NUG ရဲ့ ကိုယ်စားလှယ် အဖြစ် ဦးကျော်မိုးထွန်းကို ကုလ အထွေထွေ ညီလာခံ လက်ခံနိုင်လား

ဓာတ်ပုံ ရင်းမြစ်, Permanent mission of Myanmar to the United Nations
အခုသီတင်းပတ် အစောပိုင်း စက်တင်ဘာလ ၁၃ ရက်နေ့မှာ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ စတင်ခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်လုံးလုံး ဒွိဟများ ရှုပ်ထွေးနေခဲ့တဲ့ မြန်မာကို ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး အခု အထွေထွေညီလာခံကနေ တိကျ ရှင်းလင်းအောင် ပြုလုပ်ပေးဖို့ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားကြသူတွေ တောင်းဆို နေပါတယ်။
မြန်မာကို ကိုယ်စားပြုခွင့်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ဟာ ၅၅ သန်းသော မြန်မာပြည်သူတွေရဲ့ ဘဝတွေအပေါ် တိုက်ရိုက် ရိုက်ခတ် သက်ရောက်စေမှာ ဖြစ်လို၊ လက်ရှိအနေအထားအရ လမ်းဆုံကို ရောက်နေတဲ့ တိုင်းပြည်တစ်ခုရဲ့ အနာဂတ် အပေါ်မှာလည်း လွှမ်းမိုး စေမှာ ဖြစ်တယ် ဆိုပြီး ဗြိတိန် အခြေစိုက် တာဝန်ခံမှု ရှိစေရေး မြန်မာ ပရောဂျက် အဖွဲ့ MAP က ဆိုပါတယ်။
အာဏာသိမ်း စစ်တပ်ကို ကိုယ်စားပြုခွင့် ပေးမှာလား၊ NUG ရဲ့ လျှောက်ထားမှုကို လက်ခံမှာလား ဆိုတာကို အထွေထွေ ညီလာခံကနေ ခန့်အပ်ဖွဲ့စည်းလိုက်တဲ့ အရည်အချင်းစစ် ကော်မတီက ဆုံးဖြတ်ပေးဖို့ ရှိနေတဲ့ အပေါ် MAP အဖွဲ့က ရည်ညွှန်း ပြောဆိုတာ ဖြစ်ပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ဟာ အထွေထွေညီလာခံ တစ်ခုတည်း အတွက် မဟုတ်ပဲ၊ လူ့အခွင့်အရေးကောင်စီလို အရေးကြီးတဲ့ ကုလအဖွဲ့အစည်း အပါအဝင် ကုလစနစ်ယန္တရား တစ်ခုလုံး အေဂျင်စီ အဖွဲ့အသီးသီး အားလုံး အပေါ်မှာ သက်ရောက်မှု ရှိစေမှာ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံ အတွက်၊ မြန်မာပြည်သူတွေ အတွက် အရေးကြီးတဲ့ ကာလ ဖြစ်တယ်လို့ MAP က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Permanent mission of Myanmar to the United Nations
ဒီမိုကရေစီ အစိုးရနဲ့ စစ်တပ် ဘယ်သူ့ကို ရွေးရမလဲ ဆိုတာ ဘာမှ ခက်ခက်ခဲခဲ စဥ်းစားစရာ မလိုတဲ့ ကိစ္စ၊ အဖြေဟာ ရှင်းနေတဲ့ ကိစ္စ ဖြစ်ပေမယ့်၊ ကုလသမဂ္ဂရဲ့ ထုံးစံ အတိုင်း လွယ်ကူရိုးရှင်းတဲ့ ကိစ္စမှန်သမျှ ကုလသမဂ္ဂထဲ ရောက်သွားရင် မရိုးရှင်းနိုင် ဖြစ်သွားရစမြဲပဲလို့ MAP အဖွဲ့ကို ဦးဆောင်သူတွေ ဖြစ်ကြတဲ့ ခရစ္စတိုဖာဂန်းနက်စ်နဲ့ ဒေမီယန်လီလီတို့က ဆိုပါတယ်။
