မြန်မာအတွက် ဒေါ်လာ ၂၃ သန်းဖိုး အကူအညီ ပေးမယ်လို့ တောင်ကိုရီးယား ကတိပြု- အောက်တိုဘာ ၁၂ ရက် ထိပ်တန်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယို က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာတဲ့ အကူအညီ ဒေါ်လာ ၂၃ သန်းဖိုး ထောက်ပံ့မယ်လို့ လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ ကျင်းပတဲ့ အရှေ့အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေးမှာ ကတိပြု ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားဟာ မြန်မာနိုင်ငံအတွက် ထောက်ပံ့ကူညီမှုတွေ နှစ်စဉ် ပေးလေ့ရှိရာမှာ အခုဒီထောက်ပံ့မှုဟာ မနှစ်ကထက် ၄ ဆ ပိုများတယ်လို့ သိရပါတယ်။
အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတ ယွန်ဆွတ်ယိုက မြန်မာ့အရေး ပြဿနာဟာ စည်းမျဉ်းအခြေပြု အုပ်ချုပ်တဲ့ ဒေသတွင်း နိုင်ငံတွေအကြား အပြန်အလှန်ဆက်ဆံခြင်းအားဖြင့် ပြဿနာ ဖြေရှင်းနိုင်စွမ်း ရှိမရှိ ဆိုတာကို စမ်းသပ်မှု တစ်ခု ဖြစ်ကြောင်း အလေးအနက် ပြောသွားပါတယ်။ အာဆီယံ သဘောတူချက်နဲ့အညီ မြန်မာနိုင်ငံတွင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့နဲ့ ပါဝင်ပတ်သက်သူတွေအားလုံး စတင်ပြောဆိုဆွေးနွေးကြဖို့ ကိုလည်း မီးမောင်းထိုး ပြောသွားခဲ့ပါတယ်။
အရှေ့အာရှနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲဟာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအပါအဝင် အင်ဒို-ပစိဖိတ်ဒေသနိုင်ငံပေါင်း ၁၈ နိုင်ငံနဲ့အတူ တောင်ကိုရီးယား၊ အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့ပါဝင်တဲ့ ထိပ်တန်းအဆင့် မဟာဗျူဟာဆိုင်ရာ ဆွေးနွေးပွဲ ဖြစ်ပါတယ်။
လေးလအတွင်း ရခိုင်မှာ အများဆုံးလေကြောင်းတိုက်ခံရတယ်လို့ စစ်တမ်းတွေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရပ်ဘက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်တဲ့စစ်တမ်းအရ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ဟာ လေးလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ၁၇၆ ကြိမ် တိုက်ခိုက်ခံရပြီး ရှမ်းပြည်နယ်မှာ ၁၅၁ ကြိမ် နဲ့ ဒုတိယ အများဆုံး ဖြစ်တယ်လို့ အဲဒီစစ်တမ်းမှာ ဖော်ပြထားပါတယ်။
အခုလ ၉ ရက်က ထုတ်ပြန်တဲ့ အဲဒီ အစီရင်ခံစာအရ မေလကနေ ဩဂုတ်လအထိ လေးလအတွင်း နိုင်ငံအနှံ့မှာ လေကြောင်းကနေ အကြိမ်ရေ ၈၀၀ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုတွေမှာ အရပ်သား ၄၅၅ ဦးသေဆုံးပြီး ရှစ်ရာကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတစ်ဝန်းက တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အောက်တိုဘာလ ၁၀ ရက်အတွင်းမှာလည်း အရပ်သားထိခိုက်သေဆုံးမှုတွေ ဒါဇင်နဲ့ချီ ရှိခဲ့ပါတယ်။
ကချင်အထူးဒေသ (၁) ပန်ဝါဌာနချုပ်အနီး စစ်ရေးတင်းမာ

ဓာတ်ပုံ ရင်းမြစ်, KACHIN REGIONAL GOVERMENT
