NUG ရဲ့ နိုင်ငံကို ကိုယ်စားပြုခွင့် လျှောက်ထားမှုနဲ့ ကုလအထွေထွေညီလာခံ

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations
၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ စက်တင်ဘာ ၁၃ ရက်နေ့မှာ စတင်ခဲ့ပြီ ဖြစ်တာကြောင့် မြန်မာကို ကိုယ်စားပြုခွင့် ဆိုတဲ့ အကြောင်းချင်းရာဟာလည်း တကျော့ပြန်လည် အရေးကြီးလာပြီ ဖြစ်ပါတယ်။
NUG နဲ့ စစ်ကောင်စီတို့ အပြိုင်လျှောက်ထားကြမှုတွေကို အရည်ချင်းစစ် ကော်မတီက စိစစ်ပြီးတဲ့နောက် ကုလ အထွေထွေညီလာခံကြီးက အတည်ပြုနိုင်ဖို့ရာ အကြံပြုကြမှာ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ကော်မတီထဲ ပါဝင်မြဲ အမေရိကန်၊ တရုတ်နဲ့ ရုရှား တို့ အပြင် ကျန် ၆ နိုင်ငံ ဘယ်နိုင်ငံတွေ ဖြစ်လာဖို့ ရှိလဲ ဆိုတာကို ကုလသမဂ္ဂ သံတမန် အသိုင်းအဝိုင်းနဲ့ သတင်းရင်းမြစ်တွေထံက တဆင့် ဘီဘီစီ ကြားသိထားရတာတွေ ရှိပါတယ်။
ကျန် ၆ နိုင်ငံကတော့ အင်ဂိုလာ၊ ဩစတြီးယား၊ မော်လ်ဒိုက်၊ ဂိုင်ယာနာ၊ ဇမ်ဘီယာနဲ့ ဥရုဂွေးတို့ ဖြစ်လာဖွယ် ရှိတယ်လို့ ဘီဘီစီ အနေနဲ့ သီးသန့် သိထားရပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းကတော့ နိုင်ငံကို ကိုယ်စားပြုခွင့် လျှောက်ထားမှုနဲ့ ပတ်သက်ပြီး စစ်အာဏာသိမ်းမှု ဖြစ်ခဲ့တဲ့ မြန်မာလို နိုင်ငံတွေ၊ စစ်ရေးနည်းနဲ့ အစိုးရကို ဖယ်ရှားခဲ့တဲ့ အာဖဂန်နစ္စတန်လို နိုင်ငံတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချဘဲ ရွှေ့ဆိုင်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations
အဲဒီ ရွှေ့ဆိုင်းလိုက်တဲ့ လမ်းကြောင်းကနေ ရှိလက်စ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း သူ့ခုံနေရာမှာ ဆက်ရှိနေနိုင်ခဲ့ပါတယ်။ သူဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ ဖြစ်ပြီး၊ NUG နဲ့ လက်တွဲ ဆောင်ရွက်သူ ဖြစ်တဲ့ အတွက် နိုင်ငံတကာ သံတမန် မျက်နှာစာ၊ ကုလသမဂ္ဂ နယူးယောက်ရုံးချုပ် မျက်နှာစာမှာ စစ်ကောင်စီ အကြီးအကျယ် အထိနာသွားပြီး NUG အတွက် အင်မတန် အရေးပါတဲ့ သံတမန်ရေး အောင်ပွဲ အဖြစ် အကဲခတ်တွေက ဆန်းစစ်ခဲ့ကြပါတယ်။
အခု တစ်နှစ်လည်လာချိန်မှာတော့ အဲဒီလို ရွှေ့ဆိုင်းတဲ့ လမ်းကြောင်းကနေ ဦးကျော်မိုးထွန်း ဆက်ရှိ နိုင်တာဟာ မလုံလောက်ဘဲ NUG ခန့်အပ်တဲ့ ကိုယ်စားလှယ် အဖြစ် အသိအမှတ်ပြု လက်ခံခွင့်ရဖို့ လိုတယ်လို့ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှား ဆောင်ရွက်နေသူတွေက ကျယ်ကျယ်ပြန့်ပြန့် ထောက်ပြ နေကြပါတယ်။