ကုလထဲရောက်ရင် မရိုးရှင်းနိုင် ဖြစ်ရစမြဲ ဆိုတာကို MAP ထောက်ပြတာကတော့ ၉ နိုင်ငံပါ အရည်အချင်းစစ်ကော်မတီထဲ မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတဲ့ တရုတ်နဲ့ရုရှားတို့ နှစ်စဥ် ပါဝင်ကြစမြဲ ဖြစ်တဲ့ အတွက် အာဏာသိမ်း စစ်ကောင်စီကို ကာကွယ် လာနိုင်တာကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။
အမေရိကန်လည်းပဲ နှစ်စဥ်ပါဝင်စမြဲ အရည်အချင်းစစ်ကော်မတီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ ဖြစ်ပါတယ်။
အခု ၇၇ ကြိမ်မြောက် အထွေထွေ ညီလာခံ စတင်လိုက်တဲ့ အင်္ဂါနေ့မှာပဲ ဒီနှစ်အတွက် အရည်အချင်းစစ် ကော်မတီ အဖွဲ့ဝင် နိုင်ငံတွေ ဘယ်နိုင်ငံတွေလည်း ဆိုတာကို ညီလာခံက ခန့်အပ်ပါတယ်။
တရုတ်၊ ရုရှားနဲ့ အမေရိကန် တို့အပြင် ဒီနှစ် အတွက် ပါဝင်လာတဲ့ နိုင်ငံတွေကတော့ အဲန်ဂိုလာ၊ ဩစတြီးယား၊ ဂိုင်ယာနာ၊ မော်လဒိုက်၊ ဥရုဂွေးနဲ့ ဇမ်ဘီယာတို့ ဖြစ်ပါတယ်။
ကုလသမဂ္ဂ ညီလာခံမှာ နိုင်ငံကို ကိုယ်စားပြုခွင့် ရရှိတယ် ဆိုတဲ့ အဓိပ္ပာယ်ဟာ ဘာလဲ ... လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို NUG တင်သွင်းတဲ့ ကိုယ်စားလှယ် အဖြစ် လက်ခံဖို့ မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေက အာရုံစိုက် တောင်းဆိုလာတာ ဘာကြောင့်လဲ ... စတာတွေကို ကုလသမဂ္ဂရဲ့ လုပ်ထုံးနဲ့ နိုင်ငံတကာ ဥပဒေ ဆိုင်ရာ ရှုထောင့် အမြင်တွေကနေ သုံးသပ်နိုင်ဖို့ ဩစတြေးလျနိုင်ငံ ကွင်းစလန် တက္ကသိုလ်က နိုင်ငံတကာ ဥပဒေရေးရာနဲ့ ကုလသမဂ္ဂ လုပ်ထုံးလုပ်နည်းပိုင်း ဆိုင်ရာ ကျွမ်းကျင်သူ ရေဘက္ကာဘာဘာကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Permanent mission of Myanmar to the United Nations
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘီဘီစီ။ ။ ကုလသမဂ္ဂမှာ မြန်မာကို ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး ဆ အခုနှစ်မှာတော့ ဦးကျော်မိုးထွန်းကို NUG က တင်သွင်းတဲ့ ကိုယ်စားလှယ် အနေနဲ့ လက်ခံဖို့ မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားကြသူတွေက ကျယ်ကျယ်ပြန့်ပြန့် တောင်းဆို နေကြပါတယ်။ ဒီတော့ ရေဘက္ကာရေ ... ပြီးခဲ့တဲ့နှစ်ကို ကြည့်ရင် ဆုံးဖြတ်ချက် ရွှေ့ဆိုင်းတယ် ဆိုတဲ့ လမ်းကြောင်းနဲ့ ဦးကျော်မိုးထွန်းဟာ မြန်မာကို ကိုယ်စားပြုတဲ့ ခုံနေရာမှာ ဆက်ရှိနိုင်ခဲ့တာ ဆိုတော့ ... NUG ကိုယ်စားလှယ် အဖြစ် အသိအမှတ် ပြုခံရရင် ဦးကျော်မိုးထွန်း အနေနဲ့ ကုလသမဂ္ဂ မျက်နှာစာမှာ ပိုပြီး စွမ်းဆောင်လာနိုင်မှာတွေ ရှိလို့လား ရေဘက္ကာရေ ... ။