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကချင်အထူးဒေသ(၁)ထဲက မြို့တွေဖြစ်တဲ့ ချီဖွေ နဲ့ ဆော့လော်ကို စက်တင်ဘာ ၂၉ နဲ့ ၃၀ ရက်နေ့က ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေကသိမ်းယူထားပြီးနောက် ပန်ဝါဌာနချုပ်အနီးမှာပါ စစ်ရေးတင်းမာနေတယ်လို့ ကေအိုင်အေနဲ့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ချီဖွေနဲ့ ဆော့လော် နှစ်နေရာအပြင် အထူးဒေသ ၁ ရဲ့ ငြိမ်းချမ်းရေးဌာနချုပ်အခြေစိုက်ရာ ပန်ဝါမြို့ဟာ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းနှစ်ပေါင်းများစွာ ထိန်းချုပ်ထားတဲ့နေရာတွေ ဖြစ်ပါတယ်။
ဦးဇခုန်တိန့်ယိန်းထိန်းချုုပ်ထားတဲ့ အထူးဒေသ ၁ ရဲ့ တပ်ရင်း ဌာနချုပ်မှာ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃တို့ စုဖွဲ့ထားပြီး လက်ရှိမှာ ပန်ဝါ ဌာနချုပ်အနီးက တပ်ရင်း ၁၀၀၂ နေရာမှာ စစ်ရေးပြင်းထန်နေတာဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ကေအိုင်အေ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ပန်ဝါမြို့အထိ တိုက်ပွဲမရောက်သေးကြောင်းနဲ့ဆော့လော်နဲ့ချီဖွေသိမ်းပြီးနောက်ပိုင်း စစ်ရေးတင်းမာနေတဲ့အကြောင်း ပြောပါတယ်။
တိုက်ပွဲတွေ မဖြစ်ပေမဲ့ သိမ်းယူထားပြီးသားနေရာတွေကို ထိန်းချုပ်ထားဖို့ လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။
ဒေသခံတစ်ဦးကတော့ “ပန်ဝါမြို့မှာတော့ စစ်မဖြစ်သးဘူး။ လုပြည်ရွာမှာလည်း မဖြစ်သေးဘူး။ လုပြည်ရွာ အောက်ဘက်က ကာကင်း စခန်းတွေမှာ ဖြစ်နေတာ အဲဒီရွာဘက်ကလူတွေက ပန်ဝါမြို့ဘက်ကို တိမ်းရှောင်နေတာ။ ကေအိုင်အေက ဘယ်အချိန်လာတိုက်မယ်ဆိုတာတော့ မသိဘူး။ ကချင်အထူးဒေသ(၁) အားလုံးက ဦးဇခုန်တိန့်ယိန်းရဲ့ နေရာတွေပဲ။ ၁၀၀၂ နေရာပေါ့။ အောက်တိုဘာ၁ ရက်နေ့ကတည်းက ဖြစ်နေတာ။ ပစ်လိုက် နားလိုက်၊ ပစ်လိုက်နားလိုက် ဖြစ်နေတာ။ အဲဒီဘက်စစ်ရေးကတော့ တင်းမာနေတယ်” လို့ ဆိုပါတယ်။
ကချင်အထူးဒေသ(၁) ဟာ ကချင်ပြည်နယ်အတွင်းကနာမည်ကျော် မြေရှားသတ္တု ထွက်ရှိတဲ့ နေရာဖြစ်ပါတယ်။
အဲဒီဒေသကို ဝင်ရောက်လာတဲ့ ကေအိုင်အေနဲ့ ပီဒီအက်ဖ်တပ်တွေကို တိုက်ခိုက်ချေမှုန်းဖို့ ဦးဇခုန်တိန့်ယိန်းက လက်မှတ်ထိုးပြီး ဇွန် ၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမိန့်ကို ကေအိုင်အေ ဗိုလ်ချုပ်ကြီး ဂွန်မော်က မထုတ်ပြန်သင့်တဲ့စစ်မိန့်လို့ တုံ့ပြန်ခဲ့တဲ့နောက် စက်တင်ဘာလကစပြီး အဲဒီဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
မြန်မာ့အရေး အားလုံးပါဝင်တဲ့ နိုင်ငံရေးအဖြေရှာဖို့ ကုလအတွင်းရေးမှူးချုပ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပဋိပက္ခစစ်ပွဲတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု ပြန်လည် တည်ဆောက်နိုင်အောင် အာဆီယံ ခေါင်းဆောင်တွေ ဝိုင်းဝန်းကူညီကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေးမှာ သောကြာနေ့က တိုက်တွန်းပြောကြားသွားပါတယ်။
မြန်မာပြည်သူတွေ ငြိမ်းချမ်းရေး လိုအပ်နေကြောင်း၊ အာဆီယံနိုင်ငံတွေအနေနဲ့ ကိုယ့်ရဲ့ သြဇာအရှိန်အဝါတွေကို အသုံးချပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး အဖြေရှာတဲ့နည်းနဲ့ ဒီပဋိပက္ခကြီးကို ဖြေရှင်းနိုင်ရေး ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းလိုကြောင်း မစ္စတာ ဂူတာရက်စ် က ပြောသွားပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ အာဆီယံဥက္ကဋ္ဌအကြား ပူးပေါင်းဆောင်ရွက်နေမှုတွေ ပိုခိုင်မာလာစေဖို့ သူ့အနေနဲ့ အားပေးကူညီသွားမှာ ဖြစ်ကြောင်းနဲ့ အာဆီယံ ဘုံသဘောတူချက် ၅ ရပ်ကို ထိထိရောက်ရောက် အပြည့်အဝ အကောင်အထည် ဖော်နိုင်ရေးအပါအဝင် မြန်မာဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက် နည်းလမ်းသစ်တွေ ရှာဖို့ တိုက်တွန်းခဲ့ပါတယ်။
