်း ပွင့်လာမှာဖြစ်တယ်လို့ သူဆိုပါတယ်။

အခုပွင့်လင်းရာသီအတွင်းမှာ စစ်တွေမြို့ဆိပ်ကမ်းကို ဖွင့်လှစ်သွားမှာဖြစ်သလို အိန္ဒိယနိုင်ငံ ကာလကတ္တားကနေ ကုန်သွယ်ရေးသင်္ဘောတစ်စီးလည်း မကြာခင်မှာ ဆိုက်ရောက်ဖို့ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ အေအေတို့အကြား ယာယီ အပစ်ခတ်ရပ်စဲထားတဲ့အချိန်မှာ ကျန်ရှိနေတဲ့ စီမံကိန်းတချို့ကို ပြန်လည်အကောင်အထည်ဖော်ဖို့ အိန္ဒိယအစိုးရပြင်ဆင်လာတာဖြစ်ပြီး တင်ဒါအောင်မြင်ထားတဲ့ ကုမ္ပဏီတွေကိုလည်း လုပ်ကိုင်ခွင့်တွေပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ထဲ ပြည်ပနိုင်ငံကြီးတွေ နဲ့ စာချုပ်ချုပ်ဆို လုပ်ကိုင်နေကြတဲ့ စီးပွားရေးစီမံကိန်းတွေဟာ ရခိုင်ပြည်သူတွေ အတွက် အကျိုးရှိမယ်ဆိုရင် ဆန့်ကျင်စရာအကြောင်းမရှိဘူး ဆိုပြီး ရက္ခိုင့်တပ်တော် အေအေ အဖွဲ့က ၂၀၁၉ ခုနှစ်က ပြောခဲ့ပါတယ်။

 ဒါပေမဲ့ အဲဒီနောက်ပိုင်း ပလက်ဝဘက်မှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကုလားတန်စီမံကိန်းက အိန္ဒိယနိုင်ငံသား ၅ ဦး ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးထားစဉ် အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးခဲ့ပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ အိန္ဒိယနိုင်ငံသား ၅ ဦးမှာ အိန္ဒိယ-မြန်မာ အစိုးရချင်းချိတ်ဆက်ဆောင်ရွက်နေတဲ့ ကုလားတန်ဘက်စုံ စီမံကိန်းရဲ့ ပလက်ဝ-မြိတ်ဝ လမ်းပိုင်းကိုတာဝန်ယူဖောက်လုပ်မယ့် ကုမ္ပဏီတွေရဲ့ တာဝန်ရှိသူတွေဖြစ်ပြီး အဲ့ဒီလမ်းဖောက်လုပ်မယ့်ကိစ္စနဲ့ ပတ်သက်လို့ လာရောက်ခဲ့ကြတာလို့ သိရပါတယ်။

 အဲ့ဒီ‌နောက် ပလက်ဝ အနီးက ကုလားတန်စီမံကိန်းလည်း ရပ်ဆိုင်းထားခဲ့ရပါတယ်။

ကုလားတန် စီမံကိန်း အိန္ဒိယ အရှေ့မြောက်ပိုင်း မီဇိုရမ် ပြည်နယ်ကနေ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ ဆိပ်ကမ်းအထိ ချင်းပြည်နယ်၊ ပလက်ဝကို ဖြတ်ပြီး ကုန်းလမ်း၊ ရေလမ်း ကုန်သွယ်ရေး လမ်းကြောင်း ထားရှိဖို့ ရည်ရွယ်တဲ့ စီမံကိန်း ဖြစ်ပါတယ်။

မီဇိုရမ် ပြည်နယ် တလျှောက် ရခိုင် အေအေ အဖွဲ့ရဲ့ ခြေကုပ်စခန်းတချို့ ရှိနေတယ် ဆိုတဲ့ အိန္ဒိယထောက်လှမ်းရေး သတင်းတွေ ရှိနေတယ်ဆိုပြီး အိန္ဒိယ မီဒီယာတွေက ဖော်ပြခဲ့တာလည်းရှိပါတယ်ယ်။

စစ်ကောင်စီဟာ ရက္ခိုင်တပ်တော် အေအေနဲ့ ယာယီအပစ်ရပ်နိုင်ပေမယ့် ချင်းပြည်နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးချိန်မှာ အာဏာမသိမ်းမီ အရင်အခြေအနေနဲ့ အများကြီးပြောင်းလဲသွားတာကြောင့် ချင်းပြည်နယ်ကိုဖြတ်ပြီး မီဇိုရမ်ပြည်နယ်ဝင်မယ့် စီမံကိန်းလမ်းကြောင်းကတော့ အေအေနဲ့ အပစ်ရပ်ရုံနဲ့ မရနိုင်ဘူးလို့ သုံးသပ်မှုတွေလည်းရှိပါတယ်။