ရေဘက္ကာဘာဘာ။ ။ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ရွှေ့ဆိုင်းတဲ့ လမ်းကြောင်းနဲ့ ဆက်ရှိနေနိုင်တာမျိုးဖြစ်စေ၊ အဖွဲ့တစ်ခုက တင်သွင်းတဲ့ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြု ခံရတာဖြစ်စေ၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာကိုကိုယ်စားပြုမှုနဲ့ စကားပြောဆိုခွင့် ဆိုတဲ့ အပိုင်း သက်သက်ကို ကြည့်ရင်တော့ ဘာမှ ကွဲပြားခြားနားမှု ရှိမှာ မဟုတ်ပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ ... အထွေထွေညီလာခံရဲ့ “rules of procedure” လို့ ခေါ်တဲ့ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေမှာ ပြောထားတာ ရှိပါတယ်။ ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ရွှေ့ဆိုင်းလိုက်တယ် ဆိုရင် လက်ရှိ သံအမတ်ဟာ သူ့ရဲ့ ခုံနေရာမှာ ဆက်ပြီး ရှိနေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီတော့ အဲဒီ သူဟာ ရှိလက်စ အခွင့်အရေးတွေ အတိုင်းပဲ ဆက်ပြီး ရရှိနေမယ်လို့ ဆိုလိုပါတယ်။
အရည်အချင်းစစ် တင်သွင်းမှုကနေ အသိအမှတ်ပြု ခံရပြီး သံအမတ် ဖြစ်လာတာနဲ့ အဓိက ကွာခြားနိုင်တာကတော့ .... အဲဒီလိုသာ လက်ခံလိုက်မယ် ဆိုရင် ဦးကျော်မိုးထွန်းဟာ NUG ရဲ့ ကိုယ်စားလှယ်ပါ ဆိုပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက ပြတ်သား ရှင်းလင်းစွာ ပြောလိုက်တာပဲ ဖြစ်ပါတယ်။
ဘယ်သူတွေကို အသိပေးတာလဲ ဆိုရင် ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ အစိတ်အပိုင်း အားလုံးကို အသိပေးတာ ဖြစ်ပြီး၊ အထွေထွေညီလာခံရဲ့ ရပ်တည်မှုကို ပြတ်ပြတ်သားသား ပြသတဲ့ သဘော ဖြစ်ပါတယ်။
ဒီတော့ “မြန်မာကို ဘယ်သူ ကိုယ်စားပြုသလဲ” ဆိုတဲ့ မေးခွန်းကို ဘယ်လို ချည်းကပ်ကြမလဲ ဆိုတဲ့ လမ်းညွှန် အနေနဲ့ မှတ်ယူလို့ ရပါတယ်။
အခု ပြီးခဲ့တဲ့ ၁ နှစ် ကာလ အတောအတွင်းကို ကြည့်ရင်တော့ အဲဒီ့ “မြန်မာကို ဘယ်သူ ကိုယ်စားပြုသလဲ” ဆိုတဲ့ မေးခွန်းကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ချည်းကပ်ကြပုံဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာကို မတူညီကြပဲ၊ အင်မတန် ရှုပ်ထွေး ဒွိဟများဖွယ် ဖြစ်နေခဲ့ပါတယ်။
