အာကာသထဲမှာ ဆိုလာပြားသွားထားပြီး ကမ္ဘာကို လျှပ်စစ်လှမ်းပို့နိုင်တော့မလား

အာကာသထဲမှာ ထားမယ့် ဆိုလာပြားက နေစွမ်းအင်တွေ အများကြီးပိုပြီး စုပ်ယူနိုင်မယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NASA

ဓာတ်ပုံ ပုံစာ, အာကာသထဲမှာ ထားမယ့် ဆိုလာပြားက နေစွမ်းအင်တွေ အများကြီးပိုပြီး စုပ်ယူနိုင်မယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ နေရောင်ခြည်ကို ဆိုလာပြားတွေနဲ့ ဖမ်းယူပြီး လျှပ်စစ်စွမ်းအင်အဖြစ် အသွင်ပြောင်း အသုံးပြုနိုင်တယ် ဆိုတဲ့ နည်းပညာက အထူးအဆန်း မဟုတ်တော့ပါဘူး။

 ဒါပေမဲ့လည်း အခုလို ဆိုလာပြားက စွမ်းအင်ပြောင်းယူနိုင်ဖို့က ကမ္ဘာပေါ်မှာ ညဘက်တွေရောက်ရင် မဖြစ်နိုင်သလို နေ့ဘက်မှာ ဆိုရင်တောင် လေထုအလွှာနဲ့တကွ ရာသီဥတုအနေအထားအပေါ် မူတည်ပြီး အမြဲတမ်း အပြည့်အဝ မရနိုင်တဲ့ အကန့်အသတ်လည်း ရှိနေပါတယ်။

 အာကာသထဲမှာဆိုရင်တော့ ကမ္ဘာပေါ်မှာထားမယ့် ဆိုလာပြားနဲ့ အရွယ်တူဆိုရင်တောင် အာကာသထဲမှာ ထားမယ့် ဆိုလာပြားက နေစွမ်းအင်တွေ အများကြီးပိုပြီး စုပ်ယူနိုင်မယ်လို့ ဆိုပါတယ်။

 ကမ္ဘာ့လေထု အပြင်ဘက် အာကာသထဲမှာသာဆိုရင် ဆိုလာပြားတွေနဲ့ နေစွမ်းအင်ကို နေရှိနေသ၍ ရနေအောင် စီမံလို့ ဖြစ်နိုင်ပြီး ဂြိုဟ်တုတွေကလည်း အဲဒီနည်းနဲ့ စွမ်းအင်ရယူနေပြီးသား ဖြစ်ပါတယ်။

 ဒီလိုဆိုပေမယ့်လည်း အာကာသထဲမှာ ထားတဲ့ ဆိုလာပြားကနေ ကမ္ဘာကို မိုက်ခရိုဝေ့ဗ်သုံးပြီး လျှပ်စစ်စွမ်းအင်ပြန်ပို့မယ် ဆိုတဲ့ကိစ္စကတော့ သိပ္ပံဝတ္ထုဆန်ကောင်း ဆန်နေနိုင်ပါတယ်။

 တကယ်တမ်း အခုလို ဖြစ်လာနိုင်ဖို့က လာမယ့် ၂၀၃၅ လောက်မှာတင်ပဲ ဖြစ်နိုင်ခြေ ရှိနေတယ် ဆိုပြီး မစ္စတာ မာတင် ဆိုလ်တော်က ဘီဘီစီကို ပြောပါတယ်။

 သူဟာ နည်းပညာလုပ်ငန်း နယ်ပယ်နဲ့ အသိပညာရှင်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အာကာသမှတဆင့် စွမ်းအင်ထုတ်ယူရေး စီမံချက် (Space Energy Initiative - SEI) အဖွဲ့ ရဲ့ ပူးတွဲ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

