ကမ္ဘာ့အရေပြားကင်ဆာဖြစ်နှုန်းမြင့် သြစတြေးလျက နေလောင်ခံလိမ်းဆေး အရှုပ်တော်ပုံ

    • ရေးသားသူ, တက်ဘီ ဝီလ်ဆင်နဲ့ တစ်ဖနီ တန်းဘူးလ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း
    • ရေးသားပေးပို့သည့်နေရာ, ဆစ်ဒနီမြို့

ရာ့ချ်ဟာ ကမ္ဘာပေါ်မှာ အရေပြားကင်ဆာဖြစ်နှုန်းမြင့်တဲ့ သြစတြေးလျနိုင်ငံမှာ နိုင်ငံထဲက တခြားလူတွေနည်းတူ "နေရောင်ကို အကြီးအကျယ် ကြောက်ရွံ့ပြီး" ကြီးပြင်းလာသူဖြစ်ပါတယ်။

ဩစတြေးလျကျောင်းတွေမှာ ဆောင်ပုဒ်တစ်ခုအဖြစ် ပြောဆိုနေကြတဲ့ "ဦးထုပ်မပါဘဲ ကစားခွင့်မရှိ" ဆိုတဲ့ လူတွေမနှစ်မြို့လှတဲ့စည်းမျဉ်းဟာ သူရဲ့ ကလေးဘဝကို ပုံဖော်ပေးခဲ့ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေက ထုတ်လွှင့်ခဲ့တဲ့ ကြော်ငြာတွေမှာ နေရောင်ဟာ ကင်ဆာရောဂါဖြစ်စေနိုင်ကြောင်း သတိပေးထားပြီး ရာ့ချ်ရဲ့ အိမ်ရှေ့ တံခါးတိုင်းမှာ နေကာ ခရင်မ်တွေ အမြဲတစေ ထောင်ထားလေ့ရှိပါတယ်။

ယခုအသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ရာ့ချ်ဟာ နေ့စဉ် နေလောင်ကာခရင်မ်ကို နေ့အချိန်ခဏခဏ လိမ်းတတ်သူဖြစ်လာခဲ့ပြီး အိမ်ကနေ အပြင်ကို ဦးထုပ်မပါဘဲ မထွက်ဝံ့တော့ပါဘူး။

ဒါပေမယ့် မကြာသေးခင်တုန်းက၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ လုပ်ခဲ့တဲ့ စစ်ဆေးမှုတစ်ခုမှာ ဆရာဝန်တွေက သူ့ရဲ့နှာခေါင်းပေါ်မှာ အရေပြားကင်ဆာကို တွေ့ရှိခဲ့တဲ့အခါ ရာ့ချ် တယောက် အရမ်း အံ့အားသင့်သွားခဲ့ရပါတယ်။ သူ့အသက်အရွယ်နဲ့ နေရောင်ကို ရှောင်ရှားနေထိုင်တဲ့ ပုံစံပေါ်မူတည်ပြီး အခုလို ဖြစ်ရတာဟာ ပုံမှန်မဟုတ်ကြောင်း ဆရာဝန်တွေက ပြောပါတယ်။

သာမန်အားဖြင့် "အဆင့်နိမ့်နိမ့် သတ်မှတ်ထားတဲ့" အရေပြားကင်ဆာ - basal cell carcinoma - အဖြစ် သတ်မှတ်ထားပေမဲ့ ဒါကို ခွဲစိတ်ဖယ်ရှား ခဲ့ပါတယ်။ ခွဲစိတ်ပြီးတဲ့နောက် ရာ့ချ်ရဲ့ မျက်လုံးအောက်မှာ အမာရွတ်ကျန်ရစ်ခဲ့ပါတယ်။ ရာ့ချ်က ကလေးတစ်ယောက်မိခင်ဖြစ်ပြီး နယူးကာဆယ်မြို့မှာနေပါတယ်။