မြန်မာ့ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးမှာ ကုလ မျက်နှာစာမှာ နိုင်ငံကို ကိုယ်စားပြုခွင့်ဟာ ဘယ်လောက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေလဲ၊ ဘယ်လိုတွေ မြင်တွေ့လာရဖွယ် ရှိသလဲ ဆိုတာကို ကိုယ်တိုင် ကုလသမဂ္ဂ အဖွဲ့အစည်း အတွင်း နှစ်ရှည်လများ အဆင့်မြင့်တာဝန်တွေ ယူခဲ့ပြီး ၁၉၈၈ ကာလ ကတည်းက ဘီဘီစီ သတင်းထောက် အနေနဲ့ မြန်မာ့ နိုင်ငံရေးကို အနီးကပ် ထိတွေ့ခဲ့ရသူလည်းဖြစ်၊ လက်ရှိမှာလည်း တာဝန်ခံမှုရှိစေရေး မြန်မာပရောဂျက် အဖွဲ့ MAP ကို ထူထောင်ပြီး မြန်မာ့ အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ခရစ္စတိုဖာ ဂန်းနက်စ်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘီဘီစီ။ ။ ကုလသမဂ္ဂ အထွေထွေညီလာခံ UNGA အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုသူ အဖြစ် NUG နဲ့ လက်တွဲနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ခံကြောင်း ဆုံးဖြတ်ချက် ချဖို့ လိုတယ်ဆိုပြီး ခရစ္စတို့ MAP အဖွဲ့ကလည်း ပြောနေတယ်ဆိုတော့ ... အဲဒီလို ဆုံးဖြတ်ချက်ထွက်လာဖို့ ဆိုတာ မြန်မာ့ ဒီမိုကရေစီ အရေးမှာ ဘာဖြစ်လို့ အရေးတကြီး လိုအပ်တယ်လို့ ယူဆထားတာလဲ .... ပြီးခဲ့တဲ့နှစ်ကဆိုရင် ဆုံးဖြတ်ချက် မချဘဲ ရွှေ့ဆိုင်းတယ် ဆိုတဲ့ လမ်းကြောင်းကနေ ဦးကျော်မိုးထွန်းပဲ မြန်မာကို ကိုယ်စားပြုတဲ့ ခုံမှာ ဆက်ရှိနိုင်ခဲ့တာ မဟုတ်လား။ ဒီတော့ ခုံနေရာမှာ ဦးကျော်မိုးထွန်း ဆက်ရှိနိုင်တာချင်း အတူတူ ဆုံးဖြတ်ချက် ရွှေ့ဆိုင်းတဲ့ လမ်းကြောင်းမျိုး မဟုတ်ပဲ ... အရည်အချင်းစစ် လျှောက်ထားမှုကို လက်ခံတဲ့ ပုံစံမျိူး ဖြစ်ဖို့ လိုတယ်လို့ ပြောရတဲ့ အကြောင်းအရင်းက ဘာလဲ ခရစ္စရေ။
ခရစ္စတိုဖာ ဂန်းနက်စ်။ ။ ဒီမေးခွန်း အတွက် အဖြေတွေရှိပါတယ်။ အဖြေတချို့ကတော့ လက်တွေ့ကျတဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ရှိလဲ ဆိုတဲ့ ရှုထောင့်မျိုးက ဖြစ်ပြီး၊ နောက်တစ်မျိုးကတော့ ဆုံးဖြတ်ချက် ရွှေ့ဆိုင်းတဲ့ လမ်းကြောင်းထက်စာရင် လျှောက်ထားမှုကို လက်ခံတယ် ဆိုတဲ့ အဖြစ်ဟာ ဘယ်အရာတွေ၊ ဘယ် အဓိပ္ပာယ်မျိုးတွေကို သင်္ကေတဆောင် ကိုယ်စားပြုပြီး ထင်ဟပ်ထားနိုင်သလဲ ဆိုတဲ့ အပိုင်းပါ။
ကဲ ဒီတော့ ...လက်တွေ့ ကိစ္စတွေကို စကြည့်ရအောင်ပါ။ မတူတဲ့ လုပ်ငန်း အေဂျင်စီ အဖွဲ့ အမျိုးမျိုး ပါဝင် ပေါင်းစပ်ထားတဲ့ ကုလသမဂ္ဂ ယန္တရားစနစ်ကြီး တစ်ခုလုံးကို ကြည့်ရင် မြန်မာကို ကိုယ်စားပြုခွင့် ဆိုတာ လက်ရှိ အခြေအနေမှာ အတော်လေးပဲ မပြတ်မသားနဲ့ ရှုပ်ထွေး ဒွိဟများဖွယ် ဖြစ်နေပါတယ်။ ကုလအဖွဲ့အစည်းတွေ ပြုမူ လုပ်ဆောင်နေပုံတွေဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား လိုက်လျောညီထွေမှု မရှိ၊ ဆန့်ကျင်ရာရောက်တဲ့ အနေအထားမျိုးတွေ အထိ ပေါ်ပေါက်နေပါတယ်။
ဥပမာပြောရရင် ... ပြီးခဲ့တဲ့ လတွေကပဲ သဟေ့ဂ်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ရှိခဲ့တဲ့ မြန်မာ့အရေး အမှု ကိစ္စကို ကြည့်ပါ။ ICJ ဆိုတာ ကုလအဖွဲ့အစည်းတွေထဲမှာ လုပ်ပိုင်ခွင့် အာဏာ အမြင့်ဆုံး အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်။