 SEI အဖွဲ့ဟာ Cassiopeia ဆိုတဲ့ စီမံကိန်းတခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေပြီး ဒီ စီမံကိန်းအရ ကမ္ဘာကို ဂြိုဟ်တုပတ်နိုင်တဲ့ ပတ်လမ်းအမြင့်မှာ ဆိုလာပြားတွေ တပ်ထားမယ့် ဂြိုဟ်တုကြီးတွေ ထားရှိဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

 ဒီစီမံကိန်းအတိုင်း အပြည့်အဝ အကောင်အထည်ဖော်နိုင်ပြီဆိုရင် အခြေခံထားတဲ့ သဘောတရား အယူအဆအရ ၂၀၅၀ အရောက်မှာ တစ်ကမ္ဘာလုံးရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့အထိ အလားအလာရှိတယ်လို့ ဆိုပါတယ်။

 အခုလို Cassiopeia စီမံကိန်းအရ လွှတ်တင်မယ့် ပတ်လမ်းပေါ်မှာ ဆိုလာပြားတပ် ဂြိုဟ်တုတွေ ထားရှိ လည်ပတ်ဖို့ နေရာလုံလုံလောက်လောက် ရှိပြီး အဲဒီကနေ ရမယ့် စွမ်းအင်ပမာဏက အလွန်များပြားတယ်လို့ မစ္စတာ ဆိုလ်တော်က ဆိုပါတယ်။

 ကမ္ဘာရဲ့ နေကို ပတ်ဖို့ သွားနေတဲ့နှုန်းအတိုင်း တသွေမတိမ်း အမြန်နှုန်းနဲ့ လိုက်ပြီး ပတ်နေအောင် ဒီဂြိုဟ်တုတွေကို geostationary ပတ်လမ်းပေါ်မှာ ပတ်နေအောင် စီမံထားမှာ ဖြစ်ပါတယ်။

 အခုလို ကမ္ဘာရဲ့ သွားနှုန်းနဲ့ ထပ်တူကျတဲ့အတွက် ရှေ့ ကိုသွားနေရပေမယ့် သူတို့ရဲ့ အာကာထဲမှာ တည်နေရာက ကမ္ဘာမြေပေါ်က တနေရာနဲ့ အမြဲတမ်း တတန်းတည်းကျနေမှာလည်း ဖြစ်ပါတယ်။

 အခုလို geostationary ပတ်လမ်းကျဉ်းလေးပေါ်မှာ ထားမယ့် ဂြိုဟ်တုတွေက ရရှိနိုင်တဲ့ နေစွမ်းအင်က ဘယ်လောက်တောင် များသလဲဆိုရင် ၂၀၅၀ အရောက်မှာ ကမ္ဘာပေါ်က လူသားတွေအားလုံး သုံးကြမယ့် စွမ်းအင်အားလုံး စုစုပေါင်းထက် အဆ ၁၀ဝ အထိ ရှိတယ်လို့ လည်း မစ္စတာ ဆိုလ်တော်က ပြောဆိုခဲ့ပါတယ်။

 ယူကေအစိုးရက ဆိုရင်လည်း ဒီနှစ်အစောပိုင်းမှာ အာကာသထဲမှာ အခြေစိုက်မယ့် နေစွမ်းအင်ထုတ်ယူရေး စီမံကိန်း Space Based Solar Power (SBSP) စီမံကိန်းတွေအတွက် ပေါင် သုံးသန်း ထည့်ဝင်မယ်လို့ ကြေညာထားပါတယ်။

 ဒီဂြိုဟ်တုတွေက ဖမ်းယူရရှိတဲ့ နေစွမ်းအင်တွေကို ကြိမ်နှုန်းမြင့် ရေဒီလှိုင်းတွေအဖြစ် ပြောင်းလဲကာ ကမ္ဘာကို ထုတ်လွှင့်မှာဖြစ်