အာဆီယံ ထိပ်သီး ညီလာခံအတွင်း မြန်မာ့အရေးပြဿနာက အဓိကကိစ္စရပ်အဖြစ် ဆက်ရှိနေဆဲ ဖြစ်ပြီး အာဆီယံ ခေါင်းဆောင်တွေအကြား အကြိတ်အနယ် ဆွေးနွေးစရာ ဖြစ်ခဲ့တယ်လို့ ကမ္ဘောဒီးယား ကိုယ်စားလှယ်ဝန်ကြီး ယန်း ဖရောန်ဆွာ တန် ကလည်း ထိပ်သီးညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“မနှစ်ကလိုပဲ ဒီနှစ်မှာလည်း မြန်မာ့အရေးပြဿနာက အာဆီယံယခေါင်းဆောင်တွေအကြား အဓိက ဆွေးနွေးပြောဆိုရတဲ့ ကိစ္စတစ်ရပ်အဖြစ် ဆက်ရှိနေဆဲပါ။ မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းတဲ့ ပုံမှန်နိုင်ငံအဖြစ် ပြန်ရောက်အောင် အာဆီယံအဖွဲ့အနေနဲ့ အားသွန်ခွန်စိုက် ဆက်ကြိုးပမ်းသွားမှာပါ” လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ်ကတည်းကစလို့ အာဆီယံ ထိပ်သီးညီလာခံတိုင်းမှာ မြန်မာ့အရေးပြဿနာ ဟာ အဓိကခေါင်းစဉ် ကိစ္စရပ်အဖြစ် အမြဲ ပြန်ဆွေးနွေးနေရတဲ့ ကိစ္စ ဖြစ်ခဲ့တယ်ဆိုတာကို ဝန်ကြီး တန်က မီးမောင်းထိုး ပြောသွားခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကာလတာရှည် မတည်မငြိမ် ဖြစ်နေမှုဟာ အာဆီယံအဖွဲ့ကြီးတစ်ခုလုံးအတွက် အကြီးအကျယ် စိုးရိမ်စရာကိစ္စရပ် ဖြစ်နေခဲ့တာပါ။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မနေးကလည်း မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု အမြန်ဆုံး ပြန်တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုတွေမှာ အာဆီယံအနေနဲ့ မဖြစ်မနေ ထောက်ပံ့ကူညီဖို့လိုတယ်လို့ အလေးအနက် ပြောသွားခဲ့ပါတယ်။
မြန်မာ့အရေးပြဿနာကိစ္စရပ်နဲ့ ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဆောင်ရွက်ရေးက အရေးပါကြောင်းကို အာဆီယံခေါင်းဆောင်တွေက ထပ်မံတိုက်တွန်းသွားခဲ့ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲမှာ ချမှတ်ခဲ့တာဖြစ်ပြီး အဲဒီဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ
-အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဖို့နဲ့ သက်ဆိုင်သူအားလုံးက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်၊
-အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့အဖြေရှာကြရန်၊
-အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ ကူညီမှုကိုရယူပြီး ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို ညှိနှိုင်းပေးရန်၊
-အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနကတစ်ဆင့် လူသားချင်းစာနာမှုအကူအညီများပေးသွားရန်နဲ့
-အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကို သွားရောက်ပြီး ပြည်တွင်းက သက်ဆိုင်သူ ဘက်ပေါင်းစုံနဲ့တွေ့ဆုံရန် တို့ ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပူအယ်မှတ်တမ်း - နေပြည်တော်ဘက်က တရုတ်ဘယ်လိုရပ်တည်လဲ၊ ဘာကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, MNDAA