အဲဒီ ICJ ခုံရုံး နောက်ဆုံး ကြားနာခဲ့မှုတွေမှာ မြန်မာကို ကိုယ်စားပြုသူ တွေဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေ ဖြစ်နေပါတယ်။
အထွေထွေ ညီလာခံမှာ၊ နယူးယောက်မြို့ ရုံးမှာ ဦးကျော်မိုးထွန်း ရှိနေတယ် ဆိုပေမယ့် ... ဂျနီဗာမြို့ လူ့အခွင့်အရေးကောင်စီ အပါအဝင် ယူနက်စကိုလိုမျိုး၊ နိုင်ငံတကာ အလုပ်သမား အဖွဲ့ ILO လိုမျိုး ကုလသမဂ္ဂ အဖွဲ့အစည်းတွေမှာတော့ မြန်မာကို ကိုယ်စားပြုခွင့် ဘယ်သူ့ကိုမှ ပေးမထားပြန်ပါဘူး။ မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခုံနေရာတွေဟာ လစ်လပ် နေပါတယ်။ ဒါ့ကြောင့် မြန်မာကို ကိုယ်စားပြုခွင့်ဟာ ကုလရဲ့ စနစ် ယန္တရားတနံတလျားမှာ အလုံးစုံ ရှုပ်ထွေး နေတယ်ဆိုတာ ထင်ရှားလှပါတယ်။
လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံသမိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆိုးရွားဆုံး ဖြစ်နေချိန်ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြတဲ့ အခုလို အချိန်မျိုးမှာ လူ့အခွင့်အရေး ကောင်စီထဲ မြန်မာကို ကိုယ်စားပြုသူ မရှိ ဖြစ်နေရတာဟာ ကျူးလွန်ခံရသူတွေ အဖို့၊ မြန်မာပြည်သူတွေ အဖို့ ဘယ်လောက်တောင် ဆုံးရှုံး နစ်နာရသလဲ ဆိုတာ စဥ်းစားကြည့်နိုင်ပါတယ်။ ဘယ်လိုမှ လက်သင့် ခံနိုင်ဖွယ်ရာ မရှိတဲ့ ကုလ စနစ်ယန္တရားရဲ့ ပျက်ကွက်နေမှု ဖြစ်ပါတယ်။
တခါ၊ လက်တွေ့မြေပြင်ပေါ် လှုပ်ရှားနေတဲ့ ကုလအဖွဲ့အစည်းတွေ ဖြစ်တဲ့ ယူနီဆက်ဖ်နဲ့ ယူအဲန်အိုချာတို့ ဆိုရင် စစ်ကောင်စီကို တရားဝင် အစိုးရ သဖွယ် သဘောထား ဆက်ဆံတဲ့ စာရွက်စာတမ်းတွေကိုတောင် လူသိရှင်ကြား ထုတ်ပြန်တာမျိုးတွေ တွေ့ရပြီး၊ အင်မတန်မှ မှားယွင်းတဲ့ လုပ်ရပ်မျိူးတွေ ဖြစ်ပါတယ်။
ဒီတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကသာ မြန်မာကို ကိုယ်စားပြုခွင့် ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းတယ် ဆိုတာမျိုး ထပ်မလုပ်ဘဲ၊ ဦးကျော်မိုးထွန်းကို အမျိုးသား ညီညွတ်ရေး အစိုးရ NUG က တင်သွင်းတဲ့ ကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ပေးမယ်၊ လက်ခံမယ် ဆိုရင် အခု ပေါ်ပေါက်နေတဲ့ အရှုပ်အထွေးတွေကို ရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။
ဆိုလိုတာက ... ကုလယန္တရားထဲ ပါဝင်နေတဲ့ အဖွဲ့အစည်းတိုင်း အတွက် မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှု ဆိုင်ရာ အပိုင်းမှာ ရှင်းလင်းတဲ့ လမ်းညွှန်ချက်သဖွယ် ဖြစ်လာနိုင်ပြီး .... ကျွန်တော် ခုနက ပြောခဲ့တဲ့ အရှုပ်အထွေးတွေ၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား ကွဲလွဲနေတဲ့ ချည်းကပ် ဆောင်ရွက်ပုံတွေကို အတော်လေး ရှင်းလင်းသွားနိုင်မှာ ဖြစ်ပါတယ်။