ဓာတ်ပုံ ရင်းမြစ်, SEI

ဓာတ်ပုံ ပုံစာ, ဒီဂြိုဟ်တုတွေက ဖမ်းယူရရှိတဲ့ နေစွမ်းအင်တွေကို ကြိမ်နှုန်းမြင့် ရေဒီလှိုင်းတွေအဖြစ် ပြောင်းလဲကာ ကမ္ဘာကို ထုတ်လွှင့်မှာဖြစ်

ယူကေအခြေစိုက် အင်ဂျင်နီယာနဲ့ နည်းပညာဆိုင်ရာ အကြံပေး ကုမ္ပဏီ ဖရေဇာ-နက်ရှ် ကုမ္ပဏီက အခုလို SBSP ဆိုင်ရာ အင်ဂျင်နီယာပညာအရ လေ့လာမှုတခုကို ပြုလုပ်အပြီး အခုလို အာကာသအခြေစိုက် နေစွမ်းအင်ထုတ်လုပ်ဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ အဖြေထွက်တဲ့အတွက် ယူကေအစိုးရက ဒါကို ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။

 အခုလို ယူကေအစိုးရက ဒီလို စီမံကိန်းမျိုးအတွက် ရင်းနှီးမြှုပ်နှံမယ့် ပမာဏထဲက အများစုကို SEI စီမံချက်က အများစု ရရှိဖို့လည်း မျှော်လင့်နေတာ ဖြစ်ပါတယ်။

 SEI စီမံချက်အရ ဖော်ဆောင်မယ့် ဂြိုဟ်တုတွေကို ပုံစံတူ ထောင်သောင်းချီတဲ့ အစိတ်အပိုင်းတွေနဲ့ စုပေါင်းပြီး ကမ္ဘာမြေပေါ်မှာ ပုံစံထုတ်မှာ ဖြစ်ပါတယ်။

 ဒီ အစိတ်အပိုင်းတွေကို အာကာသထဲရောက်တော့မှ အလိုအလျောက် အလုပ်လုပ်နိုင်တဲ့ စက်ရုပ်တွေက နေစွမ်းအင် စုပ်ယူနိုင်တဲ့ ဂြိုဟ်တုအဖြစ် တည်ဆောက်ပေးမှာဖြစ်ပြီး ဒီစက်ရုံတွေကပဲ ဂြိုဟ်တုကို ပြုပြင်ထိန်းသိမ်းရေး လုပ်ပေးနိုင်မယ့် စီမံထားတယ်လို့ ဆိုပါတယ်။

 ဒီဂြိုဟ်တုတွေက ဖမ်းယူရရှိတဲ့ နေစွမ်းအင်တွေကို ကြိမ်နှုန်းမြင့် ရေဒီလှိုင်းတွေအဖြစ် ပြောင်းလဲကာ ကမ္ဘာကို ထုတ်လွှင့်မှာဖြစ်ပြီး ကမ္ဘာကနေလည်း အဲဒီလှိုင်းတွေကို လျှပ်စစ်အဖြစ် အသွင်ပြောင်းနိုင်တဲ့ အင်တန်နာတွေနဲ့ ဖမ်းယူကာ လျှပ်စစ်ထုတ်ပေးမှာ ဖြစ်ပါတယ်။

 အခုလို နေစွမ်းအင်တွေကို ကမ္ဘာကို ထုတ်လွှင့်ပေးနိုင်တဲ့ ဂြိုဟ်တု တခုချင်းစီဟာ လျှပ်စစ် ဝပ်အားဖြင့် ၂ ဘီလျံဝပ် အထိ ကမ္ဘာပေါ်မှာ ပြန်လည် လျှပ်စစ်ထုတ်နိုင်စေမှာ ဖြစ်တဲ့အတွက် ကမ္ဘာပေါ်က နျူးကလီးယားဓါတ်အားပေး စက်ရုံတခုစာလောက် အင်အားကောင်းတာကို တွေ့ ရမှာ ဖြစ်ပါတယ်။