မိသားစုနာမည်ကို မဖော်ပြဖို့ တောင်းဆိုထားတဲ့ ရာ့ချ်က " ကျွန်မ အာရုံ ထွေပြားသွားတယ်။ ဒေါသစိတ်လည်း ဖြစ်မိတယ်။ ဘာကြောင့်များလဲပေါ့လေ။ 'ငါ့ကို လှောင်နေတာလား' ဆိုပြီး ပြောမိပါတယ်" လို့ ဘီဘီစီကို ပြောပါတယ်။

"ကျွန်မ ထိန်းထိန်းသိမ်းသိမ်းနေခဲ့တာလို့ ထင်ခဲ့တာ။ ဒါတောင် ကျွန်မမှာ ဒီလိုလာဖြစ်နေတယ်'' လို့ ရာ့ချ်က ပြောပါတယ်။

သူနှစ်ပေါင်းများစွာ သုံးခဲ့တဲ့ နေလောင်ကာခရင်မ်တွေဟာ စိတ်မချရဘဲ စမ်းသပ်စစ်ဆေးမှု တချို့အရ နေရောင်ဒဏ်ကနေ လုံးဝနီးပါး မကာကွယ်နိုင်ကြောင်း သိလာရတဲ့အခါ သူ့ ဒေါသ ပိုလို့ တိုးစေခဲ့ပါတယ်။

ယုံကြည်ရတဲ့ စားသုံးသူ အခွင့်အရေး ကာကွယ်ရေးအဖွဲ့ ကနေ သီးခြားလွတ်လပ်တဲ့ စုံစမ်းဖော်ထုတ်မှုအရ ဩစတြေးလျနိုင်ငံမှာ အရမ်းကို ရေပန်းစားပြီး ဈေးကြီးတဲ့ နေလောင်ကာခရင်မ် အမျိုးမျိုးဟာ သူတို့ကြော်ငြာထားတဲ့အကာအကွယ်အဆင့်ကို မပေးစွမ်းနိုင်ကြောင်း တွေ့ရှိရတဲ့အခါ နိုင်ငံတဝန်း အုတ်အုတ်ကျက်ကျက်ဖြစ်ပွားခဲ့ပါတယ်။

စားသုံးသူတွေဆီက ပြင်းထန်တဲ့တုံ့ပြန်မှုတွေရှိခဲ့ပြီးနောက် နိုင်ငံရဲ့ ကျန်းမာရေး ကြီးကြပ်ရေးတဲ့အဖွဲ့က စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ရာမှာ နေလောင်ခံ ခရင်မ် ပါတဲ့ ပစ္စည်းမျိုးစုံကို စတိုးဆိုင်တွေကနေ ပြန်လည်ရုပ်သိမ်းခဲ့ရပါတယ်။ ဒါ့အပြင် ကမ္ဘာတဝန်းမှာရှိတဲ့ နေလောင်ကာခရင်မ် စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်လို့လည်း မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အလှကုန်ဓာတုဗေဒပညာရှင် မိရှဲလ် ဝေါင်း က ဘီဘီစီ ကို ပြောကြားရာမှာ "ဒီပြဿနာက ဩစတြေးလျမှာတင်ပဲ ဖြစ်နေတာမဟုတ်ပါဘူး" လို့ ဆိုပါတယ်။

မှန်းဆချက်

ဩစတြေးလျလူမျိုးတွေဟာ နေရောင်ကို နှစ်သက်ကြပေမဲ့ နေရာင်ကို ကြောက်ကြလို့ သူတို့မှာ နေရောင်နဲ့ပတ်သက်ရင် ရှင်းရှင်းလင်းလင်း ပြတ်သားမှု မရှိကြပါဘူး။ "Slip, Slop, Slap" (ဝတ်ဆင်လိုက်၊ လိမ်းလိုက်၊ ဦးထုပ်ဆောင်းလိုက်) ဆိုတဲ့ ထိရောက်သော ပြည်သူ့ကျန်းမာရေး ဆောင်ပုဒ်နဲ့ ကြေးနီရောင် အသားအရေကို နှစ်သက်မြတ်နိုးတဲ့ အလှအပယဉ်ကျေးမှုနဲ့ ယှဉ်တွဲနေပါတယ်။