UN အဖွဲ့အစည်းတွေကိုယ်တိုင် လိုက်နာရမယ့် စာနာမှုဆိုင်ရာ အကူအညီပေးရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ အခြေခံကျင့်ဝတ်နဲ့ စံနှုန်းတန်ဖိုးတွေကို ကိုယ်ပြန်ပြီး ချိုးဖောက်ရာ မရောက်အောင် ပြုမူနိုင်ဖို့ လိုပါတယ်။ ဒီတော့ ... ဘယ် အဖွဲ့အစည်းက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေခံ စံနှုန်းတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းလဲ ... ။ အာဏာသိမ်း စစ်ကောင်စီဟာ အဲဒီ အခြေခံ စံနှုန်းနဲ့ ကျင့်ဝတ်တွေ ရှုထောင့်ကနေ ဆိုရင် ဘယ်လိုမှ အရည်အချင်း မပြည့်မီဘူးဆိုတာ အငြင်းပွားဖွယ်ရာ မရှိတဲ့ အချက် ဖြစ်ပါတယ်။ ဒီတော့ ဒီမိုကရေစီ အင်အားစုကို ကိုယ်စားပြု ထားတဲ့၊ မြန်မာပြည်သူတွေကို ကိုယ်စားပြုထားတဲ့၊ တရားဝင်မှုကို ဆက်ခံထားတဲ့ NUG ရဲ့ ကိုယ်စားလှယ် အနေနဲ့ ဦးကျော်မိုးထွန်းကို လက်ခံပါလို့ ကျွန်တော်တို့ တိုက်တွန်း ဆော်သြနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty
ဘီဘီစီ။ ။ အခု ခရစ္စတို့က NUG ကို တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြု ဆက်ဆံပါ ဆိုတဲ့ လမ်းကြောင်းကို အခြေခံပြီး ပြောနေတာ ဆိုတော့ ... ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလကို ကြည့်ရင် NUG အနေနဲ့ effective control လို့ ခေါ်တဲ့ နယ်မြေ ပိုင်စိုး ထိန်းချုပ်နိုင်စွမ်း ဆိုတဲ့ ရှုထောင့်က စလို့ ... ဘယ်လို နယ်ပယ်နဲ့ နေရာမျိုးတွေမှာ မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရ အဖြစ် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိနိုင်တဲ့ တိုးတက်ဖြစ်ထွန်းမှုတွေ၊ စွမ်းဆောင်မှုတွေ ရှိခဲ့တာကို တွေ့ရလဲ ခရစ္စရေ။
ခရစ္စတိုဖာ ဂန်းနက်စ်။ ။ အင်မတန်ကောင်းတဲ့ မေးခွန်းပါ။ တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြု ခံရမှု ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မက်ပ် MAP အဖွဲ့ အနေနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့ ယှဥ်ထိုးပြီး ကမ္ဘာတလွှားက ဖြစ်ရပ်တွေ၊ ဥပမာ ဥပမေယျတွေနဲ့ အသေးစိတ် သုံးသပ် ဆန်းစစ်ထားချက်တွေ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။
စစ်အေးခေတ်အပြီး ကာလ၊ ၁၉၉၀ ပြည့်ကျော် နှစ်တွေ ကတည်းက စလို့၊ ကုလ အထွေထွေ ညီလာခံရဲ့ ချည်းကပ်လာမှု ပုံစံတွေကို ကြည့်ရင် နယ်မြေ ထိန်းချုပ် ပိုင်စိုးမှု effective control အပေါ် မှာ နံပါတ်တစ် ဦးစားပေး စဉ်းစားတာမျိုး အင်မတန် နည်းလာပါတယ်။
စစ်ကောင်စီက တိုင်းပြည်ရဲ့ နယ်မြေတွေကို တကယ်ထိန်းချုပ် ပိုင်စိုးထားလို့ လက်တွေ့ အစိုးရ အနေနဲ့ အသိအမှတ် ပြုသင့်တယ် ဆိုတဲ့ ရှုထောင့်မျိုးကနေ ငြင်းခုံလာမယ် ဆိုရင်တောင် နယ်မြေတွေကို သူတို့ တကယ် လက်တွေ့ ထိန်းချုပ် ထားနိုင်လား ဆိုတဲ့ ကြီးမားတဲ့ မေးခွန်း ရှိနေပြီ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ နယ်မြေတွေကို လက်လွှတ်ဆုံးရှုံး နေရတယ်၊ မြို့ကြီးပြကြီးတွေမှာတောင် နေ့စဥ်နဲ့ အမျှ ပစ်မှတ်ထား တိုက်ခိုက် ခံနေရပြီး ထိန်းချုပ် ပိုင်စိုး ထားနိုင်စွမ်း မရှိ ဖြစ်လာနေတယ် ဆိုတဲ့ အသေးစိတ် ဆန်းစစ် လေ့လာထားချက်တွေလည်း ရှိနေပါတယ်။