 အမေရိကန်နိုင်ငံမှာလည်း အလားတူ အာကာသအခြေစိုက် နေစွမ်းအင်ရယူရေး စီမံချက်တွေ လုပ်နေတာကို တွေ့ ရပါတယ်။

 အမေရိကန်လေတပ်က ထူထောင်ထားတဲ့ လေတပ်သုတေသနဓာတ်ခွဲခန်း (AFRL) ဟာ အခုလို စီမံချက်မျိုးအတွက် အရေးပါမယ့် နည်းပညာတွေကို ကြံဆ ပုံဖော်နေပြီး သူတို့ရဲ့ စီမံချက်ကိုတော့ အာကာသအခြေစိုက် နေစွမ်းအင် ပိုတိုးထုတ်နိုင်ရေး ပြသမှုနဲ့ သုတေသန (SSPIDR) လို့ အမည်ပေးထားပါတယ်။

 အဲဒီစီမံချက်ထဲမှာ ပုံဖော်နေတဲ့ နည်းပညာတွေကတော့ ဆိုလာဆဲလ်တခုချင်းစီက စွမ်းအင်စုပ်ယူမှု ပိုကောင်းရေး၊ နေစွမ်းအင်ကနေ ရေဒီယိုလှိုင်းအဖြစ် ပြောင်းလဲမှုအတွင်း စွမ်းအင် လေလွင့်မှု မရှိစေရေးနဲ့ ကမ္ဘာကို ရေဒီယိုလှိုင်းတွေ ထုတ်လွှတ်မှုနဲ့ ကမ္ဘာဘက်က ပြန်လည်ဖမ်းယူရာမှာ တည့်တည့်မတ်မတ်နဲ့ အပြည့်အဝ ရရှိရေး လှိုင်းပုံဖော်မှုတို့ ဖြစ်ပါတယ်။

 အခုလို စွမ်းအင်အပိုင်းနဲ့ သက်ဆိုင်တဲ့ နည်းပညာတွေ အပြင် အာကာသယဉ်သုံး ပစ္စည်းတွေမှာ အပူချိန်အတက်အကျ ပြင်းထန်မှု ဒဏ်ခံနိုင်ရေးနဲ့ အာကာသထဲရောက်မှ လုပ်ငန်းစတင် လည်ပတ်နိုင်မယ့် ပုံစံပြောင်းနိုင်တဲ့ စက်ပစ္စည်းတွေ ပုံစံထုတ်တဲ့ နည်းပညာတွေကိုလည်း SSPIDR က အဆင့်မြှင့်မှာ ဖြစ်ပါတယ်။

 ကမ္ဘာပေါ်ကို မိုက်ခရိုဝေ့ဗ်တွေ လွှတ်မယ်ဆိုတဲ့ကိစ္စက စိုးရိမ်စရာလို့ ထင်စရာရှိပေမယ့် ဒီနည်းပညာကို ကမ္ဘာမြေပြင်ပေါ်မှာ စမ်းသပ်ပြီးသား ဖြစ်သလို လူတွေအတွက်ရော၊ တောရိုင်းတိရစ္ဆာန်တွေအတွက်ပါ အန္တရာယ်မရှိဘူးလို့ ဆိုပါတယ်။

 မစ္စတာ ဆိုလ်တော်ရဲ့ အဆိုအရ ဆိုရင် အဲဒီမိုက်ခရိုဝေ့ဗ် လှိုင်းတွေက အင်တာနက်သုံးတဲ့ ဝိုင်းဖိုင်လှိုင်းတွေလိုပဲ အားပျော့တဲ့ လှိုင်းတမျိုးသာဖြစ်ပြီး နေမွန်းတည့်ချိန် နေပြင်းအားရဲ့ လေးပုံတပုံသာ ရှိမယ်လို့ ဆိုပါတယ်။