ကမ္ဘာပေါ်တွင် အရေပြားကင်ဆာ ဖြစ်ပွားမှုနှုန်း အမြင့်မားဆုံးရှိတဲ့ နိုင်ငံမျိုးမှာ ဩစတြေးလျနိုင်ငံသား သုံးယောက်မှာ နှစ်ယောက်က ဘဝတစ်လျှောက်လုံးမှာ အနည်းဆုံး တစ်ကြိမ် အရေပြားကင်ဆာ ခွဲစိတ်ကုသမှု ခံယူရလေ့ရှိတယ်လို့ ခန့်မှန်းရပါတယ်။

ဒါကြောင့် ဇွန်လက Choice Australia အရပ်ဖက် အဖွဲ့တခုရဲ့ စွပ်စွဲချက်တင်တဲ့ အစီရင်ခံစာကို ထုတ်ပြန်ချိန်မှာ ချက်ချင်းဆိုသလို ဂယက်ရိုက်သွားခဲ့ပါတယ်။ စမ်းသပ်မှုမှာ လွတ်လပ်ပြီး အသိအမှတ်ပြုထားတဲ့ ဩစတြေးလျလက်တွေ့စမ်းသပ်ခန်းတစ်ခုမှာ နေလောင်ကာခရင်မ် အမျိုးပေါင်း ၂၀ ကို စမ်းသပ်ခဲ့ရာ ၁၆ ခုက ထုပ်ပိုးမှုမှာ ဖော်ပြထားတဲ့ SPF (အရေပြား ကာကွယ်မှုအဆင့်) သတ်မှတ်ချက်နှင့် မကိုက်ညီကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ရေ့ချ် က သီးသန့်အသုံးပြုခဲ့ကြောင်း ပြောခဲ့တဲ့ Ultra Violette's Lean Screen SPF 50+ Mattifying Zinc Skinscreen မျက်နှာပေါင်း ဆေးဟာ စစ်ဆေးတွေ့ရှိချက်အရ "အရှုံးအများဆုံး" ထုတ်ကုန်ဖြစ်ပါတယ်။ ဒီနေရောင်ကာ ခရမ်ဟာ SPF 4 အဆင့်သာရှိကြောင်းပြသခဲ့ပြီး အဲဒီအချက်က Choice ကို အလွန်အံ့အားသင့်စေကာ နောက်ထပ်ဒုတိယစမ်းသပ်မှုတစ်ခု ပြုလုပ်စေခဲ့ပြီး နောက်မှာလည်း အလားတူ ရလဒ် ထွက်ခဲ့တဲ့ဖော်ပြချက်ကို ထုတ်ပြန်စေခဲ့ပါတယ်။

SPF ကြော်ငြာတွေနဲ့ မကိုက်ညီတဲ့တခြားထုတ်ကုန်တွေထဲမှာ Neutrogena, Banana Boat, Bondi Sands နဲ့ Cancer Council တို့က ထုတ်ကုန်တွေ ပါဝင်ပေမဲ့ သူတို့အားလုံးဟာ Choice ရဲ့တွေ့ရှိချက်တွေကို ငြင်းဆိုခဲ့ကြပြီး သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်တဲ့ စမ်းသပ်မှုတွေက သူတို့ရဲ့ နေလောင်ကာခရင်မ်တွေ ကြော်ငြာထားတဲ့အတိုင်း အကျိုးအာနိသင် ရှိကြောင်း ပြသနိုင်တယ်လို့ ဆိုပါတယ်။

အစီရင်ခံစာမှာ ဖော်ပြခံခဲ့ရတဲ့ ကုန်အမှတ်တံဆိပ်တွေဟာ ချက်ချင်းဆိုသလို အငိုက်မိသွားခဲ့ရပြီး အဆိုပါတွေ့ရှိချက်တွေကို စုံစမ်းစစ်ဆေးသွားမယ် "လိုအပ်ရင် စည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူသွားမယ်" လို့ ကြေညာခဲ့တဲ့ ကုထုံးဆိုင်ရာ ကုန်ပစ္စည်းစီမံခန့်ခွဲရေးအဖွဲ့ (TGA) ဆီကလည်း ချက်ချင်းတုံ့ပြန်မှု ရရှိခဲ့ပါတယ်။

