ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထရမ့် - ပူတင် တွေ့ဆုံမှုထက် ယူကရိန်းအနာဂတ်အတွက် အရေးကြီးတဲ့ ဝါရှင်တန်ကဆွေးနွေးပွဲ
- ရေးသားသူ, ဖရန့် ဂါဒနာ
- ရာထူးတာဝန်, လုံခြုံရေးဆိုင်ရာ ဘီဘီစီသတင်းထောက်
အမေရိကန်သမ္မတ အိမ်တော် အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ရှိတဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ သမ္မတ ထရမ့်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ပြီးခဲ့တဲ့သောကြာနေ့က အလာစကာပြည်နယ်မှာလုပ်ခဲ့တဲ့ အမေရိကန် -ရုရှား ထိပ်သီးဆွေးနွေးပွဲထက်စာရင် ယူကရိန်း အနာဂတ်အတွက်သာမက ဥရောပ တစ်ခုလုံးရဲ့ လုံခြုံရေးအတွက်လည်း ပိုပြီးအရေးပါပါတယ်။
အပြင်ပန်းသဘောသဘာဝအရကြည့်ရင် ထရမ့်နဲ့ ပူတင် ပြန်လည်တွေ့ဆုံမှုဟာ မျှော်လင့်ချက်တွေအားလုံးအတွက် မှန်းသလောက် ခရီးမပေါက်ခဲ့ပုံပါ။
အပစ်ရပ်တာမရှိ၊ အရေးယူဒဏ်ခတ်မှု မရှိ၊ ကြေညာချက် ကြီးကြီးမားမား မရှိခဲ့ပါဘူး။
ဒီတော့ ကမ္ဘာ့နျူကလီးယားပါဝါနိုင်ငံ နှစ်နိုင်ငံက ခေါင်းဆောင်တွေ တံခါးပိတ်ဆွေးနွေးမှုနောက်ကွယ်မှာ ရရှိတဲ့ သဘောတူညီချက်တစ်ခုခုမှာ ယူကရိန်းနဲ့ ဥရောပတို့ အခန်းကဏ္ဍ ဖယ်ချန်ထားခံရမှာပါလား။
ယူကရိန်းနဲ့ သူ့ မိတ်ဖက်နိုင်ငံတွေဟာ ဒီလိုမဖြစ်အောင် ကာကွယ်နိုင်မယ်ဆိုရင်တော့ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။
ယူကရိန်းသမ္မတ ဇလန်းစကီး တစ်ယောက် အခုနှစ် ဖေဖာ်ဝါရီလတုန်းက အိမ်ဖြူတော်က ဘဲဥပုံရုံးခန်းမှာ ကြုံခဲ့ရသလိုမျိုး ဝါရှင်တန်မှာ ထပ်မကြုံရအောင် ဗြိတိသျှ ဝန်ကြီးချုပ် ကီယာ စတားမာ၊ ပြင်သစ် သမ္မတ မက်ကရွန်း၊ ဂျာမနီ ဝန်ကြီးချုပ် မာ့ဇ် နဲ့ တခြားခေါင်းဆောင်တွေ ကျော ထောက်နောက်ခံပေးနေကြပါတယ်။
သူတို့ဟာ သမ္မတ ဒေါ်နယ်ထရမ့်ကို အကြောင်းအရာ ၂ ခုနဲ့ အာရုံစိုက်နိုင်အောင် ကြိုးပမ်းနိုင်ခြေ ရှိပါတယ်။ အဲဒါက ယူကရိန်း တိုက်ရိုက် ပါဝင်ရတာမရှိဘူးဆိုရင် ယူကရိန်းအတွက် သဘောတူညီချက် တစ်ခုရဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာနဲ့ အဲဒီသဘောတူညီချက်ဟာ လုံခြုံရေး အာမခံချက် ခိုင်ခိုင်မာမာ ရှိရမယ်ဆိုတဲ့အချက်တို့ ဖြစ်ပါတယ်။
ဒါတွေထက် ယူကရိန်းနဲ့ ဥရောပတို့ဟာ ညီညွတ်ရေးတပ်ဦးအနေနဲ့ ရှိနေတယ်ဆိုတာကို ဥရောပ ခေါင်းဆောင်တွေက အမေရိကန်သမ္မတကို မြင်စေချင်တာဖြစ်ပါတယ်။ နောက်ပြီး သမ္မတ ထရမ့် အနေနဲ့ ပုဂ္ဂိုလ်ရေးအရ ဗလာဒီမီယာ ပူတင်နဲ့ အစေးကပ် အပေါက်အလမ်းတည့်တာဟာ ရုရှား ခေါင်းဆောင် လိုလားချက်တွေကို ပေးလိုက်တဲ့ ယိမ်းသွားဖို့ မဟုတ်ဘူးဆိုတာကိုလည်း ဥရောပ ခေါင်းဆောင်တွေ သေချာချင်ကြပါတယ်။