 လူတယောက်အနေနဲ့ ကမ္ဘာပေါ်က နေအပူအချိန် အများဆုံးခံရတဲ့ ကမ္ဘာလုံးအလည် အီကွေတာ မျဉ်းပေါ်က သဲကန္တာရမှာ ရှိမယ်ဆိုရင် အဲဒီမှာ ကျနေတဲ့ နေရောင်က တမီတာ ပတ်လည်ကို ဝပ် တထောင် အား ရှိတယ်လို့ ဆိုပါတယ်။

 နေစွမ်းအင်ကို စုပ်ယူမယ့် ဂြိုဟ်တုတွေက ကမ္ဘာကို ပြန်လည် ထုတ်လွှတ်မယ့် မိုက်ခရိုဝေ့ဗ်လှိုင်းရဲ့ ပြင်းအားကတော့ တမီတာ ပတ်လည်ကို ဝပ် ၂၄၀ သာ ရှိမှာ ဖြစ်တဲ့အတွက် လူတွေအတွက် ကြိမ်းသေ စိတ်ချရတယ်လို့ ဆိုနိုင်ကြောင်း မစ္စတာ ဆိုလ်တော်က ပြောပါတယ်။

ဖြစ်လာနိုင်ဖို့က လာမယ့် ၂၀၃၅ လောက်မှာတင်ပဲ ဖြစ်နိုင်ခြေ ရှိနေတယ် ဆိုပြီး မစ္စတာ မာတင် ဆိုလ်တော် SEI ဥက္ကဋ္ဌ ကပြော

ဓာတ်ပုံ ရင်းမြစ်, SEI

ဓာတ်ပုံ ပုံစာ, လာမယ့် ၂၀၃၅ လောက်မှာတင်ပဲ ဖြစ်နိုင်ခြေ ရှိနေတယ် ဆိုပြီး မစ္စတာ မာတင် ဆိုလ်တော် SEI ဥက္ကဋ္ဌ ကပြော

အခုလို အာကာသပြင်ပ နေစွမ်းအင်ထုတ်ယူမှုမှာ နည်းပညာဆိုင်ရာ အခက်အခဲတော်တော်များများ မရှိတော့ဘူးလို့ ဆိုနိုင်ပေမယ့် လက်တွေ့ မှာ အဲဒီနည်းပညာအတိုင်း အသုံးချ တည်ဆောက်ဖို့ ကတော့ အလွန်ရှုပ်ထွေးမယ်လို့ ဒေါက်တာ ဂျိုဗနာ ရဒူလိုဗစ် က ဆိုပါတယ်။

 ဒေါက်တာ ဂျိုဗနာ ရဒူလိုဗစ်ဟာ ယူကေနိုင်ငံ ပေါ့စ်မတ်သ် တက္ကသိုလ်က အပူနဲ့ အခြားစွမ်းအင်များ ဆက်စပ်ပုံဆိုင်ရာ thermodynamics ဘာသာရပ် ကထိက တဦးဖြစ်ပြီး ပြည့်မြဲစွမ်းအင် ထုတ်လုပ်တဲ့ စနစ်တွေကို အထူးပြု ကျွမ်းကျင်သူ တဦးလည်း ဖြစ်ပါတယ်။

 အခုလို အာကာသပြင်ပ နေစွမ်းအင်ထုတ်ယူမှု စီမံကိန်းအတွက် အာကာသထဲကို ဆိုလာပြားပေါင်းများစွာ လွှတ်တင်ရတာက အလွန် စရိတ်စက များမှာဖြစ်တဲ့အပြင် ဒိီစီမံကိန်းကြီး တခုလုံးအတွက် ကမ္ဘာမြေပေါ်ကနေ အာကာသထဲကို လွှတ်တင်မှု ရာနဲ့ ချီပြီး ပြုလုပ်ရမှာ ဖြစ်တဲ့အတွက် ကာဗွန်မိုနောက်ဆိုဒ် ထုတ်လွှတ်မှုလည်း အလွန်များမယ်လို့ ဒေါက်တာ ရဒူလိုဗစ်က ထောက်ပြခဲ့ပါတယ်။