အဲဒီ ဆန်းစစ်ချက်တွေ အရ NUG ဟာ သူတို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ အတူ တိုင်းပြည်ရဲ့ ရာခိုင်နှုန်း ၅၀ ကျော်ကို ထိန်းချုပ် ထားနိုင်တယ် ဆိုတာ တွေ့နေရပါတယ်။
တခါ၊ ထိန်းချုပ်ပိုင်စိုးမှု ဆိုတာထဲမှာ လူဦးရေနဲ့ နယ်ခြား နယ်နိမိတ် ဆိုတဲ့ ကဏ္ဍတွေလည်း ပါဝင်ပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တဲ့ နယ်ခြားဒေသ နယ်နိမိတ်တွေ ဆိုတာ မရှိ သလောက်ပါပဲ။ နေရာအများစုမှာ စစ်ကောင်စီ အတွက် မလုံခြုံပါဘူး။ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ခုခံ တွန်းလှန်မှုတွေ၊ တိုက်ခိုက်မှုတွေကို သူတို့ မထိန်းချုပ် ထားနိုင်ပါဘူး။
လူဦးရေ ဆိုတဲ့ နေရာမှာ စစ်ကောင်စီ အာဏာသိမ်းမှုကို လက်သင့်ခံသူ ဘယ်နှစ်ဦးရှိလဲ .... တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်သင့်မခံ ငြင်းပယ်ကြတာကို အထင်အရှားတွေ့နေတယ် မဟုတ်လား။ ဒီတော့ နယ်မြေ ထိန်းချုပ် ပိုင်စိုးမှု ဟာ စစ်ကောင်စီရဲ့ အားသာချက်အဖြစ် လုံးဝ ယူဆလို့ မရနိုင်ဘူးလို့ပဲ ပြောချင်ပါတယ်။
ကိုယ်စားပြုခွင့် အရည်အချင်း ထဲမှာ ဒီမိုကရေစီ နည်းကျ အစိုးရ ဖြစ်ခြင်း ဆိုတာက ကြီးမားတဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲ နိုင်ထားတာကနေ NUG ဟာ တရားဝင်မှုကို ဆက်ခံ ထားတာ ဖြစ်ပါတယ်။ ဒီတော့ စစ်ကောင်စီနဲ့ NUG ... ဘယ်သူက ဒီမိုကရေစီနည်းကျ အစိုးရ အဖွဲ့ ဖြစ်လဲ ဆိုတာ ထင်ရှားပါတယ်။
ဒီထက်မက အရေးအကြီးဆုံး အချက်ကတော့ မြန်မာပြည်သူတွေ အပေါ် စစ်တပ်က ကျူးလွန် ရက်စက်နေတဲ့ အတိုင်းအတာ ပမာဏဟာ ကြီးမား ပြင်းထန် လွန်းလှပါတယ်။ ကိုယ့်တိုင်းပြည်ထဲက လူတွေကို ကိုယ်ပြန်ပြီး တိုက်ခိုက် သတ်ဖြတ်နေပုံဟာ ကမ္ဘောဒီးယားက ပိုလ်ပေါ့လက်ထက် ဖြစ်ပျက် ခဲ့တာတွေကို အမှတ်ရစေပါတယ်။
ဒီတော့ လူ့အခွင့်အရေး ရှုထောင့်၊ နိုင်ငံတကာ ဥပဒေ ရှုထောင့် တွေအရ NUG ဟာ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံဖို့ရာ လုံလောက်တဲ့ အခြေခံ အကြောင်းတွေ ရှိနေတယ်လို့ ကျွန်တော်တို့ ပြောဆိုနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations
ဘီဘီစီ ။ ။ ကုလသမဂ္ဂ အထွေထွေညီလာခံ မြန်မာနိုင်ငံ ခုံနေရာမှာ ဦးကျော်မိုးထွန်း ဆက်ရှိနေခဲ့တဲ့ ပြီးခဲ့တဲ့ တစ်နှစ်တာကာလ ကို ကြည့်မယ် ဆိုရင်ရော ... သူ့ အနေနဲ့ မြန်မာ့ ဒီမိုကရေစီ အရေး ... မြန်မာ ပြည်သူတွေ အရေးအတွက် ထိရောက် အရေးပါတဲ့ စွမ်းဆောင်နိုင်မှုတွေ လုပ်နိုင်ခဲ့တာကို တွေ့ရလား။