ဒီနေရာမှာ ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတားမာရဲ့ သံခင်းတမန်ခင်းစွမ်းရည်တွေကို စမ်းသပ်မယ့်ကိစ္စလည်းဖြစ်ပါတယ်။
ထရမ့်ဟာ ကီယာ စတားမာကို သဘောကျပြီး သူ့စကားကိုလည်း နားထောင်လေ့ရှိပါတယ်။ လာမယ့်လတွေအတွင်းမှာပဲ ထရမ့်ဟာ ဗြိတိန်ကို နိုင်ငံတော်အဆင့် အလည်အပတ်ခရီးတောင် လာဖို့ ရှိနေတာပါ။
ထရမ့်ဟာ မြောက်အန္တလတ္တိတ်စာချုပ်အဖွဲ့(နေတိုး) အတွင်းရေးမှူးချုပ် မာ့ခ် ရုထ် ကိုလည်း သဘောကျပါတယ်။ ဆွေးနွေးပွဲမှာ မာ့ခ် လည်း ရှိမှာဖြစ်ပါတယ်။ သူဟာ တစ်ခါတလေမှာ ''ထရမ့်ကိုယ်စား တီးတိုးစကားပြောသူ'' လို့တောင် အခေါ် ခံရသူဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြင်သစ် သမ္မတ မက်ကရွန်းကို သဘောအကျကြီးတော့ မဟုတ်ပါဘူး။ လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံ အနေနဲ့ ခြွင်းချက်မရှိ အသိအမှတ်ပြုနိုင်ခြေရှိတာကို ပြင်သစ် သမ္မတက ပြောထားလို့ အိမ်ဖြူတော်က အတော်လေး ဝေဖန်ထားပါတယ်။
ယူကရိန်းမှာ ငြိမ်းချမ်းရေး သဘောတူညီချက် ပီပီပြင်ပြင်ပေါ်လာဖို့ဆိုရင် အလုပ်ဖြစ်မြောက်အောင် ပေးရမယ့်အရာက ရှိနေပါတယ်။
နိုင်ငံတကာ နယ်နိမိတ်သတ်မှတ်ချက်တွေကို အင်အားသုံးပြီး ပြောင်းလဲလို့ မရဘူးဆိုတဲ့အကြောင်း ဥရောပ ခေါင်းဆောင်တွေက မကြာမကြာ ပြောထားပါတယ်။ ယူကရိန်း သမ္မတ ဇလန်းစကီးကလည်း မြေ တစ်လက်မကိုမှ လက်မလွှတ်နိုင်ဘူးလို့ ပြောသလို ယူကရိန်းနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာလည်း တားမြစ်ထားတယ်လို့ အကြိမ်ကြိမ် ပြောထားပါတယ်။
ဒါပေမဲ့ ပူတင်ကတော့ ဒွန်ဘက်စ် ဒေသကို လိုချင်နေပါတယ်။ အဲဒီဒေသက နယ်မြေ ၈၅ ရာခိုင်နှုန်းကို သူ့တပ်တွေက နေရာယူ ထိန်းချုပ်ထားပါတယ်။ ပြီးတော့ ပူတင်ဟာ ခရိုင်းမီးယားကိုလည်း ပြန်လွှဲပြောင်းပေးလိုပုံ လုံးဝမရှိတဲ့ အခြေအနေပါ။
ဒီအချိန်မှာပဲ အက်စ်တိုးနီးယား ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ အခုတော့ ဥရောပရဲ့ထိပ်တန်း သံတမန်လည်းဖြစ်နေပြီဖြစ်တဲ့ ခါဂျာ ကဲလက်စ်ကတော့ သိမ်းပိုက်ခံမြေတွေကို ပြန်လည်သိမ်းယူနိုင်တာမျိုးကသာ ယူကရိန်းအတွက် ဒီစစ်ပွဲမှာ အနိုင်ရစေတဲ့အကြောင်း မဟုတ်ဘူးလို့ ပြောပါတယ်။