 ယူကေနိုင်ငံ စကော့တလန်က စထရက်သ် ကလိုက်ဒ် တက္ကသိုလ်က Cassiopeia စီမံကိန်းကို လေ့လာချက်အရ ဆိုရင်တော့ အကောင်းမြင်စရာ ရှိနေပါတယ်။

 ဒီလေ့လာချက်အရ အာကာသထဲမှာ ထားမယ့် ဆိုလာပြားတွေကို ကမ္ဘာပေါ်မှာ ထားမယ်ဆိုရင် ပေါ်လာမယ့် ကာဗွန်အညစ်အကြေး အစွန်းထွက်လောက်တော့ မများပဲ တစ်ဝက်သာ ရှိမယ်ဆိုတာ တွေ့ ရပြီး လျှပ်စစ် တစ်ကီလိုဝပ်နာရီကို ကာဗွန် ၂၄ ဂရမ် ထွက်မယ်လို့ ဆိုပါတယ်။

 မစ္စတာ ဆိုလ်တော်ရဲ့ အဆိုအရကတော့ သူတို့ စတင်ဖော်ဆောင်ဖို့ လုပ်စဉ်ကထက် ဂြိုဟ်တု လွှတ်တင်စရိတ်က လက်တွေ့ မှာ ၉၀ ရာခိုင်နှုန်းအထိ ကျသွားခဲ့တာ တွေ့ ရပြီး နောက်ထပ်လည်း ကျနေသေးတာကို တွေ့ ရတယ်လို့ ဆိုပါတယ်။

 နောက်ထပ် အကောင်းမြင်စရာနှစ်ခုလည်း ရှိသေးပြီး နေစွမ်းအင်သုံး ဂြိုဟ်တုတွေရဲ့ နည်းပညာနဲ့ ပုံစံတိုးတက်လာမှုကြောင့် တစ်ခုစီ ဖြုတ်တပ်ရလွယ်ကူလာလို့ ကုန်ကျစရိတ်နဲ့ ထိန်းသိမ်းစရိတ် သက်သာလာတာတစ်ခု ရှိသလို ဒါတွေကို တပ်ဆင် ထုတ်လုပ်ပေးနိုင်တဲ့ စက်ရုပ်နည်းပညာနဲ့ အလိုအလျောက် လုပ်သွားနိုင်တဲ့ စနစ်တွေ ပိုတိုးတက်လာတာတွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

 SEI အနေနဲ့ ယူကေအစိုးရဆီက အကန့်အသတ်နဲ့သာ မတည်ငွေ ရနိုင်စရာ ရှိတာကြောင့် ပုဂ္ဂလိကပိုင်းက လာရောက် ရင်းနှီးမြှုပ်နှံမှုကိုလည်း မျှော်လင့်နေပါတယ်။

 ဒေါက်တာ ရဒူလိုဗစ်ကတော့ ၂၀၃၅ မှာ စလုပ်ဖြစ်အောင် ဆိုတဲ့ အချိန်သတ်မှတ်ချက်ဟာ အကောင်းမြင်လွန်းတဲ့ စောလွန်းတဲ့ မှန်းဆမှု ဖြစ်နေတယ်လို့ သတိပေးခဲ့ပါတယ်။

 ဒီလို စီမံကိန်းကြီးမျိုးဟာ အသေးစား စီမံကိန်းလေးတွေနဲ့ တဖြည်းဖြည်း တိုးတက်မှု ရလာမယ်ဆိုတာ ငြင်းစရာ မရှိပေမယ့် ကီလိုမီတာနဲ့ ချီတဲ့ ဆိုလာပြားတွေ အာကာသထဲ ပို့ ပြီး စသုံးနိုင်ဖို့ ဆိုတာကတော့ အချိန်တော်တော်ကြီး ယူရဦးမယ်လို့ လည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။