အောက်တိုဘာ ၁၃ ရက် ထိပ်တန်းသတင်းများ- CDF ထန်တလန် စစ်ဦးစီးချုပ် တိုက်ပွဲကျ

ဓာတ်ပုံ ရင်းမြစ်, CDF ထန်တလန်
ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ထန်တလန်ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းရမ် ဇာရ် (Ram Zel) ဟာ အောက်တိုဘာ ၁၂ ရက်တုန်းက ထန်တလန်မြို့ပေါ် တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တယ်လို့ မြေပြင်စစ်ရေးအခြေအနေ သိသူတွေက ဘီဘီစီကို အတည်ပြုပါတယ်။
ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံး အဆောက်အအုံနဲ့ ရဲစခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာ လနဲ့ချီ ကြာနေပြီဖြစ်ပြီး အဲဒီတိုက်ပွဲတွေအတွင်းမှာ ကျဆုံးခဲ့တာလို့ သိရပါတယ်။
“NLD ရုံးမှာ (စစ်သား) ၃၀ လောက်ကျန်တယ်။ ရဲစခန်းမှာ ၇၀ လောက်ကျန်တယ်။ NLD ရုံးကို တိုက်ဖို့ ပြင်နေတဲ့အချိန် အဝေးကနေ ပစ်လိုက်တာ။ မီတာ ရာဂဏန်းလောက်ပွဲ တစ်ဖက်နဲ့ တစ်ဖက် ဝေးနေတဲ့ကြတဲ့အချိန်မှာဖြစ်တာ။ စစ်ဦးစီးချုပ်က သူ ကိုယ်တိုင် ပစ်မယ်ဆိုပြီး လက်နက်တွေ ပြင်ဆင်နေတဲ့အချိန်မှာ တစ်ဖက်က သတင်းဦးပြီး ပစ်လိုက်တာလို့ ကနဦးသိရတယ်’’ လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။
ကျဆုံးချိန်မှာ စစ်ဦးစီးချုပ်ဟာ အသက် ၃၀ ဝန်းကျင်သာရှိသေးတာဖြစ်ပါတယ်။
အရည်အချင်းရှိတဲ့ စစ်ဦးစီးချုပ်ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဒီလိုအချိန်မှာဆုံးရှုံးရတာဟာ ချင်းပြည်နဲ့ ချင်းလူမျိုးအတွက်သာမဟုတ်ဘဲ အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDFရဲ့အတွင်းရေးမှူး ဆလိုင်းဝီလီယမ်ချင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောထားပါတယ်။
ထန်တလန်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်ဦးစီးချုပ်ဆလိုင်း Ram Zel ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာ မသိမ်းခင် ကာလတုန်းက အမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ ချင်းကျောင်းသားလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ဦးဆောင်ပါဝင်လေ့ရှိတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
ထန်တလန်တိုက်ပွဲမှာ ချင်းအမျိုးသားတပ်ဦး(CNA/CDF)နဲ့ ချင်းကာကွယ်ရေးတပ်(CDF) ဟားခါး၊ ထန်တလန် စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်နေပြီး ပူးပေါင်းတပ်တွေဘက်က တပ်ဖွဲ့ဝင် ၈ ဦးအထိ ကျဆုံးတယ်လို့ ချင်းကောင်စီ(CC)နဲ့ နီးစပ်သူတွေက ဘီဘီစီကို အတည်ပြုပါတယ်။
စစ်မှုထမ်းအကောင်အထည်ဖော်တဲ့ လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်တစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ ပြောက်ကျားအဖွဲ့ပြော

ဓာတ်ပုံ ရင်းမြစ်, social media
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း) စီမံအုပ်ချုပ်ရေးကော်မတီဝင် ဦးကျော်သူဝင်းကို ပစ်ခတ်ခဲ့တယ်လို့ မြို့ပြပြောက်ကျားလှုပ်ရှားတဲ့အဖွဲ့လို့ ယူဆရတဲ့ Golden Valley Warriors အဖွဲ့က လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပစ်ခတ်မှုဟာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)၊ အမှတ် ၁၁ ရပ်ကွက်မှာရှိတဲ့ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းအနီး ဖြစ်ပွားခဲ့တာလို့ ဘီဘီစီက သိရပါတယ်။