ခရစ္စတိုဖာ ဂန်းနက်စ်။ ။ ခင်ဗျား ပြောတဲ့ အကြောင်းအရာဟာ တကယ်ပဲ အရေးတကြီး အာရုံစိုက်လို့ သုံးသပ်သင့်ပါတယ်။ ပထမဆုံး အရေးကြီးတဲ့ အချက်ကတော့ အစိုးရ တစ်ရပ်အဖြစ် အသိအမှတ်ပြု ခံရဖို့ ဆိုရင် အစိုးရ သဖွယ် ပြုမူ ဆောင်ရွက် နေဖို့ လိုပါတယ်။
ဒီတော့ NUG အနေနဲ့ သူတို့ရဲ့ ကိုယ်စားလှယ်ကို၊ သူတို့ကို ကိုယ်စားပြုသူကို ကုလသမဂ္ဂ မျက်နှာစာမှာ ထားရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ NUG ရဲ့ ရပ်တည်မှု၊ NUG ရဲ့ အသံတွေကို ထင်ဟပ်ပြီး ဦးကျော်မိုးထွန်း ဟာ ကုလသမဂ္ဂ မဲခွဲမှုတွေမှာ မဲပေးတာက စလို့၊ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေ အကြောင်း ကုလ အတွင်းရေးမှူးချုပ် အပါအဝင်၊ ကုလ အဖွဲ့အစည်းအမျိုးမျိုးကို အစီရင်ခံစာတွေ တင်သွင်းတာ၊ ရှင်းပြ ပြောဆိုတာတွေ ပြုလုပ် နိုင်ခဲ့ပါတယ်။
လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ် အပါအဝင် အရေးကြီးတဲ့ အဖွဲ့ဝင်နိုင်ငံတွေက သံအမတ်တွေနဲ့ကြားမှာလည်း ပြောဆို ဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့ပါတယ်။
ဒီလို ထိရောက်တဲ့ နေရာမှာ ဆက်ရှိ နိုင်ခဲ့တဲ့အတွက်ကြောင့်လည်း သူ့ အသက်ကို လုပ်ကြံဖို့ အထိ ကြံစည် ခံခဲ့ရတယ်ဆိုတဲ့ အချက်ဟာလည်း ပေါ်ထွက်လာခဲ့ပြီး ဖြစ်ပါတယ်။
ဒီတော့ အစိုးရ သဖွယ် ပြုမူ ဆောင်ရွက်ရေး ဆိုတဲ့ ကဏ္ဍမှာ ဦးကျော်မိုးထွန်းဟာ NUG အတွက် အရေးကြီးတဲ့ နေရာမှာ ရှိနေပါတယ်။ အလားတူပါပဲ၊ နိုင်ငံတကာမှာ ထိုးဖောက်သွားလာပြီး အစိုးရ အဖြစ် ပြုမူနေကြတဲ့ ဥပမာ တချို့ ပြောရရင် ... နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်တို့လို ... လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း တို့ အပါအဝင် NUG ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်တွေ အများအပြားလည်း ရှိနေပါတယ်။
ဒါ့အပြင် လက်တွေ့မြေပြင်ပေါ်မှာလည်း NUG နဲ့ သူတို့ရဲ့ ဆက်စပ် အဖွဲ့အစည်းတွေဟာ အစိုးရ ယန္တရားတွေ အစားထိုး တည်ဆောက် လည်ပတ်တာမျိုးတွေ လုပ်ဆောင်လာနိုင်ပါတယ်။ ပညာရေး၊ ကျန်းမာရေး ကဏ္ဍ တာဝန်ယူ ပေးတာကအစ၊ အခွန်အကောက် ကဏ္ဍမျိုး တွေမှာပါ အစိုးရ သဖွယ် ပြုမူ နိုင်တာတွေ အားလုံးဟာ အရေးကြီးတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း ဦးကျော်မိုးထွန်း အနေနဲ့ NUG ရဲ့ သံအမတ်အဖြစ် ကုလသမဂ္ဂမှာ မြန်မာကို ကိုယ်စားပြုခွင့် ဆက်ရနေပြီး၊ အစိုးရ အဖြစ် ဆက်လက် ပြုမူ နေနိုင်ဖို့ အရေးကြီးပါတယ်။
ဘီဘီစီ ။ ။ ဒီတော့ NUG ရဲ့ ကိုယ်စားလှယ် အနေနဲ့ တင်သွင်းတဲ့ ကိုယ်စားလှယ် အရည်အချင်း စစ် လျှောက်ထားမှုကို ဒီနှစ်မှာတော့ ကုလ အထွေထွေ ညီလာခံမှာ လက်ခံဖို့ ဆိုတာ ဘယ်လောက် အလားအလာ ရှိလဲ ... ဖြစ်သင့်တယ် ဆိုတာမျိုးထက် ကျော်ပြီး တကယ် ဖြစ်နိုင်တယ်လို့ ခရစ္စအနေနဲ့ ယုံကြည်လား။