ရည်ရွယ်ချက်ရှိရှိပေါက်ကြားလာပုံရတဲ့ အစည်းအဝေးမှတ်တမ်းထဲမှာ ၁၀၂၇ စစ်ဆင်ရေးရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ မဟာမိတ်ဆက်ဆံရေးနဲ့ ပထဝီဝင်နိုင်ငံရေးရဲ့အရေးပါမှုကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားပြီးနောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော်အတွင်း တရုတ်နိုင်ငံနဲ့နယ်နိမိတ်ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခုအချိန်လောက် ရှုပ်ထွေးပြီး အကဲဆတ်တဲ့ အခြေအနေမျိုး အရင်က မရှိခဲ့ပါဘူး။
တရုတ်နယ်စပ်ကလက်နက်ကိုင်တပ်တွေ အင်အားကြီးထွားလာမှုနဲ့အတူ အမေရိကန်နဲ့နီးစပ်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မိသွားမှာကို တရုတ်ရဲ့ စိုးရိမ်ချက်ဘယ်လိုရှိနေလဲ။
ဒီဆောင်းပါးလင့်ခ်မှာ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
NUG က နိုင်ငံတစ်ဝန်း စာနာမှုအကူအညီ ကျပ်သန်း ၁၂၀၀ ကျော် ပေးအပ်

ဓာတ်ပုံ ရင်းမြစ်, nug
အမျိုးသားညီညွတ်ရေးအစိုးရ NUGက အခုနှစ် စက်တင်ဘာလ တစ်လအတွင်း အမှန်တကယ် အကူအညီလိုအပ်နေတဲ့သူတွေဆီ လူသားချင်းစာနာမှု အကူအညီ ငွေကျပ် သန်း ၁၂၀၀ ကျော် ပံ့ပိုးခဲ့တယ်လို့ အောက်တိုဘာ ၁၁ ရက်က သတင်းထုတ်ပြန်ပါတယ်။
NUG က ပံ့ပိုးတဲ့ ငွေကျပ်သန်း ၁၂၀၀ ကျော်ထဲမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ စစ်ရှောင်တစ်သိန်းကျော်ကို အရေးပေါ်စားနပ်ရိက္ခာ အတွက် ကျပ်သန်း ၃၀၀ ကျော်၊ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ ပြည်သူ ၂၅၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရခဲ့သူ ၄၄၆ ဦးအတွက် အကူအညီငွေကျပ် ၅၉ သန်းကျော်၊ CDM ဝန်ထမ်းတွေအတွက် ၅ သန်းကျော်၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေအတွက် ၃ ဒဿမ ၁ သန်း၊ သဘာဝဘေးအတွက် ကျပ်သန်း ၇၀၀ ကျော်၊ အထွေထွေအကူအညီ ၆၆ သန်းကျော် ကူညီနိုင်ခဲ့တယ်လို့ အချက်အလက်နဲ့တကွ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စက်တင်ဘာလအတွင်း NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြည်နယ်နဲ့ တိုင်းအလိုက် ရေဘေးသင့်စစ်ရှောင်ပြည်သူ ၇ သိန်းကျော်ကို ကူညီနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အခုလ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကျယ်ပြန့်လာတဲ့ ပဋိပက္ခနဲ့ ရေဘေးသင့်တာကြောင့် နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ ၃ သန်းကျော်ရှိပြီ ဖြစ်ပါတယ်။
သပိတ်အဖွဲ့ဝင် လူငယ်လေးဦးကို အင်းစိန်ထောင်ပို့ဆောင်

ဓာတ်ပုံ ရင်းမြစ်, စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
ထပ်မံဖမ်းဆီးခံရတဲ့ ကိုပိုင်ဖြိုးမင်း ၊ ကိုရှိန်းဝေအောင်နဲ့မိသားစုလေးဦး အဆက်အသွယ်ပြတ်နေ