Ultra Violette ကလည်း ပြန်လည်ခုခံခဲ့ပြီး Lean Screen ဟာ စိတ်ချရပြီး အကျိုးသက်ရောက်မှုရှိတယ်လို့ သူတို့အနေနဲ့ ယုံကြည်ကြောင်း၊ သူတို့ရဲ့ထုတ်ကုန်တွေကို စမ်းသပ်မှုတွေ အကျယ်တဝင့် ပြုလုပ်ထားကြောင်း၊ အဲဒီထုတ်ကုန်ကို ယူကေအပါအဝင် နိုင်ငံပေါင်း ၃၀ နီးပါးမှာရောင်းချခဲ့ပြီး ဩစတြေးလျဒေါ်လာ ၅၀ (ပေါင် ၂၄၊ အမေရိကန်ဒေါ်လာ ၃၃) အထက် ဈေးနှုန်းနဲ့ ရောင်းချခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် နှစ်လအတွင်းမှာပင် Ultra Violette ဟာ မတူညီတဲ့ ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်မှု ရှစ်ကြိမ်လုပ်ခဲ့ရာမှာ တစ်သမတ်တည်း မဟုတ်တဲ့ ရလဒ်တွေ ထွက်ပေါ်လာပြီးနောက် Lean Screen ကို ပြန်လည်ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။

"ကျွန်ုပ်တို့ရဲ့ ထုတ်ကုန်ဟာ ကျွန်ုပ်တို့ ဂုဏ်ယူဝင့်ကြွားရတဲ့ စံချိန်စံနှုန်းတွေနဲ့ သုံးစွဲသူတွေ မျှော်လင့်ထားတဲ့စံချိန်စံနှုန်းတွေကို မှီအောင် မထုတ်နိုင်ခံတဲ့အတွက် နက်နက်ရှိုင်းရှိုင်း စိတ်မကောင်း ဖြစ်ရပါတယ်" လို့ သူတို့ရဲ့ Instagram အကောင့်ကနေ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် "ကနဦး စမ်းသပ်မှုပြုလုပ်ခဲ့တဲ့ဓာတ်ခွဲခန်းနဲ့လည်း ဆက်ဆံမှုမရှိတော့ဘူး" လို့လည်း ဖော်ပြခဲ့ပါတယ်။

အခုလ နောက်ဆုံးရက်သတ္တပတ်အတွင်း အခြားကုန်အမှတ်တံဆိပ်တွေက Choice အစီရင်ခံစာမှာ မပါတဲ့ အနည်းဆုံးထုတ်ကုန်လေးမျိုးကို ရောင်းချမှု "ယာယီရပ်ဆိုင်း" လိုက်ပါတယ်။

ရေ့ချ် အနေနဲ့ သူယုံကြည်အားကိုးထားတဲ့ နေလောင်ကာခရင်မ် အမှတ်တံဆိပ်တွေနဲ့ ကင်ဆာရောဂါ ဖြစ်မှုတွေကြား ဆက်နွှယ်မှုရှိကြောင်း သက်သေပြဖို့ နည်းလမ်းမရှိဘူးလို့ သိထားပေမယ့် အဲဒီလိုဆက်နွှယ်မှုရှိတယ်လို့ သူက စွပ်စွဲနေတာ မဟုတ်ဘူးလို့ဆိုပါတယ်။

ဒါပေမယ့် Ultra Violette ရဲ့ပြဿနာကို တုံ့ပြန်ပုံက "ဗိုက်ကို အကန်ခံလိုက်ရသလို" ဖြစ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