အခုပြောနေဆိုနေကြတဲ့ ယူကရိန်းဟာ အနာဂတ်မှာ ရုရှားရဲ့ ဘယ်ကျူးကျော်မှုကိုမဆို ဟန့်တားနိုင်စွမ်းရှိတာ၊ လွတ်လပ်ပြီး အချုပ်အခြာပိုင်တဲ့နိုင်ငံအဖြစ် လုံခြုံစေတာမျိုးလို လုံခြုံရေး အာမခံချက်တွေကပဲ ယူကရိန်းအတွက် အခုစစ်ပွဲမှာ အောင်မြင်မှုဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ လက်ရှိမှာ အမေရိကန်နဲ့ ရုရှားတို့ ဆွေးနွေးနေတာက နောင်မှာ ရုရှားကို မြေထပ်မပေးရစေမယ့် လုံခြုံရေးအာမခံချက်အတွက် ယူကရိန်းမြေအချို့နဲ့ အလဲအထပ်လုပ်တာမျိုးလို အဆိုပြုချက်လည်း ပါနိုင်ခြေရှိပါတယ်။
ဒါပေမဲ့ ဒီနေရာမှာ ထွက်ပေါ်လာတဲ့ မေးခွန်းက ကြီးမားပါတယ်။
ယူကရိန်းအနေနဲ့ စစ်ပွဲကို အဆုံးသတ်စေမယ့် သဘောတူညီချက်တစ်ခုကို လက်ခံမှာပါလား။ အထူးသဖြင့် လူ့အသက်ထောင်ချီ အသေခံပြီး သူကာကွယ်ခဲ့တဲ့မြေကို အပါခံမှာလားဆိုတာပါ။
ကိယက််ဗ်မြို့ မျက်ခုံးလှုပ်တဲ့အထိ ဦးတည်လာနိုင်တဲ့ ဒွန်ညက်စ် ဒေသမှာ ရုရှားထိန်းချုပ်ဖို့ ကျန်နေသေးတဲ့ ၃၀ ရာခိုင်နှုန်းကို ရုရှားကို လက်လွှတ်ပေးဖို့ တောင်းဆိုတာ ခံရမယ်ဆိုရင်ရော။
ဒီလိုဆိုရင် ဗြိတိသျှ ဝန်ကြီးချုပ် စတားမာ အမွှမ်းတင်ပြောဆိုလေ့ရှိတဲ့ ဆန္ဒတူညွန့်ပေါင်းအဖွဲ့ ( Coalition of the Willing) ရဲ့ အခန်းကဏ္ဍကရော။
ယူကရိန်းစစ်မြေပြင်ကို မြေပြင် တိုက်ရေးခိုက်ရေး စစ်သား ထောင်သောင်းချီ စေလွှတ် ဖြန့်ကြက်မယ်ဆိုတဲ့ အစောပိုင်းဆွေးနွေးထားတာတွေကတော့ ရှေ့တိုးအကောင်အထည်ဖော်နိုင်တာ မရှိသေးပါဘူး။
အဲဒီအစား ယူကရိန်းစစ်တပ်ကို ပြန်လည် တည်ဆောက်ဖို့ အကူအညီပေးနေချိန်မှာ ကောင်းကင်က လေကြောင်းနဲ့ ပင်လယ်ပြင်ကို လုံခြုံရေး ထိန်းချုပ်ပေးနိုင်ဖို့ ပြောလာပါတယ်။
မြေပြင်တိုက်ပွဲအတွက် ငြိမ်းချမ်းရေး ပေါ်လာတယ်ဆိုရင်တောင် နယ်မြေအပိုင်းမှာတော့ အန္တရာယ် ကြီးနေဦးမှာပါ။
ကျွန်တော် စကားပြောဖြစ်ခဲ့တဲ့ စစ်ပွဲဆိုင်ရာကျွမ်းကျင်သူတွေကတော့ တိုက်ပွဲရပ်တာနဲ့ ပူတင်ဟာ သူ့ စစ်တပ်ကို ပြန်ဖွဲ့ဖို့ လုပ်မှာလို့ အားလုံးက တစ်သံတည်း ပြောဆိုကြပါတယ်။ အဲဒီနောက် အတိုင်းအတာ တစ်ခုအထိ ခိုင်မြဲလာပြီဆိုရင် ၃ နှစ်နဲ့ ၄ နှစ်အတွင်းမှာ နောက်ထပ် မြေထပ်သိမ်းဖို့ လုပ်လာဦးမှာလို့လည်း သူတို့က သုံးသပ်ပါတယ်။
ဒီအချိန်အခါဟာ ဘယ်တော့ ကျရောက်လာမလဲဆိုတာကတော့ တိုင်ဖွန်း ဒါမှမဟုတ် F35 တိုက်လေယာဉ်မှူးက ရှေ့တိုးလာနေတဲ့ရုရှားတပ်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ခို့ ပြင်ဆင်ရပြီဆိုတဲ့အချိန်ပဲ ဖြစ်ပါတယ်။