ဦးကျော်မိုးထွန်းဟာ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ဆက်ပြီး ရှိနေခဲ့ပေမယ့်၊ ဂျနီဗာမှာ ရှိတဲ့ လူ့အခွင့်အရေး ကောင်စီကတော့ မြန်မာကို ကိုယ်စားပြုခွင့် ဘယ်သူ့ကိုမှ မပေးပဲ ချန်ထားတာမျိုး လုပ်ပါတယ်။
တခါ၊ သဟေ့ဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ကျပြန်တော့ .... အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ် အဖွဲ့ကို မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ပေးပြန်ပါတယ်။
ဒီတော့ .... အခု ကုလသမဂ္ဂ အထွေထွေ ညီလာခံကသာ ဦးကျော်မိုးထွန်းကို NUG က တင်သွင်းတဲ့ ကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် လက်ခံလိုက်တယ် ဆိုရင်၊ ဒါဟာ ကုလ အဖွဲ့အစည်းအားလုံး အတွက် လမ်းညွှန် ဖြစ်သွားပါလိမ့်မယ်။
ဘယ် အဖွဲ့က စေလွှတ်တဲ့၊ ခန့်ထားတဲ့ ကိုယ်စားလှယ် အဖွဲ့ကို မြန်မာကို ကိုယ်စားပြုခွင့် ပေးမလဲ ဆိုတဲ့ အပိုင်းမှာ တပြေးညီ သဘောထားနဲ့ ချည်းကပ်မှုတွေ ရလာနိုင်စေပါတယ်။
ဒီတော့ .... ဦးကျော်မိုးထွန်းကို NUG ရဲ့ ကိုယ်စားလှယ် အဖြစ် မြန်မာကို ကိုယ်စားပြုခွင့် အထွေထွေညီလာခံက အတည်ပြု လိုက်တယ် ဆိုရင် နောက်ဆက်တွဲ အနေနဲ့ လူ့အခွင့်ရေးကောင်စီနဲ့ ICJ တို့ အပါအဝင် ကျန်တဲ့ ကုလအဖွဲ့အစည်းတွေ အတွင်းမှာပါ NUG က ခန့်ထားတဲ့ သူတွေ မြန်မာကို ကိုယ်စားပြုခွင့် ရလာနိုင်တယ် ဆိုတဲ့ အကျိုးဆက်မျိုး ဖြစ်လာနိုင်ပါတယ်၊

ဓာတ်ပုံ ရင်းမြစ်, UNHRC
ဘီဘီစီ။ ။ ဒီတော့ ရေဘက္ကာရေ ယူအဲန်ချာတာလို့ ခေါ်တဲ့ ကုလသမဂ္ဂ ပဋိညာဥ်ကို ကြည့်ရင် အဖွဲ့တစ်ခုက စေလွှတ် ခန့်ထားတဲ့ သူကို နိုင်ငံကို ကိုယ်စားပြုခွင့် ပေးတာဟာ အဲဒီ အဖွဲ့ကို အစိုးရ အဖြစ် အသိအမှတ် ပြုတာပဲ ဆိုပြီး အတိတကျ ဖွင့်ဆိုထားတဲ့ စာသားမျိုး ပါဝင်လားခင်ဗျ ... ။
ရေဘက္ကာဘာဘာ။ ။ ဒါလည်းပဲ ကောင်းလိုက်တဲ့ နောက်မေးခွန်းပါပဲ။ ကုလသမဂ္ဂမှာ ဥပဒေကြောင်းရေးရာ အကြံပြုရတဲ့ Legal Counsel အဖွဲ့ကနေ ပြောထားတာရှိပါတယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ ပြုလုပ်တဲ့ “ကိုယ်စားပြုခွင့် အရည်အချင်းစစ်ဆေးမှု ... credential process” ဆိုတာဟာ အရည်အချင်း စစ်ဆေးမှု လုပ်ငန်းစဥ် သက်သက်သာ ဖြစ်ဖို့ ရည်ရွယ်တယ်လို့ ပြောထားပါတယ်။
ကုလအဖွဲ့ဝင်နိုင်ငံတွေကို ဘယ်အဖွဲ့ကို အစိုးရ အနေနဲ့ ဆက်ဆံပါ၊ ဟို အဖွဲ့ကိုတော့ မဆက်ဆံပါနဲ့ ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်မှုမျိုးတွေ မပါဝင်ဘူးလို့ ဆိုပါတယ်။
