မြန်မာနိုင်ငံကူးလက်မှတ် ပြည်ပမှာ သက်တမ်းတိုးရင် ၆ လ ခန့်ကြာ

မလေးရှားနိုင်ငံက မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့အတွက် မြန်မာအလုပ်သမားတွေဟာ ပုံမှန်တန်းစီမယ်ဆိုရင် ရက်ချိန်း ၆ လလောက်ခြားပြီးမှ ရတယ်လို့ မလေးရှားရောက် မြန်မာလုပ်သားတွေက ပြောပါတယ်။

အလားတူထိုင်းနိုင်ငံမှာလည်း ရက်ချိန်းရဖို့ လနဲ့ချီစောင့်နေရပြီး ပွဲစားနဲ့လုပ်ရင်တော့ ရက်ပိုင်းအတွင်း သက်တမ်းတိုးလို့ရတယ်လို့ ဆိုပါတယ်။

လန်ဒန်မြို့က မြန်မာသံရုံးမှာ ပတ်စပို့ သက်တမ်းတိုးထားသူ တစ်ဦးကလည်း ပတ်စပို့ သက်တမ်းတိုးတာ ၅ လခန့်ကြာပြီဖြစ်ပေမဲ့ အခုထိမရသေးလို့ အခက်အခဲဖြစ်နေကြောင်း ဘီဘီစီကို ပြောပါတယ်။

မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကတော့ ပွဲစားနဲ့လုပ်ရင် ရက်ပိုင်းလောက်နဲ့ လုပ်လို့ရနေကြတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် မလေးနဲ့ ထိုင်းမှာတော့ ပုံမှန်အတိုင်းမဟုတ်ဘဲ ပွဲစားလမ်းကြောင်းနဲ့ သက်တမ်းတိုးမှသာ အဆင်ပြေတဲ့အခြေအနေဖြစ်နေတယ်လို့ မြန်မာအလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။

အရင်က တန်းစီပြီး သက်တမ်းတိုးမယ်ဆိုရင် ၂ ပတ်သာ စောင့်ရပေမဲ့ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကစပြီး ၅ လ၊ ၆ လအထိ အချိန်စောင့်နေကြရတာဖြစ်တယ်လို့လည်း မလေးရှားရောက် အလုပ်သမားတွေက ပြောပါတယ်။

မလေးမှာ ပုံမှန်အတိုင်းသက်တမ်းတိုးမယ်ဆိုရင် မလေးငွေ ရင်းဂစ် ၂၅၀ (မြန်မာငွေ တစ်သိန်းတစ်သောင်းကျော်) သာကုန်ပေမဲ့ ပွဲစားနဲ့ဆိုရင် ရင်းဂစ် ၁၅၀၀ ကနေ ၂၁၀၀ အထိ ( မြန်မာငွေ ၆ သိန်း ၇ သောင်းကနေ ၉ သိန်းခွဲ ဝန်းကျင်) ကုန်ကျတယ်လို့ ကိုယ်တိုင်ပွဲစားနဲ့ သက်တမ်းတိုးခဲ့သူ အလုပ်သမားတစ်ယောက်က ပြောပါတယ်။

ပွဲစားနဲ့ သက်တမ်းမတိုးခင် ပုံမှန်အတိုင်း သက်တမ်းတိုးဖို့ ဇွန်လအတွင်း နှစ် ကြိမ်သွားတုန်းက “သံရုံးကလူတွေက ပြန်မပြောနဲ့ ပြောတဲ့ အတိုင်းသာလုပ် ပေးတဲ့ရက်ချိန်း အတိုင်းသာလာခဲ့လို့” ပြောကြောင်း သူကပြန်ပြောပြပါတယ်။

မြန်မာသံရုံးက ရက်ချိန်းပေးတဲ့ ၆ လတာ ကာလအထိ စောင့်ကြရတဲ့အခါ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်သွားသလို အလုပ်လုပ်ခွင့်ဗီဇာလည်း မရတော့တဲ့အတွက် မလေးရှားရဲတွေ အဖမ်းမခံရအောင် ရှောင်တိမ်းနေကြရတယ်လို့လည်း ပြောပါတယ်။

သက်တမ်းတိုး လျှောက်ထားတဲ့အကြောင်း မှတ်ချက်တစ်စုံတရာကိုလည်း သံရုံးက ထုတ်မပေးထားတဲ့အတွက် စာအုပ်သက်တမ်းကုန်လို့ အဖမ်းခံရပြီး ပြန်ပို့ခံရသူတွေလည်း ရှိနေသလို ပွဲစားတွေက ငွေကြေးလိမ်ညာသွားတာကိုလည်း ခံနေကြရတယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။

မလေးရှားနိုင်ငံက မြန်မာသံရုံးထုတ်ပြန်ချက်မှာတော့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး၊ ပျောက်ဆုံး၊ အသစ်လျှောက်သူများနေပြီး နေ့စဉ်သတ်မှတ်ထားတဲ့အရေအတွက်အတိုင်း ထုတ်ပေးနေတဲ့အကြောင်း၊ မြန်မာသံရုံးနဲ့ပတ်သက်ပြီး မမှန်မကန်တာတွေ ရေးသား၊ ပြောဆိုနေတာတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံလိုပဲ မြန်မာအလုပ်သမားတွေ အလုပ်လုပ်တာများတဲ့ ထိုင်းနိုင်ငံမှာလည်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ အခက်ခဲတွေ ရင်ဆိုင်နေကြရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။

ထိုင်းနိုင်ငံက မြန်မာသံရုံးတွေမှာ နိုင်ငံကူးလက်မှတ် ပုံမှန်အတိုင်း သက်တမ်းတိုးရင် ၃ လဝန်းကျင်လောက် စောင့်ရပြီး ပွဲစားနဲ့ဆိုရင်တော့ ၂ ပတ်လောက်သာ စောင့်ကြရပါတယ်။

“သံရုံးက ပွဲစားလမ်းကြောင်းကို သွင်းပေးနေတာ လို့ မြန်မာအလုပ်သမားတွေကို အကူအညီပေးနေသူ တစ်ဦးကပြောပါတယ်။

ချင်းမိုင်ရောက်နေတဲ့ မြန်မာတစ်ဦးက အခုရက်ပိုင်း ပတ်စပို့ကို ပွဲစားနဲ့ သက်တမ်းတိုးခဲ့ရပြီး ဘတ်တစ်သောင်းခန့် ကုန်ကျခဲ့တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ သက်တမ်းတိုးမယ်ဆိုရင် ပုံမှန်ကုန်ကျစရိတ် ဘတ် ၁ ထောင် ( မြန်မာငွေ ၈ သောင်း ၇ ထောင်) လောက်ရှိပေမဲ့ ပွဲစားနဲ့ဆိုရင်တော့ ဘတ် ၅ ထောင်ကနေ ၇ ထောင်ကြား( မြန်မာငွေ ၄ သိန်းကျော်ကနေ ၆ သိန်းကျော် ရှိပါတယ်။

ထိုင်းနိုင်ငံက မြန်မာသံရုံးကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာတွေနဲ့ပတ်သက်လို့ မေးမြန်းဖို့ ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။