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်လူထုသပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ၊ ပညာရေးပြုပြင် ပြောင်းလဲရေးအပါအဝင် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ တက်ကြွလှုပ်ရှားသူ ကိုရှိန်းဝေအောင်တို့ဟာ ရန်ကုန်၊ သာကေတ မြို့နယ်က နေအိမ်တစ်အိမ်ကို ဧည့်စာရင်းဝင်စစ်ချိန် ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်အာဏာ ရှင်ဆန့်ကျင်ရေးမဟာမိတ် အင်အားစု ရန်ကုန် (Anti-Junta Alliance Yangon – AJAY) အဖွဲ့က အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သူတို့နှစ်ဦးမှာ အန္တရာယ် ရှိနေပြီး ဖမ်းဆီးထားသူတွေနဲ့ပတ်သက်လို့ စစ်တပ်က တာဝန်ယူရမယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)ကလည်း ထုတ်ပြန်ထားပါတယ်။
သူတိုနှစ်ဦးစလုံးနဲ့ အောက်တိုဘာ ၉ ရက်နေ့ညပိုင်းကစပြီး အဆက် အသွယ် ပြတ်တောက်သွားခဲ့တာဖြစ်ပြီး ကိုရှိန်းဝေအောင်ကတော့ သူ့မိဘနှစ်ပါးနဲ့ အစ်မဖြစ်သူတို့ပါ သူနဲ့ အတူဖမ်းဆီးခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ 'ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိ'ဆန္ဒပြပွဲအပြီးမှာ သပိတ်ဦးဆောင်သူ ၄ ဦးဖြစ်တဲ့ ကိုဇော်လင်းထွဋ်ခေါ် ကိုဖိုးသား၊ ကိုအောင်မင်းခိုင်၊ မမြမဉ္ဇူနဲ့ မနှင်းအိခိုင်တို့ ဖမ်းဆီးခံခဲ့ရပါတယ်။
လက်ရှိမှာ တော့ သူတို့ ၄ ဦးစလုံး အင်းစိန်ထောင်ကို ရောက်ရှိနေပြီး အောက်တိုဘာ ၁၁ ရက်နေ့က ပထမဆုံးအကြိမ် တရားရုံးထုတ်တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပြီး အသေးစိတ်အခြေအနေကိုတော့လုံခြုံရေးအရ ပြောကြားလို့မရကြောင်း ပြောပါတယ်။
“စက်တင်ဘာ ၁၉ ရက်မှာ ဖိုးသားတို့ကို ဖမ်းမိသွားတည်းက ကျန်သူတွေကိုပိုက်စိပ်တိုက် ရှာနေတဲ့သတင်းတွေလည်း ကျွန်တော်တို့ရပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာတော့ သူတို့နှစ်ဦး(ကိုပိုင်ဖြိုးမင်းနဲ့ ကိုရှိန်းဝေအောင်) ဆီက ဧည့်စာရင်းဝင်စစ်နိုင်တယ် ဆိုတဲ့ သတင်းရ အပြီးမှာ လုံးဝအဆက်အသွယ်ပြတ်သွားတာပါ။ ဧည့်စာရင်း အယောင် ပြပြီးတော့မှ ကိုပိုင်ဖြိုးမင်းတို့ ကိုရှိန်းဝေအောင် တို့နေထိုင်တဲ့ နေအိမ်ကို မတရားဝင်ရောက် စီးနင်းတယ်လို့ ပြောလို့ ရပါတယ်”လို့ တကသကျောင်းသား ဟောင်းများအင်အားစု ဦးဆောင်သူကိုနန်းလင်းက ပြောပါတယ်။
ကိုပိုင်ဖြိုးမင်းဟာ သံချပ်ထိုးမှုနဲ့ ၂ဝ၁၉ မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရပြီး ၂ဝ၂၁ ခုနှစ်မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်မြောက်လာသူဖြစ်ပါတယ်။ ရန်ကုန်သပိတ်အင်အားစုတွေဆက်တိုက် ဖမ်းဆီးခံနေရချိန် အထွေထွေ သပိတ် ကော်မတီ GSCB သပိတ်အဖွဲ့ဝင်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို မန္တလေးမြို့လယ်မှာ အောက်တိုဘာ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
မန္တလေးဘက် လူထုသပိတ်တိုက်ပွဲအင်အားစုတွေထဲမှာတော့ အခုထိ အဖမ်းအဆီးသတင်း မရှိသေးပေမဲ့ လုံခြုံရေးကို အခု ထက်ပိုပြီး ဂရုစိုက်နေထိုင်နေရတယ်လို့ မန္တလေး လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်းက ဘီဘီစီ ကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mauk Kham Wah/Amnesty Internation

ဓာတ်ပုံ ရင်းမြစ်, စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊ Mauk Kham Wah/Amnesty Internation
ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင် ဆုရရှိ

ဓာတ်ပုံ ရင်းမြစ်, သည်မော်နိုင် ဖေ့စ်ဘွတ်