ဆိုလိုတာကတော့ ဒီ အရည်အချင်းစစ် လုပ်ငန်းစဥ်ဟာ ဘယ်အဖွဲ့ကတော့ ဘယ်နိုင်ငံရဲ့ အစိုးရ ဆိုပြီး ကုလအဖွဲ့ဝင် နိုင်ငံတွေကို လိုက်နာခိုင်းတဲ့ လုပ်ငန်းစဥ် မဟုတ်ပါဘူး။
ကျွန်မ ပြောခဲ့သလိုမျိုး ကုလသမဂ္ဂ အတွင်းမှာ ရှိတဲ့ အဖွဲ့အစည်းတွေ အတွက်တော့ ကိုယ်စားလှယ် အရည်အချင်း ရွေးချယ် စိစစ်ရာမှာ၊ လက်ခံတဲ့နေရာမှာ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ လမ်းညွှန် သဘောမျိုး ဖြစ်စေပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက် resolution လည်း ရှိနေပါတယ်။ အကယ်၍ ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုခု အနေနဲ့ သူတို့ အဖွဲ့အတွင်း ဘယ်သူကို ကိုယ်စားပြုခွင့် ပေးရမလဲ ဆိုတာကို စဥ်းစား ဆုံးဖြတ်ဖို့ လိုလာပြီ ဆိုရင် ... အထွေထွေညီလာခံမှာ ဘယ်လို ဆုံးဖြတ်ထားသလဲ ဆိုတာကို ထည့်သွင်းစဥ်းစားသင့်တယ်လို့ ဆိုထားပါတယ်။ ဒါဟာ လူ့အခွင့်အရေးကောင်စီရော၊ ICJ ရော အပေါ်မှာ အကျုံးဝင်နေတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။
ဆိုတော့ ပြီးခဲ့တဲ့ နှစ်က ရလဒ် အခြေအနေဟာ မြန်မာနဲ့ ပတ်သက်ရင် ကိုယ်စားပြုခွင့်ကို ဆုံးဖြတ်ထားတာ မဟုတ်ပဲ ... ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်း ထားတာ ဖြစ်တဲ့ အတွက် ... လူ့အခွင့်အရေးကောင်စီနဲ့ ICJ တို့ အတွက် ကိုးကားစရာ လမ်းညွှန် မရှိတဲ့ အနေအထားကို ရောက်သွား စေပါတယ်။
ဒါ့ကြောင့်လည်း လူ့အခွင့်အရေးကောင်စီမှာ မြန်မာကို ကိုယ်စားပြုခွင့် ဘယ်သူ့မှ မပေးပဲ ထားတာတို့၊ ICJ မှာ စစ်ကောင်စီက မြန်မာ ကိုယ်စားလှယ် အဖြစ် တက်ရောက်တာတို့ ဖြစ်လာခဲ့တာပါ။
အထွေထွေညီလာခံကနေ ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ထွက်လာနိုင်တယ် ဆိုရင်တော့ ဒီအရှုပ်အထွေးမျိုးကို ပြေလည် စေနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဘီဘီစီ။ ။ ရေဘက္ကာရေ ... NUG နဲ့ စစ်ကောင်စီကို ကြည့်ရင် NUG ရဲ့ အားသာချက်က ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကနေ တဆင့် တရားဝင်မှုကို ဆက်ခံထားတယ် ဆိုတဲ့ အချက်နဲ့၊ စစ်ကောင်စီကတော့ effective control လို့ ခေါ်တဲ့ လက်တွေ့ နယ်မြေ ပိုင်စိုး ထိန်းချုပ်ထားနိုင်တဲ့ အားသာချက် ရှိတယ်လို့ ပြီးခဲ့တဲ့ နှစ်တုန်းက တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားခဲ့ပါတယ်။
အခုအချိန်မှာ မြန်မာ့ ဒီမိုကရေစီ အရေး ဆော်ဩ လှုပ်ရှားသူတွေ အာရုံစိုက် ထောက်ပြနေကြတာကတော့ စစ်ကောင်စီမှာ တကယ်ရော နယ်မြေ ပိုင်စိုး ထိန်းချုပ်နိုင်မှု ရှိနေလား ဆိုပြီး မေးခွန်းပဲ ဖြစ်ပါတယ်။ NUG နဲ့ သူတို့ရဲ့ မိတ်ဖက်တွေဟာ တိုင်းပြည်ရဲ့ ရာခိုင်နှုန်း ၅၀ ကျော်ကို ထိန်းချုပ်ထားနိုင်တယ် ဆိုတဲ့ စစ်တမ်းတွေ ထုတ်လာတာကိုလည်း တွေ့ရပါတယ်။
ဒီတော့ ကျွန်တော့် မေးခွန်းက အဲဒီ effective control ဟာ ကုလမှာ ကိုယ်စားပြုခွင့်ရဖို့ ဆန်းစစ်ကြတဲ့ အခါ ဘယ်လောက်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိလဲခင်ဗျ ... ။
ရေဘက္ကာဘာဘာ။ ။ ကျွန်မ ထောက်ပြချင်တဲ့ အချက်ကတော့ နိုင်ငံကို ကိုယ်စားပြုခွင့် အကြောင်း ပြောကြပြီ ဆိုရင် ... effective control လို့ခေါ်တဲ့ နယ်မြေပိုင်းစိုး ထိန်းချုပ်နိုင်မှု ဆိုတဲ့ အချက်အပေါ် မူတည်ပြီး ဆုံးဖြတ်သင့်တယ်လို့ နိုင်ငံတကာ ဥပဒေမှာ ပြောမထားပါဘူး။
တခါ၊ ကုလသမဂ္ဂ အထွေထွေညီလာရဲ့ သမိုင်းကြောင်း တလျှာက်ကို ကြည့်လည်း ... Effective control အပေါ် မှာ အဓိက မူတည်ပြီး ဆုံးဖြတ်တာ မဟုတ်တဲ့ကြောင်း .... ကိုးကားပြောစရာ အဖြစ်အပျက်တွေ အတော်များများ ရှိနေပါတယ်။
စစ်အာဏာသိမ်းမှုကနေ ဖယ်ရှား ခံရခဲ့ရပြီး Effective control ရှိမနေတဲ့ အဝေးရောက် အစိုးရ အဖွဲ့တွေ အနေနဲ့ ကိုယ်စားပြုခွင့် ဆက်ရှိနေခဲ့တဲ့ သာဓကတွေ ရှိပါတယ်။
ဒီတော့ NUG ရဲ့ ကိုယ်စားပြုခွင့် လျှောက်ထားမှုကို အခုနှစ် လက်ခံမယ်ဆိုရင် ဒါဟာ အထွေထွေညီလာခံရဲ့ လုပ်ထုံး လုပ်နည်းတွေကနေ သွေဖီတဲ့ လုပ်ရပ် အဖြစ် ပြောလို့ မရပါဘူး။
အခုနှစ်မှာတော့ NUG ရဲ့ လျှောက်ထားမှုကို လက်ခံဖို့ရာ ဘယ်လောက် ဖြစ်တန်ခြေရှိလဲ ဆိုပြီး ကျွန်မ အနေနဲ့ ခန့်မှန်းတာတွေ၊ တွက်ဆ ပြောတာတွေ မလုပ်လိုပါဘူး။ ဒါပေမယ့် ဖြစ်လာနိုင်ဆုံး အခြေအနေ scenario အနေနဲ့ကတော့ ဒီနှစ်မှာလည်း မြန်မာကို ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး အထွေထွေညီလာခံက ဆုံးဖြတ်ချက် ရွှေ့ဆိုင်းတာမျိုး ထပ်မံပြုလုပ်ကောင်း လုပ်ပါလိမ့်မယ်။
ဒီလို လုပ်လာပြီဆိုရင် ကျွန်မ အနေနဲ့ အဖြစ်သင့်ဆုံးလို့ ယူဆတာကတော့ သူတို့ရဲ့ ရွှေ့ဆိုင်းတဲ့ ဆုံးဖြတ်ချက်ထဲမှာ လက်ရှိ သံအမတ် အနေနဲ့ သူ့ရဲ့ ခုံနေရာမှာ ဆက်ရှိခွင့် ဆိုတဲ့ အချက်ကို တိတိကျကျ ထည့်သွင်း စေ့ချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ရွှေ့ဆိုင်းတယ် ဆိုတာကလွဲပြီး ဘာမှ မပါဝင်ပဲ ဖြစ်နေခဲ့ပါတယ်။