ခရစ္စတိုဖာ ဂန်းနက်စ်။ ။ ဟုတ်ကဲ့၊ ယုံကြည်ပါတယ်။ ကျွန်တော်တို့ မက်ပ် MAP အဖွဲ့ အနေနဲ့ နယူးယောက်မြို့ ကုလ ရုံးချုပ်က သံတမန် အသိုင်းအဝိုင်းနဲ့ကြား ပြောဆို ဆွေးနွေးမှုတွေ၊ အကြံပြုချက်တွေ အဆက်မပြတ် ပြုလုပ် နေပါတယ်။ ဒီတော့ သူတို့ရဲ့ သဘောထားတွေ အမြင်တွေကို ကျွန်တော်တို့ သိနားလည်ပါတယ်။ မှန်ကန်တဲ့ ဦးတည်ချက် လမ်းကြောင်းပေါ် ရောက်ဖို့လည်း ကျွန်တော်တို့ဘက်က ကြိုးစားပါတယ်။
သေချာတာကတော့ စစ်ကောင်စီရဲ့ ကိုယ်စားပြုခွင့် လျှောက်ထားမှုကတော့ သေချာပေါက် အငြင်းခံရမယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ ဒီတော့ ပြီးခဲ့တဲ့ နှစ်တုန်းကလိုပဲ ဆုံးဖြတ်ချက် မချဘဲ ရွှေ့ဆိုင်းတယ် ဆိုတာမျိုး ထပ်ပြီး မဖြစ်ရအောင် ကျွန်တော်တို့ တတ်နိုင်သလောက် ထောက်ပြ နေတာ ဖြစ်ပါတယ်။
ဆုံးဖြတ်ချက် ရွှေ့ဆိုင်းတယ် ဆိုတဲ့ အဓိပ္ပာယ်ဟာ ဦးကျော်မိုးထွန်းပဲ မြန်မာကိုကိုယ်စားပြုတဲ့ ထိုင်ခုံနေရာမှာ ဆက်ရှိ သွားမှာ ဖြစ်တဲ့ အတွက် NUG ကို အားသာစေ၊ အကျိုးရှိစေတဲ့ ရလဒ်မျိုးပါ။
ကျွန်တော်တို့ကတော့ ဒီထက်ပိုပြီး လိုချင်တာ ဖြစ်ပါတယ်။ ကျွန်တော် ပြောခဲ့သလို ကုလသမဂ္ဂ စနစ်ယန္တရားကြီး တစ်ခုလုံး၊ အေဂျင်စီ အဖွဲ့အစည်း အားလုံးအတွင်းမှာ မြန်မာကို ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး တသတ်မတ်တည်း တူညီတဲ့ လုပ်ဆောင်ချက်တွေ ပေါ်ပေါက်လာဖို့ ဆိုရင် အခု ကုလညီလာခံက ရှေ့ဆောင်လမ်းပြ အနေနဲ့ “ဦးကျော်မိုးထွန်းကို မြန်မာဆိုင်ရာ ကုလသံအမတ်အဖြစ် ထားရှိဖို့ NUG ရဲ့ လျှောက်ထားမှုကို လက်ခံလိုက်သည်” ဆိုတာမမျိုးကို ကျွန်တော်တို့ လိုလားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဘီဘီစီ ။ ။ ပြီးခဲ့တဲ့နှစ်က အခြေအနေကို ကြည့်ရင် အရည်အချင်းစစ် ကော်မတီထဲ ပါဝင်မြဲ ဖြစ်တဲ့ တရုတ်နဲ့ရုရှား တို့ထံက ကန့်ကွက် ငြင်းပယ်တာတွေ မတွေ့ရပဲ၊ နှုတ်ဆိတ်နေခဲ့ပါတယ်။ အခု အခါမှာတော့ အခြေအနေတွေ ပြောင်းလဲ သွားပြီလို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ် ... ခရစ္စရေ .. ။ အဓိကကတော့ ယူကရိန်း စစ်ပွဲပါပဲ။ ယူကရိန်းစစ်ကြောင့် နိုင်ငံတကာရဲ့ အုပ်စုဖွဲ့ ရပ်တည်မှု ကွဲပြားနေတာတွေ အလွန်မတန် ထင်ရှားလာတယ်။ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ ရုရှား သမ္မတို့ လူချင်းတွေ့ အထိ ဖြစ်လာတယ်။ ဆိုတော့ .. ဒီနှစ်မှာတော့ တရုတ်၊ ရုရှားတို့က ဦးကျော်မိုးထွန်း ကုလသံအမတ်နေရာမှာ ဆက်ရှိနေမယ့် လမ်းကြောင်း အပေါ် မနှစ်တုန်းကလို အလိုက်သင့် လက်ခံသွားဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား ခရစ္စရေ ... ။
ခရစ္စတိုဖာ ဂန်းနက်စ်။ ။ ဟုတ်ပါတယ်။ ကမ္ဘာ့နိုင်ငံရေးမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လက်ဆုပ်လက်ကိုင် မပြောနိုင်တာ တစ်ခုကတော့ ... တရုတ်ရဲ့ ရပ်တည်မှု ဘယ်လို ရှိမလဲ ဆိုတာပါ။