ပစ်ခတ်မှုလုပ်ခဲ့တဲ့ပြောက်ကျားအဖွဲ့ကတော့ ၂၀၂၄ ခုနှစ်အတွင်းမှာ ဦးကျော်သူဝင်းဟာ မြို့နယ် အတွင်းက လူငယ်ရာနဲ့ချီ စစ်မှုထမ်းရအောင် အတင်းအဓမ္မ ဖိအားပေးခဲ့တယ်ဆိုတာနဲ့ သူ့ရဲ့ စီးပွားရေးတွေ အကြောင်းကို ပြောထားပါတယ်။
ဒေသတွင်းသတင်းတွေမှာတော့ ဦးကျော်သူဝင်းနဲ့ သူ့ရဲ့ ကိုယ်ရေးအရာရှိတို့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်တယ်လို့ ရေးသားဖော်ပြနေပါတယ်။
ဦးရွှေမန်းလို့လည်း သိကြတဲ့ ဦးကျော်သူဝင်းရဲ့ဖုန်းကို ဘီဘီစီဆက်သွယ်ခဲ့ပေမဲ့ အခြေအနေ အသေးစိတ်ကို ဖုန်းပြန်ခေပြီး ရှင်းပြပါမယ်လို့ပဲ အကြောင်းပြန်ပါတယ်။
ဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဟာ လှိုင်သာယာနဲ့ ရန်ကုန်တခြားမြို့နယ်တွေကို ဆက်ထားတဲ့ အောင်ဇေယျတံတား၊ ဘုရင့်နောင်တံတားတွေကို ပိတ်ဆို့စစ်ဆေးတာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန်လတုန်းကလည်း အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) အဖွဲ့ဝင် ဦးစိုင်းလင်းဇော်ဟာ ရပ်ကွက်ထဲမှာပဲ ပစ်ခတ်ခံရမှုပြီးတဲ့နောက် လှိုင်သာယာဆေးရုံအရောက်မှာ သေဆုံးမှုဖြစ်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ မတ္တရာအရှေ့ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဆက်တိုက်လုပ်နေ

ဓာတ်ပုံ ရင်းမြစ်, မန္တလေး PDF
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်(MDY-PDF)အပါအဝင် ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၁၃ ရက် ဒီနေ့မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ MDY – PDF ပြောရေးဆိုခွင့်ရှိ သူ ကိုအော်စမွန်က ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ သတင်းရရှိတာကြောင့်လို့ဆိုပြီး ဧရာဝတီမြစ်ကြောင်းတလျှောက် မတ္တရာမြို့နယ်ထဲက PDF ရှိတဲ့ကျေးရွာတွေကို စက်တင်ဘာ ၂၀ ရက်ကစပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ လကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
“ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာမျိုးတော့ မရှိခဲ့ပါဘူး။ မတ္တရာနယ်မှာ အရှေ့ခြမ်းကို တော်လှန်ရေး တပ်ဖွဲ့တွေက အလုံးစုံထိန်းထားနိုင်ပြီး အနောက်ခြမ်းမှာလည်း ဒေသတချို့ကို ထိန်းချုပ်ထားနိုင်ပါတယ်”လို့ ကိုအော်စမွန်က ပြောပါတယ်။
စစ်ကောင်စီက မတ္တရာနယ်တစ်ခုလုံးကိုတော့ လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်တာ နေ့စဉ်လုပ် နေတယ်လို့ သူကပြောပါတယ်။
မြေပြင်သတင်းတွေအရတော့ စစ်ကောင်စီတပ်ဟာ မန္တလေးမြို့ကနေအထွက် ပုသိမ်ကြီးမြို့နယ်ထဲမှာရှိတဲ့ အေးရိပ်ငြိမ်သုသာန်အလွန် ထီးတော်မိုးကျေးရွာမှာ အခြေစိုက်ပြီး မတ္တရာကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ နေ့စဥ် ပစ်ခတ်နေကြတယ်လို့ သိရပါတယ်။
ထီးတော်မိုးရွာမှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၅ စက်မှု လက်မှု တပ်ရင်းလည်း ရှိနေပါတယ်။