အဲဒီ ပျက်ကွက်မှုမျိုးဟာ နောက်ဆက်တွဲ အရှပ်အထွေးတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီတော့ ရွှေ့ဆိုင်းတယ် ဆိုရင်လည်း လက်ရှိ သံအမတ်ဟာ သူ့ရဲ့ ခုံနေရာမှာ ယာယီ ဆက်ပြီး နေရာယူထားခွင့် ရှိတယ် ဆိုတဲ့ နားလည်မှု အပေါ် အခြေခံပြီး ရွှေ့ဆိုင်းတာ ဖြစ်တဲ့ အကြောင်း ထည့်ရေးဖို့ လိုပါတယ်။
ဒါဟာ ကျွန်မ ပြောခဲ့တဲ့ ကုလရဲ့ တခြားအဖွဲ့အစည်းတွေကိုလည်း မြန်မာကို ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ရင် လမ်းညွှန် သဖွယ် ကိုးကားနိုင်စေမှာ ဖြစ်ပါတယ်။ မြန်မာရဲ့ ခုံမှာ ယာယီ ဆက်ရှိနေမယ့် NUG ရဲ့ ကိုယ်စားလှယ် သံအမတ်ဟာ မြန်မာကို ကိုယ်စားပြုပြီး ကုလသမဂ္ဂမှာ စကားပြောခွင့် ရှိနေတယ် ဆိုတဲ့ အချက် သိသာ ထင်ရှား နေစေဖို့ လိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UN Web TV
ဘီဘီစီ။ ။ အရည်အချင်းစစ်ကော်မတီထဲ ပါတဲ့ အဖွဲ့ဝင် နိုင်ငံတိုင်းမှာ ကိုယ်ပိုင် သဘောထားတွေ အပေါ် မူတည်တဲ့ ရပ်တည်မှုတွေ ဖော်ပြနိုင်ဖို့ တူညီတဲ့ အခွင့်အရေးတွေ ရှိလား ရေဘက္ကာရေ ... ။ ဘာလို့ ကျွန်တော် အဲဒီလို မေးရတာလဲ ဆိုတော့ ... ပြီးခဲ့တဲ့နှစ်က ဆိုရင် မြန်မာကို ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်ကြား နောက်ကွယ်မှာ သဘောတူမှု ရခဲ့တယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့တာကို မှတ်မိမှာပါ။
ဦးကျော်မိုးထွန်းလည်း အထွေထွေညီလာခံမှာ စကားမပြောနဲ့ ... အရည်အချင်းစစ် လုပ်ငန်းစဥ်နဲ့ ပတ်သက်လို့တော့ ဆုံးဖြတ်ချက် ရွှေ့ဆိုင်းတဲ့ လမ်းကြောင်းကနေ ဦးကျော်မိုးထွန်း ဆက်ရှိနေစမယ် ဆိုတာမျိုးကို တရုတ်နဲ့ အမေရိကန်တို့ကြား နားလည်မှု ယူခဲ့တာလို့ ဆိုပါတယ်။
ကျွန်တော် သိချင်တာက ... အဲဒီလို စားပွဲခုံအောက် လက်သိပ်ထိုး ပြုလုပ်တဲ့ သဘောတူမှုတွေ ဆိုတာ တကယ်ရှိလား ... ဒါဆိုရင် အရည်ချင်းစစ်ကော်မတီထဲ ပါဝင်ရတဲ့ တစ်နိုင်ချင်းစီအတွက် ဘာအဓိပ္ပာယ် ရှိတော့မှာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိချင်တာပါ။
ရေဘက္ကာဘာဘာ။ ။ အရည်ချင်းစစ်ကော်မတီက ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာ ကော်မတီထဲ ပါဝင်တဲ့ နိုင်ငံတွေရဲ့ သဘောထားပေါ်မှာ မူတည်တယ်လို့ ပြောနိုင်ပါတယ်။ အရည်ချင်းစစ်ကော်မတီရဲ့ တာဝန်က လျှောက်ထားလာမှုတွေ အပေါ် စိစစ် သုံးသပ်ပြီး သူတို့ရဲ့ သဘောထား မှတ်ချက်တွေကို အထွေထွေ ညီလာခံထံ တင်ပြ ပေးရတာ ဖြစ်ပါတယ်။