သူ့အနေနဲ့ လုပ်ငန်းရှင်တွေဟာ သူတို့ထုတ်ကုန်တွေရဲ့ အားနည်းချက်တွေအတွက် တာဝန်မယူဘူးလို့ ခံစားမိပြီး ဒီပစ္စည်းတွေရဲ့ ထိရောက်မှုကို သံသယရှိနေချိန်မှာ နှစ်လတာ ဆက်လက်ရောင်းချခဲ့တဲ့အတွက် ဒီဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိမယ်လို့လည်း ဆိုပါတယ်။

"စိတ်ထိခိုက်မှုရဲ့ အဆင့်ငါးဆင့်လိုမျိုး ခံစားလိုက်ရတယ် သိတယ်နော်" ဟု သူမက ဆိုသည်။ "ကျွန်မ စိတ်ဆိုးမိတယ်၊ စိတ်တိုနေမိတယ်၊ မယုံနိုင်စရာတွေ ဖြစ်နေမိတယ်"

ရေ့ချ် လိုဘဲ ဒေါသထွက်နေကြတဲ့ နေလောင်ကာ ကရင်မ် သုံးစွဲသူတွေက ဒီဖြစ်ရပ်ဟာ စက်မှုလုပ်ငန်းအပေါ် ယုံကြည်မှုကို လှုပ်ခတ်သွားခဲ့တယ်လို့ ဆိုကြပါတယ်။

"ငွေပြန်အမ်းခံလိုက်ရတာဟာ နှစ်ပေါင်းများစွာ နေရောင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရတာတွေကို တကယ်ပြန်ပြင်ပေးနိုင်မှာ မဟုတ်ဘူးလေ" လို့ Ultra Violette ရဲ့ ထုတ်ကုန်ပြန်လည်ရုပ်သိမ်းရေး ထုတ်ပြန်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ တစ်ဦးက ရေးသားခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ စီးပွားရေးအရ ဆုံးရှုံးခဲ့ရပြီး လက်ရှိ Choice ရဲ့စမ်းသပ်မှုမှာ ရှုံးနိမ့်ခဲ့တဲ့ ထုတ်ကုန် ၁၆ ခုရဲ့ရောင်းချမှုကို ရပ်ဆိုင်းရုံသာမက လုံခြုံရေးကို ဦးစားပေးသည့်အနေဖြင့် ထုတ်ကုန်အားလုံးကို ရုပ်သိမ်းကာ စားသုံးသူတွေကို ငွေပြန်အမ်းတာမျိူး၊ ထုတ်ကုန်လျှော့ဈေးကဒ်တွေ ရရှိစေခဲ့တဲ့တစ်ခုတည်းသောကုမ္ပဏီဖြစ်ကြောင်း Ultra Violette ရဲ့ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက BBC ကို ဖြေကြားပါတယ်။

Ultra Violette ကိုယ်စားလှယ်က TGA နဲ့ အခြားသောအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး ဒီလို အရေးယူမှုကာလကို အကျိုးရှိရှိ အသုံးချနိုင်အောင် ဆောင်ရွက်နေကြောင်းလည်း ဖြည့်စွက်ပြောပါတယ်။ "ဒီကိစ္စရပ်ကို ရှေ့ဆက်တိုးနိုင်ဖို့ သူတို့ရဲ့တာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့ ပြဋ္ဌာန်းထားပါတယ်လို့" သူက ပြောပါတယ်။

Choice က TGA ကို နေလောင်ကာခရင်မ် ဈေးကွက်ကို စုံစမ်းစစ်ဆေးဖို့နဲ့ ကိုယ်ထုတ်ကုန်တွေမှာ ဖော်ပြထားတဲ့ SPF ကာကွယ်မှုအဆင့်ကို သံသယရှိတဲ့ ဘယ်ကုန်အမှတ်တံဆိပ်ကို မဆို ချက်ချင်း ရပ်ဆိုင်းဖို့ တိုက်တွန်းထားပါတယ်။

"ဩစတြေးလျ နေလောင်ကာ ခရင်မ် လုပ်ငန်းတွင် အရေးတကြီး ဖြေရှင်းရမည့် ပြဿနာတစ်ခု ရှိနေကြောင်း ထင်ရှားနေပါတယ်"လို့ ကမ်ပိန်းဒါရိုက်တာ Rosie Thomas က BBC ဆီကို ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘယ်လို ဖြစ်ရတာလဲ