အောက်တိုဘာ ၁၁ ရက်တုန်းကလည်း စစ်ကောင်စီက မတ္တရာမြို့နယ်၊ ဝေါစုရွာ စစ်ရှောင်စခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် သံဃာတော် နဲ့ ကလေးသူငယ်အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးကာ အများအပြား ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လကစလို့ မန္တလေး PDF နဲ့ မဟာမိတ်တပ်တွေဟာ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်း ၃၀ ကျော်နဲ့ ပုသိမ်ကြီးမြို့နယ်ထဲက အယ်လ်ဖာဘိလပ်မြေစက်ရုံတို့ကို သိမ်းထားပါတယ်။
စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေ ငါန်းဇွန်နယ်မှာ တိုက်ပွဲဆက်ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, CDSOM
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်ထဲက ငါန်းမြာကြီးစခန်းပြန်ရရေးအတွက် စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးတာရှိနေတဲ့အတွက် စစ်ကြောင်းသွားတဲ့လမ်းမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ အောက်တိုဘာ ၁၃ ရက် ဒီနေ့ထိတိုက်ပွဲ ဆက်ရှိနေတယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့(CDSOM) ဦးဆောင်သူ ကိုနွေဦးမြောင်က ဘီဘီစီကို ပြောပါတယ်။
ငါန်းမြာကြီးစခန်းကို CDSOM အပါအဝင် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက စက်တင်ဘာ ၁၈ ရက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ငါန်းမြာကြီးစခန်းဟာ မန္တလေးတံတားဦး လေဆိပ်နဲ့ မြင်းခြံခရိုင်ဘက်ကို ဝင်ပေါက်လိုဖြစ်နေတော့ ဒီစခန်းကို မရရအောင် ပြန်တိုက်ယူနေတဲ့သဘောပဲ။ စခန်းပြန်ရအောင် လေကြောင်းက ဆက်တိုက် ဖိနေတယ်”လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ငါန်းမြာကြီးရွာဘက်ကို လာနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွာနဲ့တစ်မိုင်အကွာ မိုးတောင်ရွာထဲမှာ ရှိနေတယ်လို့သူကပြောပါတယ်။
စစ်ကြောင်းထိုးတာနဲ့ လေကြောင်းပစ်တာကြောင့် ငါန်းမြာကြီးရွာနဲ့ပတ်ဝန်းကျင်က ရွာ ၅ ရွာလောက်က ရွာခံ တွေနီးစပ်ရာကို စစ်ရှောင်နေထိုင်နေကြရတာဖြစ်ပါတယ်။
ဒေသကာကွယ်ရေးတပ်တွေက ငါန်းမြာကြီးစခန်းကိုသိမ်းပြီးနောက်ပိုင်း စက်တင်ဘာ ၂၀ ကစလို့ စစ်ကောင်စီရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရခဲ့တယ်လို့ CDSOM ရဲ့ အချက်အလက်အရ သိရပါတယ်။
‘‘စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြောက်မက်ဖွယ်ရာအဆင့်ကို ရောက်နေပြီ’’

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
မြန်မာမှာ စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ကြောက်မက်ဖွယ်ရာအဆင့်ကို ရောက်နေပြီလို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောလိုက်ပါတယ်။
စစ်ကောင်စီတပ်က နိုင်ငံတဝန်းမှာ လေကြောင်းအပါအဝင် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ပြီးခဲ့တဲ့တစ်လအတွင်းမှာ ကလေးငယ် ၁၂ ဦးအပါအဝင် လူပေါင်း ၁၁၇ ဦးသေဆုံးခဲ့တာကို ထောက်ပြပြီး သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးစုတစ်စုအား စနစ်တကျဖယ်ရှားမှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသား မျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုတွေကို ကျူးလွန်သူတွေနဲ့ ထိုက်တန်တဲ့နေရာဟာလွှတ်တော်နဲ့ သမ္မတ အိမ်တော်တွေ မဟုတ်ဘဲ နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွေသာ ဖြစ်သင့်တယ်လို့ သူက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးမှာ အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်မှာကျင်းပတဲ့ ၇၉ ကြိမ်မြောက် အထွေထွေညီလာခံရဲ့ ဆဋ္ဌမ ကော်မတီမှာ ‘‘လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ခေါင်းစဥ်’’ အစည်းအဝေးမှာ အောက်မှာ ဦးကျော်မိုးထွန်းက အခုလို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲကို မြန်မာအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၁၀၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ရဲ့ ကိုယ်စားလှယ်လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
နေပြည်တော် အာဆီယံရေချုပ်အစည်းအဝေးပွဲ ၃ နိုင်ငံ ရေချုပ်တွေသာ လူကိုယ်တိုင်တက်ရောက်

ဓာတ်ပုံ ရင်းမြစ်, CINCDS
နေပြည်တော်မှာ ပြီးခဲ့တဲ့ ၂ ရက်တုန်းက ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ရေတပ်စစ်ဦးစီးချုပ်တွေအစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံ ၃ နိုင်ငံက ရေချုပ်တွေသာ လူကိုယ်တိုင် တက်ရောက်ခဲ့တာတွေ့ရပါတယ်။
၁၈ ကြိမ်မြောက်ဖြစ်တဲ့ အာဆီယံရေချုပ်အစည်းအဝေးကို အောက်တိုဘာလ ၁၀ ရက်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်ရေချုပ် ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းက ဦးဆောင်ကျင်းပခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
အဲဒီအစည်းအဝေးပွဲကို ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့က ရေချုပ်တွေ၊ လာအိုစစ်တပ် စစ်ဦးစီးဌာန ဒုတိယအကြီးအကဲတို့က လူကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ ထိုင်း ရေချုပ်တွေက အွန်လိုင်းကနေ တက်ရောက်ခဲ့ပြီး အင်ဒိုနီးရှားနဲ့ မလေးရှား ရေချုပ်တို့ကတော့ ဗီဒီယိုမက်ဆေ့သာ ပေးပို့ခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
စစ်ကောင်စီရေချုပ်ဘက်ကတော့ နှစ်နိုင်ငံရေတပ်တွေကြားနဲ့ အာဆီယံကြား ပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေနဲ့ သဘာဝဘေးအန္တရာယ် ပူးပေါင်းကာကွယ်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
နေပြည်တော်မှာ စစ်ကောင်စီက အာဆီယံ ရေချုပ် အစည်းအဝေးကို ကျင်းပနေချိန်မှာ စစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကလည်း လာအိုမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေကို မြန်မာကိုယ်စားပြုပြီး ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာတွေ့ရပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာဟာ အာဆီယံ ပဋိဉာဥ်တွေအတိုင်း ပူးပေါင်းဆောင်ရွက်တွေနေတယ်လို့ နေပြည်တော်မှာ အာဆီယံရေချုပ်တွေ၊ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံချိန် ပြောထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံကလုပ်တဲ့ အစည်းအဝေးပေါင်း ၅၀၀ ကျော်မှာ စစ်ကောင်စီကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ရတဲ့တာကို ပြန်လည်သုံးသပ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့က အာဆီယံကို အခုလအစောပိုင်းမှာ အိတ်ဖွင့်စာပေးပို့ခဲ့ပါတယ်။