အဲဒီ အကြံပြုချက်ဟာ ကိုယ်စားပြုခွင့် လျှောက်ထားမှုကို လက်ခံသင့်တယ် ဆိုတာပဲ ဖြစ်ဖြစ်၊ ရွှေ့ဆိုင်းသင့်တယ် ဆိုတာပဲဖြစ်ဖြစ် ... များသောအားဖြင့်တော့ ထပ်ပြီး ဆွေးနွေးတာ၊ ငြင်းခုံတာမျိုး မလုပ်ပဲ ကော်မတီက အကြံပြုတဲ့ အတိုင်းပဲ အထွေထွေညီလာခံက လက်ခံ အတည်ပြုပေးပါတယ်။
ကော်မတီ အကြံပြုချက်အတိုင်း မဟုတ်ပဲ မတူတဲ့ ရလဒ် ထွက်လာမလား ဆိုပြီး အထွေထွေ ညီလာခံထဲ ဆွေးနွေးငြင်းခုန်တာတွေ လုပ်ချင်ရင်လည်း လုပ်ခွင့် ရှိပါတယ်။ မလုပ်ကြတာများပါတယ်။
ကော်မတီရဲ့ သဘောထား အကြံပြုချက်ဟာ အထွေထွေညီလာခံမှာ ရှိနေတဲ့ အဖွဲ့ဝင် နိုင်ငံ အများစုရဲ့ သဘောထားကို ထင်ဟင်တယ်လို့ ယူဆရတဲ့ အတွက် ဖြစ်ပါတယ်။
မြန်မာအရေးမှာ အင်အားကြီး နိုင်ငံတွေကြား လက်သိပ်ထိုး ညှိနှိုင်းထားတဲ့ သဘောတူမှုတွေ ရှိလား၊ မရှိဘူးလား ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မ ဆီမှာတော့ ဘယ်လို အချက်အလက် မျိုးမှ ရှိမနေပါဘူး။
ဒီနေရာမှာ ကျွန်မပြောနိုင်တာကတော့ .... မြန်မာ့ အရေးဟာ စစ်အာဏာသိမ်းပြီးစ အရင်နှစ်ကနဲ့ ထပ်တူညီတဲ့ အနေအထား မဟုတ်တော့ပဲ အပြောင်းအလဲ တွေ အတော် ရှိလာတာကို မြင်နေရပါတယ်။
ဒီတော့ ပြောင်းလဲ ဖြစ်ထွန်းလာတဲ့ အခြေအနေ အရပ်ရပ်တွေ အားလုံးကို အရည်ချင်းစစ် ကော်မတီ ကရော၊ အထွေထွေညီလာခံကရော ထည့်သွင်း စဥ်းစားပြီး ချိန်ဆကြဖို့ လိုပါတယ်။
ပြောင်းလဲ ဖြစ်ထွန်းလာတဲ့ အခြေအနေတွေ ဆိုရာမှာ အခု လတ်တလော ထွက်လာတဲ့ စစ်တမ်းတွေက ပြသနေတဲ့ လက်နက်ကိုင် ပဋိပက္ခရဲ့ ချိန်ခွင်လျှာနဲ့ မြေပြင် အနေအထားတွေ အားလုံးရော၊ NUG အနေနဲ့ နိုင်ငံရေး ရပ်တည်မှုတွေ ဘယ်လောက် ခိုင်မာအောင် ကြိုးစား တည်ဆောက်နိုင်ခဲ့လဲ ဆိုတဲ့ အချက်တွေရော အားလုံးကို ထည့်သွင်း စဥ်းစား သင့်ပါတယ်။
နိုင်ငံရေး အရ တည်ဆောက်မှုလို့ ဆိုရာမှာ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ် ပေါ်ထွန်းရေးလို ကိစ္စတွေ၊ တိုင်းရင်းသား မျိုးနွယ်စု အသီးသီးရဲ့ ကိုယ်စားပြုမှုကို ထင်ဟပ်ဖို့ရည်ရွယ်တဲ့ NUCC ဖွဲ့စည်းထားရှိတဲ့ လုပ်ရပ်မျိုး အားလုံးကို ဆိုလိုပါတယ်။
ဒီတော့ စစ်ရေး၊ နိုင်ငံရေး မျက်နှာစာ အားလုံးမှာတော့ အခြေအနေတွေဟာ အရင်နှစ်ကနဲ့ ထပ်တူမညီပဲ NUG အနေနဲ့ တိုးတက်မှုတွေ တည်ဆောက်ထားနိုင်တာကို တွေ့နေရပါတယ်။