ဥရောပမှာ နေလောင်ကာခရင်မ်ကို အလှကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားပေမဲ့ ဩစတြေးလျနိုင်ငံမှာတော့ အဲဒီပစ္စည်းကို ကုထုံးဆိုင်ရာ ကုန်ပစ္စည်း ဒါမှမဟုတ် လက်တွေ့ ဆေးဝါးတစ်မျိုးအဖြစ် - စည်းမျဉ်းစည်းကမ်းသတ်မှတ်ကာ ကမ္ဘာ့ နေလောင်ကာခရင်မ် စည်းမျဉ်းများအောက်မှာ ထားရှိပါတယ်။

အခုဖြစ်ရပ် ဒါမှမဟုတ် စမ်းသပ်ခံရမှုမှာ ပါဝင်ခဲ့တဲ့ ကုန်အမှတ်တံဆိပ်တွေဟာလည်း ဒီအချက်ကို အခိုင်အမာ ဖော်ပြလေ့ ရှိကြပါတယ်။ ဒါဆိုရင် အခုလို ဖြစ်ရတဲ့ အကြောင်းရင်းက ဘာကြောင့်ပါလဲ။

ဩစတြေးလျအသံလွှင့်ဌာန ABC ရဲ့ စုံစမ်းစစ်ဆေးမှုအရ Choice ရဲ့စမ်းသပ်မှုမှာ အရည်အသွေး ပြည့်မှီမှု မရှိဘူးလို့ မှတ်ချက်ပေးခံခဲ့ရတဲ့ နေလောင်ကာ ပစ္စည်းတွေရဲ့ တဝက်လောက်ဟာ အမေရိကန် အခြေစိုက် ဓါတ်ခွဲခန်း တခုထဲကနေ အရည်အသွေးဆိုင်ရာ လက်မှတ်ရထားတာ ဖြစ်ပြီး အဲဒီဓါတ်ခွဲခန်းက ထုတ်ပေးတဲ့ လက်မှတ်မှန်သမျှဟာ အဆင့်မြင့်ရလဒ်တွေနဲ့ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။

ဒါ့အပြင် စတိုးဆိုင်တွေကနေ ရုပ်သိမ်းခံခဲ့ရတဲ့ နေလောင်ကာခရင်မ် တော်တော်များများဟာ အခြေခံဖော်မြူလာ ဆင်တူညီယောင်ရှိပြီး ဩစတြေးလျနိုင်ငံ အနောက်ပိုင်းက ထုတ်လုပ်သူတစ်ဦးတည်းနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ကြပါတယ်။

TGA ကနေ လက်ရှိစုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ ယေဘုယျအနေနဲ့ ထုတ်ပြောလေ့မရှိကြောင်း၊ အကြောင်းကတော့ သူတို့ကို ထိခိုက်စေလိုစေမှု မရှိစေတာက တကြောင်း တကယ့်ကို စိတ်ကြိုက်ဖန်တီးနိုင်တဲ့ "လက်ရှိ SPF စမ်းသပ်မှု လိုအပ်ချက်တွေကို "ပြန်လည်သုံးသပ်ရန်" လည်း စဉ်းစားဆောင်ရွက်နေတာက တကြောင်းလို့ ဆိုပါတယ်။

"မတူညီသော နေလောင်ကာခရင်မ် ထုတ်ကုန်တွေဟာ အတူတူဖြစ်နေတဲ့ ဒါမှမဟုတ် ဆင်တူတဲ့အခြေခံဖော်မြူလာတွေကို မျှဝေအသုံးပြုခြင်းဟာ သာမန်အလေ့အထတစ်ခုဖြစ်ကြောင်း TGA အနေနဲ့ သိရှိထားတယ်" လို့ တီဂျီအေ ပြောရေးဆိုခွင့်ရှိသူတယောက်က ဘီဘီစီကို ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"နောက်ဆုံးမှာ ကိုယ်ထုတ်တဲ့ ဆေးဝါးတွေက သက်ဆိုင်ရာ ဥပဒေဆိုင်ရာလိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိစေဖို့ အာမခံခြင်းဟာ ထုတ်လုပ် ရောင်းချသူရဲ့ တာဝန်ဖြစ်တယ်"

