ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇန်နဝါရီလ ၂၂ ရက်ထိပ်တန်းသတင်းများ- အိန္ဒိယကိုထွက်ပြေးခဲ့တဲ့ စစ်သားရာချီ ရခိုင်စစ်မျက်နှာကို ပြန်ရောက်နေ
ရခိုင်ပြည်နယ်နဲ့ဆက်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တိုက်ပွဲတွေအတွင်း အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ရာချီထဲက အများစုဟာ ရခိုင်စစ်မျက်နှာပြင်မှာ ပြန်ရောက်နေတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)က ပြောဆိုလာပါတယ်။
အေအေဟာ ပလက်ဝမှာရှိတဲ့ စစ်ကောင်စီရဲ့ မီးဝဗျူဟာနဲ့ နှမဒါဗျူဟာစခန်းတွေကို အခုလဆန်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သီတင်းတစ်ပတ်ကျော်အကြာ ဇန်နဝါရီလ ၁၄ ရက်မှာတော့ အဲဒီစခန်းတွေ အပြင် ပလက်ဝကိုပါ ထိန်းချုပ်နိုင်ပြီလို့ ကြေညာထားတာပါ။
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေ အုပ်စုလိုက် ဒါမှမဟုတ် တစ်ဦးချင်းတစ်ယောက်ချင်း ထွက်ပြေးကြသူတွေရှိလို့ လူထုကသတိရှိဖို့ ဆိုပြီး အေအေဘက်က အဲဒီတုန်းက စာထုတ်ပြန်ခဲ့ဖူးပါတယ်။
အခုတော့ တိုက်ပွဲတွေအတွင်း မြန်မာနဲ့ကပ်လျက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတဲ့ စစ်ကောင်စီတပ်သား ၄၀၀ ကျော်ထဲက အများစုကို အိန္ဒိယဘက်က ပြန်ပို့ခဲ့တဲ့နောက်မှာတော့ အဲဒီစစ်သားတွေဟာ ရခိုင်စစ်မျက်နှာပြင်ကို ပြန်ရောက်လာပြီလို့ အေအေက ဇန်နဝါရီလ ၂၁ ရက်ညပိုင်းထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုလာတာဖြစ်ပါတယ်။
အိန္ဒိယရဲ့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကတော့ စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့ ပြည်နယ်ထဲကို ဝင်လာတဲ့အပေါ် စိုးရိမ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ ပြောဆိုထားပါတယ်။
‘‘ခိုလှုံဖို့ ဆိုပြီး မြန်မာပြည်က လူတွေ ကျွန်တော်တို့ နိုင်ငံထဲကို ထွက်ပြေးလာနေပါတယ်။ လူသားချင်းစာနာမှုရှေးရှုပြီးလည်း လက်ခံနေပါတယ်။ အဲဒီထဲမှာလည်း မြန်မာစစ်သားတွေ မပြတ်ဝင်လာနေပါတယ်။ သူတို့ကိုတော့ သူတို့ကို လေယာဥ်နဲ့ မြန်မာဘက်ခြမ်းကို ပြန်လွှဲနေပါတယ်။ အခုဆို မြန်မာဘက်ကို ပြန်ပို့လိုက်တဲ့ စစ်သား ၄၅၀ အထိရှိနေပြီ’’ လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က အာသံ၊ မဏိပူရနဲ့ မီဇိုရမ်ပြည်နယ်တို့အပါအဝင် ပြည်နယ်ရှစ်ခုပါဝင်တဲ့ အိန္ဒိယအရှေ့မြောက်ဒေသကောင်စီ အစည်းအဝေးအပြီးမှာ ပြောထားပါတယ်။
မြန်မာပြည်နယ်စပ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အိန္ဒိယဘက်က စိုးရိမ်ကြောင်းပြောထားပြီး နယ်စပ်တစ်လျှောက်မှာ အာသံရိုင်ဖယ်တပ်ဖွဲ့ပေါင်း နှစ်ဆယ်ကို အိန္ဒိယက ဖြန့်ကြက်ထားပါတယ်။
မန်ဝိန်းကြီး တပ်စခန်းနဲ့ ရဲစခန်းတွေကို သိမ်းပိုက်ရရှိတယ်လို့ KIA ပြော
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးရွာထဲက တပ်စခန်း၊ ရဲစခန်းနဲ့ စုပေါင်းဂိတ်တွေကို သိမ်းပိုက်ထားပြီလို့ ကချင်လွတ်လပ်ရေးတပ် KIA/KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုပြောပါတယ်။
အဲဒီစခန်းတွေကနေ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိပြီး သူတို့ကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနဲ့အညီသာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