တောင်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ ၂၉ ကြိမ်မြောက် ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးတဲ့ “MA Cry of Silence“ ဇာတ်ကားက “ New Currents Award “ ကို ရရှိခဲ့ပါတယ်။
ဒီဇာတ်ကားဟာ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အသက် ၁၈ နှစ်အရွယ် မြန်မာ မိန်းကလေးတစ်ယောက်ရဲ့ လုပ်ငန်းခွင်အတွင်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်ဟာ အောက်တိုဘာ ၂ ရက်နေ့ကနေ ၁၁ နေ့အထိ ၁၀ ရက် အကြာ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး “MA Cry of Silence“ ရုပ်ရှင်ဇာတ်ကားကို မြန်မာ၊ ကိုရီးယား၊ စင်ကာပူ၊ ပြင်သစ်၊ နော်ဝေနဲ့ ကာတာနိုင်ငံတို့က ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ သူ့အတွက် ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ၇ နှစ် ကြာအောင် အချိန်ယူဖန်တီးခဲ့ရတာဖြစ်လို့ ခုလို New Currents Award ဆုရရှိတဲ့အတွက် အဖွဲ့သားအားလုံးအတွက် ဂုဏ်ယူတယ် လို့ ဒါရိုက်တာ သည်မော်နိုင်က သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒါရိုက်တာ သည်မော်နိုင်အတွက် “MA Cry of Silence“ ဇာတ်ကားဟာ ဆုရရှိတဲ့ ဒုတိယမြောက် ဇာတ်ကားဖြစ်ပြီး ရိုမေးနီးယားနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ “The Monk (ရဟန်း) ဆိုတဲ့ရုပ်ရှင်ဇာတ်ကားနဲ့လည်း အထူးဆုရရှိထားဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ-သည်မော်နိုင် ဖေ့စ်ဘွတ်
မတ္တရာစစ်ရှောင်စခန်းလေကြောင်းတိုက်ခိုက်ခံရလို့ လူတစ်ဒါဇင်သေဆုံး

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)
မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာက စစ်ရှောင်စခန်းကို မနေ့ အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲမှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ ရဟန်းသံဃာတွေနဲ့ ကလေးငယ်တွေအပါအဝင် လူ ၁၂ ဦးသေဆုံးခဲ့ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ် MDY-PDF က ထုတ်ပြန်ပါတယ်။
ဒဏ်ရာအပြင်းအထန်ရသူတွေလည်းရှိပြီး စစ်ရှောင်စခန်းကို အကြောင်းမဲ့ လေကြောင်းကနေ တိုက်ခိုက်တာ ဖြစ်တယ်လို့ MDY-PDF ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။
စစ်ရှောင်စခန်းကို လေကြောင်းကနေ တိုက်ခိုက်တာဟာ စစ်ဆင်ရေးနဲ့ မသက်ဆိုင်တဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်တာလို့ ဆိုပါတယ်။
“မနေ့က မတ္တရာထဲမှာ တိုက်ပွဲမရှိဘူး။ မတ္တရာအရှေ့တစ်ခြမ်းလုံးကို အောက်တိုဘာ ၅ ရက်နေ့နောက်ပိုင်းတည်းက တိုက်ပွဲမရှိတော့ဘဲ ငြိမ်နေတာ။ အခုဖြစ်တာ က မတ္တရာအနောက်ခြမ်း စစ်ရှောင်တွေနေရာကိုကြဲသွားတာ။ MDY -PDF ဒေသခံ ပီဒီအက်ဖ် တွေစိုးမိုးတာ မတ္တရာအရှေ့ခြမ်းနဲ့ အနောက်ခြမ်းပဲ။ တောင်ဘက်ခြမ်းကတော့ စစ်ကောင်စီတပ်တွေ နယ်မြေစိုးမိုးထားတုန်းပါပဲ။ မနေ့ကဖြစ်တဲ့နေရာက သုံးဆယ်ပေးရွာအနီး မတ္တရာအနောက်ဘက်ပါ။ ဒါကြောင့် ထိတွေ့မရှိလည်း မတ္တရာက အဲဒီဘက်တွေကို လေကြောင်းက လာကြဲနေတာ” လို့ ဒေသအခြေအနေ သိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်တပ်ဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)