Lab Muffin Beauty Science ကို တည်ထောင်သူ Dr. Wong ကတော့ ကာကွယ်စွမ်းရည် မြင့်မြင့်မားမားရှိပြီး အဆက်မပြတ် သက်တောင့်သက်သာ ရှိစေတဲ့ နေလောင်ကာခရင်မ် ထုတ်ဖို့ ဆိုတာ နည်းပညာအရ အလွန်ရှုပ်ထွေးပြီး ထုတ်လုပ်ဖို့ ခက်ခဲတယ်လို့ သူက ပြောပါတယ်။

လူတိုင်းရဲ့ အသားအရေဟာ ထုတ်ကုန်အပေါ် တုံ့ပြန်မှု ကွဲပြားကြောင်း၊ ချွေး၊ ရေ ဒါမှမဟုတ် အလှကုန်ပစ္စည်းတွေနဲ့ စမ်းသပ်မှုတွေ လုပ်ရတဲ့ ထုတ်ကုန်တခုဖြစ်ကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အဲဒီ အကြောင်းတွေကြောင့် ထိရောက်စွာ အဆင့်သတ်မှတ်ရန် အလွန်ခက်ခဲလှပြီး သမိုင်းကြောင်းအရ၊ နေလောင်ကာခရင်မ်ကို လူ ၁၀ ဦးမှာ အထူအပါး တူညီစွာ လိမ်းကျံပေးပြီး၊ အဲဒီ ထုတ်ကုန်လိမ်းကျံထားတဲ့ အသားအရေ ဒါမှမဟုတ် လိမ်းကျံ မထားတဲ့ အသားအရေမှာ နေလောင်မှုကို စတင်ချိန်ကို ချိန်ကိုက်တိုင်းတာတွေ ပြုလုပ်လေ့ရှိပါတယ်။

သိသာထင်ရှားတဲ့ လမ်းညွှန်ချက်တွေ ရှိပေမယ့် စမ်းသပ်မှုရလဒ်တွေမှာ ကွဲလွဲမှုများစွာ ရှိနေဆဲဖြစ်ကြောင်း Dr. Wong က ဆိုပါတယ်။ ဒါဟာ အသားအရေရဲ့ တည်ဆောက်ပုံနဲ့ အရောင်အသွေး၊ နံရံတွေရဲ့ အရောင်တွေအထိ သက်ရောက်မှုရှိပြီး "မတူညီတဲ့ ဓာတ်ခွဲခန်းတွေကနေ မတူညီတဲ့ ရလဒ်တွေ ရရှိနိုင်တယ်" လို့ သူက ဆိုပါတယ်။

ဒါပေမယ့် ရလဒ်တွေကို အလွယ်တကူ အတုအယောင်ပြုလုပ်နိုင်ကြောင်း၊ ၂၀၁၉ ခုနှစ်တုန်းက အမေရိကန်အာဏာပိုင်တွေက နေလောင်ကာခရင်မ် စမ်းသပ်ဓာတ်ခွဲခန်းတစ်ခုကို စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ပိုင်ရှင်ကို လိမ်လည်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သူက ပြောပါတယ်။

ကမ္ဘာအရပ်ရပ်ရှိ နေလောင်ကာခရင်မ် အမှတ်တံဆိပ်အမျိုးမျိုးဟာ ထုတ်လုပ်သူနဲ့ စမ်းသပ်ဓာတ်ခွဲခန်းတွေကို အတူတူပင် အသုံးပြုကြတာကြောင့် ဒီပြဿနာဟာ ဩစတြေးလျ နိုင်ငံ တခုတည်းမှာ ဖြစ်နေမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