ကျွန်တော်တို့ နားလည် သိမြင်ထားတာတွေ အရတော့ နေပြည်တော် စစ်ခေါင်းဆောင်ဟာ ပူတင်နဲ့ကြားမှာ အစ်ကိုကြီး ညီလေး ဘရိုမဲန့်စ် bromance အချစ်တွေ ခင်းပြလာတဲ့ အပေါ် မှာ ဘေဂျင်းအစိုးရက အတော်လေး မနှစ်လိုပါဘူး။ မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့ မော်စကိုကြား ဆထက်တပိုး ပိုပိုပြီး နီးစပ်လာကြောင်း နေပြည်တော်ဘက်က အသားပေး ပုံဖော်နေပြီး၊ စစ်ဘက်ဆက်ဆံရေးနဲ့ လက်နက် အရောင်းအဝယ် တင်မက ကျန် စီးပွားရေး ကဏ္ဍမှာပါ မိတ်ဖက် ဆက်ဆံရေး တိုးမြှင့်မယ့် ခြေလှမ်းတွေကို တရုတ်အစိုးရက အတော်လေးကို မကြိုက်ဘူးလို့ နားလည် ထားပါတယ်။
ဒီတော့ ... အရည်အချင်းစစ် ကော်မတီထဲမှာ တရုတ် ရပ်တည်မှု ဘယ်လို ရှိမလဲ ဆိုတာကို ကြိုတင် တွက်ဆဖို့ ခက်ပါတယ်။ ဒီတော့ စောင့်ကြည့်ရဦးမှာပါ။
နောက်တစ်ခုကတော့ .... ယူကရိန်း အရေးပေါ် မူတည်တဲ့ ရပ်တည်မှုတွေပါ။ ခင်ဗျား ပြောခဲ့သလို ယူကရိန်း စစ်ဟာ အရာရာကို ပြောင်းလဲ သွားစေခဲ့ပါတယ်။ ဘယ်သူတွေ ဘယ်လို ရပ်တည်ကြတယ် ဆိုတာ သိသာထင်ရှား ကွဲပြားလာပါတယ်။
ယူကရိန်း အရေးမှာ ဦးကျော်မိုးထွန်းက ဒီမိုကရေစီ စံတန်ဖိုးတွေ၊ လိုက်နာရမယ့် နိုင်ငံတကာ ဥပဒေတွေ၊ စံနှုန်းတန်ဖိုး ကျင့်ဝတ်တွေပေါ် အခြေခံပြီး ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်တဲ့ ဘက်က ကုလသမဂ္ဂ မျက်နှာစာမှာ ရပ်တည်ခဲ့ပါတယ်။ ဒီရပ်တည်မှုဟာ NUG ရဲ့ ရပ်တည်မှု ဖြစ်ပါတယ်။
အဲဒီလို ယူကရိန်း အရေးပေါ်မှာ မူတည်ပြီး ဦးကျော်မိုးထွန်းနဲ့ NUG ထံမှာ ဒီမိုကရေစီ စံတန်ဖိုးတွေ အပေါ် အခြေခံတဲ့ ရပ်တည်မှု ရှိကြောင်း နိုင်ငံတကာ အနေနဲ့ သိမြင် သဘောပေါက်ခွင့် ရခဲ့ပါတယ်။
ဒီအချက်ဟာ အခုနှစ် အရည်အချင်းစစ် လျှောက်ထားမှုကို ဆန်းစစ် ဆုံးဖြတ်ကြတဲ့ အခါ ကြီးမားတဲ့ အထောက်အကူ ဖြစ်လာကောင်း ဖြစ်လာနိုင်ပါတယ်။ အရည်အချင်း စစ်ကော်မတီထဲ ရုရှားဟာ အမြဲတမ်း ပါဝင်တာကို သိလျက်နဲ့ ဦးကျော်မိုးထွန်းဟာ ယူကရိန်းကို ကျူးကျော်စစ် ပြုလုပ်တဲ့ ရုရှားလုပ်ရပ်ကို ဆန့်ကျင် ခဲ့တာ ဖြစ်ပါတယ်။
တခါ၊ ယူကရိန်း ဆိုတာကလည်း အဲဒါတွေ မတိုင်ခင် အထိ မြန်မာ စစ်တပ်ကို လက်နက်ရောင်းတဲ့ နိုင်ငံတွေထဲ ပါဝင်ပြီး၊ နောက်ပိုင်း အခြေအနေတွေကျကာမှ မြန်မာ စစ်တပ်ကို လက်နက်ရောင်းတာမျိုး မလုပ်တော့ဘူးလို့ သမ္မတ ဇလန်စကီးတို့ဆီက ကတိရလာတာပါ။
ဒီတော့ ယူကရိန်း စစ်ကြောင့် ပြောင်းလဲလာတဲ့ အခြေအနေတွေဟာ ဦးကျော်မိုးထွန်းနဲ့ NUG အတွက် အားလျော့ စေနိုင်တဲ့ သက်ရောက်မှုမျိုးတွေပဲ ရှိနိုင်တယ်လို့ ကံသေကံမ မပြောနိုင်ပါဘူး။ ကုလ အထွေထွေ ညီလာခံကြီးမှာ နိုင်ငံတကာ မိသားစုက ဦးကျော်မိုးထွန်းနဲ့ NUG တို့ရဲ့ ရပ်တည်မှု အပေါ် သဘောပေါက် သိနားလည် နိုင်ကြမယ်လို့ မျှော်လင့်ရပါတယ်။








