ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သစ်တောမြို့အတွက် မလေးရှား အခွန် ကင်းလွတ်ခွင့်ပေး
စင်္ကာပူနဲ့ ကပ်ပြီး တည်နေတဲ့ မလေးရှားရဲ့ ''သစ်တောမြို့'' ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို အခွန်ကင်းလွတ်ခွင့် ပေးမယ်ဆိုပြီး မလေးရှား အစိုးရက ကြေညာလိုက်ပါတယ်။
ဒီအစီအစဉ်တွေထဲမှာ သစ်တောမြို့ (Forest City)ကို ရွှေ့လာမယ့် လုပ်ငန်းတချို့ကို အခွန်လုံးဝကင်းလွတ်ခွင့်ပေးတာ ပါပါတယ်။ ဒီမြို့သစ် စီမံကိန်းက ဒေါ်လာ ဘီလျံတရာလောက် ကုန်မယ်လို့ တွက်ဆထားပါတယ်။
ဒီမြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်နေတာ ဆယ်နှစ်လောက် ရှိနေပေမယ့် ကန်းထရီးဂါးဒင်းဆိုတဲ့ အကြွေးတင်နေတဲ့ တရုတ် အိမ်ခြံမြေ ကုမ္ပဏီရဲ့ စီမံကိန်းဖြစ်လို့ ဆောက်လုပ်ရေးတွေ ရပ်တန့်နေပါတယ်။
သစ်တောမြို့မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတဲ့ မလေးရှားဘုရင်က အခုလောလောဆယ် တရုတ်ပြည်မှာ ရောက်နေပြီး မလေးရှားအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ရအောင် ကြိုးစားနေပါတယ်။
စီးပွားရေး နှေးကွေးမှုနဲ့ အရင်းထိန်းချုပ်မှုတွေကြောင့် တရုတ်ပြည်က ဝယ်သူတွေ ဒီအထူးဘဏ္ဍာရေးဇုန်ကို မလာနိုင် ဖြစ်နေလို့ ပြန်အသက်သွင်းဖို့ မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်ရဲ့ ကြိုးစားမှု ဖြစ်ကြောင်း တောင်တရုတ်မောနင်းပို့စ် သတင်းစာက ရေးပါတယ်။
မလေးရှားကနေ အာရှတလွှားမှာ ရှိတဲ့ ချမ်းသာသူတွေကို ဦးတည်ပြီး အခွန်ကင်းလွတ်ခွင့် ကမ်းလှမ်းခဲ့တာပါ။ ဒါဟာ ၂၀၂၅ ပထမ သုံးလမှာ မလေးရှား အစိုးရ စတင်ဖို့ မှန်းထားတဲ့ မိသားစုတစုရုံး (Single Family Office - SFO) စီမံကိန်းရဲ့ အစိတ်အပိုင်း ဖြစ်လိမ့်မယ်လို့လည်း မလေးရှား ဒုတိယ ဘဏ္ဍာရေး ဝန်ကြီး ဟမ်ဇာ အဇီဇန်က ပြောပါတယ်။
အိမ်နီးချင်း စင်္ကာပူမှာ မိသားစုရုံးတွေ ဖွံ့ဖြိုးလာပြီး ပြည်ပ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁.၃ ထရီလျံဖိုးထိ ၂၀၂၃ မှာ ရှိနေကြောင်း ခန့်မှန်းပါတယ်။ ဒီလိုရုံးတွေ မလေးရှားမှာ လာဖွင့်ကြဖို့ အန်နဝါ အစိုးရက အပြင်းအထန် ကြိုးပမ်းနေပါတယ်။
တရုတ်ရဲ့ အကြီးဆုံး အိမ်ခြံမြေ လုပ်ငန်းကြီးဖြစ်တဲ့ ကန်းထရီးဂါးဒင်းကုမ္ပဏီက ၂၀၁၆ ကတည်းက ဒီစီမံကိန်းကို စခဲ့တာ ဖြစ်ပြီး ရပ်ဝန်းတခု လမ်းတလမ်း စီမံကိန်းကြီးအောက်မှာ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက တရုတ် အိမ်ခြံမြေ စျေးကွက် ဖွံ့ဖြိုးမှုက အရှိန်သိပ်ကောင်းနေပါတယ်။ ဒါကြောင့် ပြည်တွင်းပြည်ပမှာ လူလတ်တန်းစားတွေအတွက် အိမ်တွေ ဆောက်ဖို့ လုပ်ငန်းရှင်တွေက ငွေတွေ အများကြီး ချေးပြီး အိမ်ဆောက်ကြပါတယ်။
မလေးရှားမှာတော့ ကန်းထရီးဂါးဒင်းကုမ္ပဏီရဲ့ အစီအစဉ်က ဂေဟဗေဒနဲ့ အကျွမ်းဝင်တဲ့ မြို့ပြတခုကို တည်ဆောက်ဖို့ ဖြစ်ပြီး ဂေါက်ကွင်း၊ ရေလွှာလျှောစီး၊ ရုံးတွေ၊ ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ပါပါတယ်။ ဒီသစ်တောမြို့မှာ လူ တသန်းနီးပါး နေနိုင်မယ်လို့တောင် ကုမ္ပဏီက ပြောပါတယ်။
ရှစ်နှစ်ကြာလာချိန်မှာတော့ တရုတ်အိမ်ခြံမြေစျေးကွက် အကျပ်အတည်းကို သိချင်ရင် တရုတ်ပြည် မသွားဘဲ ဒီကိုလာတာနဲ့ သိနိုင်တယ်လို့ ပြောစရာ ဖြစ်လာပါတယ်။ ၂၀၂၃ နှစ်ကုန်ထိ ဒီစီမံကိန်းတခုလုံးရဲ့ ၁၅ ရာခိုင်နှုန်းသာ တည်ဆောက်ပြီးသေးပြီး ၁ ရာခိုင်နှုန်းကျော်သာ လူနေတာ ရှိသေးတယ်လို့ သိရပါတယ်။
အကြွေး ဒေါ်လာဘီလျံ နှစ်ရာနီးပါး တင်နေပေမယ့် စီမံကိန်းအပြီးသတ်နိုင်မယ်လို့လည်း ကန်းထရီးဂါးဒင်းကုမ္ပဏီက ဘီဘီစီကို ပြောပါတယ်။