"တစုံတယောက်က ထွက်ပြီး တခြားနိုင်ငံတွေမှာရှိတဲ့ နေလောင်ကာခရင်မ် အမျိုးမျိုးကို စမ်းသပ်မှသာ အဲဒီခရင်မ်တွေရဲ့ နေလောင်ခံနိုင်မှု အတိုင်းအတာကို သိရှိမှာ ဖြစ်တယ်" လို့ သူက ဆိုပါတယ်။

စည်းမျဉ်းစည်းကမ်းတွေက အကောင်အထည်ဖော်ဆောင်ရွက်သလို ကောင်းမွန်ပြီး အခုဖြစ်ရပ်က အဲဒီအချက်ကို သတိပေးနှိုးဆော်တာသာဖြစ်ကြောင်း သူက ဆိုပါတယ်။

ဒါပေမယ့် ဩစတြေးလျနိုင်ငံသားဖြစ်လို့ အရေပြားကင်ဆာ စွဲကပ်နိုင်ခြေ မြင့်မားသူများစွာအတွက် စိုးရိမ်မှုဖြစ်ပေါ်စေခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုကြောင့် ဖြစ်ခဲ့ရတဲ့ အလွန်အမင်း စိုးရိမ်ထိတ်လန့်မှုတွေဟာ အချိုးအစား မမျှဘူးလို့ Dr. Wong က ပြောပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေက ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး နေလောင်ကာခရင်မ် လက်တွေ့စမ်းသပ်မှုမျာ SPF 16 နေလောင်ကာခရင်မ်ကို နေ့စဉ်အသုံးပြုရင် အရေပြားကင်ဆာ ဖြစ်ပွားနှုန်းကို သိသိသာသာ လျော့ကျစေကြောင်း တွေ့ရှိခဲ့တယ်လို့ သူက ညွှန်ပြခဲ့ပါတယ်။

" Choice အဖွဲ့ကနေ စမ်းသပ်ခဲ့တဲ့ နေလောင်ကာခရင်မ် ၉၅% ရဲ့ အရေပြားကင်ဆာ ဖြစ်ပွားနှုန်းကို တစ်ဝက်ထက်ပိုပြီး လျော့ကျစေနိုင်တဲ့ SPF အဆင့် လုံလောက်စွာရှိကြတယ်" လို့ Dr. Wong ကပြောပါတယ်။

"SPF စမ်းသပ်မှုတချို့ဟာ ထိရောက်မှုရဲ့ အစစ်အမှန်ပုံရိပ်ထက် စျေးကွက်ရှာဖွေရေး လုပ်ဆောင်ချက်တစ်ခုအဖြစ် ပိုမိုဖြစ်လာကြောင်း သူ့အနေနဲ့ ခံစားရမိတယ်" လို့ သူက ဆိုပါတယ်။

နေလောင်ကာခရင်မ် ရွေးချယ်တဲ့အခါ လုပ်ရမယ့် အရေးအကြီးဆုံးအရာက လုံလောက်တဲ့ ပမာဏကို အမှန်တကယ် လိမ်းကျံအသုံးပြုရမှာ ဖြစ်ပြီး မျက်နှာအပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုစီအတွက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ပမာဏအနည်းဆုံး လိုအပ်ကြောင်း သူကရှင်းပြပါတယ်။

အကောင်းဆုံး ကတော့ နှစ်နာရီတစ်ကြိမ်ခန့် လိမ်း ပေးသင့်ပြီး အထူးသဖြင့် ချွေးအလွန်အမင်းထွက်ခြင်း သို့မဟုတ် ရေကူးခြင်းများ ပြုလုပ်ပါက ပိုပြီး လိမ်းကျံပေးသင့်ကြောင်း သူက ဆိုပါတယ်။

နေလောင်ကာခရင်မ်ကို ကာကွယ်ရေးဝတ်စုံဝတ်ဆင်ခြင်းနဲ့ အရိပ်ရှိရာနေရာတွေမှာ နေထိုင်တာလို တခြား ဘေးကင်းရေး နည်းလမ်းတွေနဲ့ ပေါင်းစပ်အသုံးပြုဖို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပြု တိုက်တွန်းထားပါတယ်။