ဒါအပြင် စခန်းတွေကနေလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိထားပြီး အဲဒီစခန်းတွေကို နယ်မြေရှင်းလင်းရေးဆက်လုပ်နေတယ်လိုသိရကြောင်းသူကဆက်ပြောပါတယ်။
ဇန်နဝါရီလ ၂၁ ရက် မနက်ပိုင်းက KIA/ PDF ပူးပေါင်းတပ်ဖွဲ့ဟာ မန်ဝိန်းကြီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးခဲ့ကြသလို လက်နက်ချသူတွေလည်းရှိတယ်လို့သိရကြောင်း ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။
''မန်ဝိန်းကြီးမှာသိမ်းတာကတော့ ဒေသအခေါ် ကောင်းခန့်စခန်းလို့ခေါ်တယ်။ ခလရ - ၄၂၄ စခန်းဖြစ်ပါတယ်။ ရဲစခန်းတွေလည်းပါပါတယ်။ အရင်ဆုံးသိမ်းမိတာကတော့ တပ်စခန်းကောင်းခန့်စခန်းကို သိမ်းမိပြီး နောက်ပြီး တရုတ်နယ်စပ်မှာ စစ်တပ်ဖွင့်ထားတဲ့ စုပေါင်းဂိတ်ကိုဆက်ပြီးသိမ်းပါတယ်။တိုက်တာကတော့ PDF အဖွဲ့တွေနဲ့အားလုံးပေါင်းပြီးတိုက်တာပါ '' လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲက မန်ဝိန်းကြီးဒေသဟာ မြန်မာ-တရုတ်နယ်စပ်မှာရှိသလို ရှမ်းမြောက်မူဆယ်မြို့နဲ့လည်းဆက်နေတာဖြစ်ပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်ခရိုင်ထဲက မဘိမ်းမြို့ကို KIA/PDF ပူးပေါင်းတပ်နဲ့ ကျောင်းသားတပ် ABSDF တို့က တိုက်ခိုက်သိမ်းယူခဲ့သလို မန်ဝိန်းကြီးဘက်မှာလည်း ရဲစခန်းအပါအဝင် တပ်စခန်းတွေကို KIA/PDF ပူးပေါင်းတပ်တွေကသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးကို အပစ်ရပ်ဖို့ ကူမင်းမှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ဖွဲ့ကြားမှာ သဘောတူလက်မှတ်ထိုးခဲ့ပြီးနောက်မှာတော့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်နဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ပွဲတွေဖော်လာပြီး မြို့သိမ်း စခန်းသိမ်းတိုက်ပွဲတွေဆက်ရှိလာတာဖြစ်ပါတယ်။
စစ်တပ်ဘက်က ရဟတ်ယာဥ်တစ်စီး ပျက်ကျခဲ့တဲ့အထိဖြစ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက မန်ဝိန်းကြီးက တိုက်ပွဲတွေအကြောင်း ဒီလင့်ခ်မှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ကျောက်တော်မှာဖမ်းမိတဲ့ ဒဏ်ရာရ ဗျူဟာမှူး ဒုဗိုလ်မှူးကြီးကို AA ဆေးကုပေးနေ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ နည်းဗျူဟာ ၃ က ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ညီညီဝင်းကို ဆေးကုသပေးနေတဲ့ဓာတ်ပုံကို ရက္ခိုင့်တပ်တော် အေအေက ထုတ်ပြန်လာပါတယ်။
ကျောက်တော်က စစ်ကောင်စီရဲ့ အမှတ် ၃၇၇ အမြောက်တပ်ရင်းနဲ့ အမှတ် ၅၉၃ ခြေလျင်တပ်ရင်းတွေကို သိမ်းပိုက်တဲ့ဓာတ်ပုံတွေကို ဇန်နဝါရီလ ၂၁ ရက်ညပိုင်းမှာ ထုတ်ပြန်ချိန် ဒုတိယဗိုလ်မှူးကြီးရဲ့ ဓာတ်ပုံလည်း ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဓာတ်ပုံမှာတော့ ဒဏ်ရာရ ဒုတိယဗိုလ်မှူးကြီးကို ဝမ်းတွင်းသွေးယိုစိမ့်တယ်လို့ ယူဆရတဲ့အခြေအနေနဲ့ ဆေးကုသကုတင်ပေါ်မှာ လဲလျောင်းနေတဲ့အနေအထားနဲ့တွေ့ရပြီး ဦးခေါင်းမှာလည်း ပတ်တီးစီးထားတာတွေကို တွေ့ရပါတယ်။
ကျောက်တော်က စစ်ကောင်စီစခန်းတွေကို အေအေက ပြီးခဲ့တဲ့သီတင်းတစ်ပတ်အတွင်း တိုက်ခိုက်ချိန် စစ်ကောင်စီ ဒုတိယဗိုလ်မှူးကြီးကိုလည်း ဒဏ်ရာနဲ့ ဖမ်းဆီးရမိတာလို့ နားလည်ရပါတယ်။