ထရမ့် နဲ့ ပူတင် တွေ့ဆုံမှု - ဇလန်းစကီးမပါဘဲ အလာစကာမှာ ဘာကြောင့်တွေ့

    • ရေးသားသူ, ဘီဘီစီသတင်း နဲ့ Global Journalism

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတပူတင် တို့ တွေ့ဆုံဆွေးနွေးပွဲက ရုရှားရဲ့ယူကရိန်းအပေါ် ကျူးကျော်စစ်ပွဲကို အဆုံးသတ်ဖို့ ထရမ့် အားထုတ်နေတာ လနဲ့ချီ ကြာမြင့်လာတဲ့အခြေအနေရဲ့ အဆုံးသတ်မှုအဖြစ် ရှုမြင်နိုင်ပါတယ်။

အခုဆွေးနွေးပွဲဟာ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲ အဆုံးသတ်ရေး ထရမ့် နောက်ဆုံးပြုလုပ်လာတဲ့ ခြေလှမ်းဖြစ်ပြီး ယူကရိန်းနဲ့ အပစ်မရပ်ဘူးဆိုရင် ရုရှားကို ပိတ်ဆို့ဒဏ်မှုတွေ တိုးလုပ်မယ်လို့ သတ်မှတ်ပေးထားတဲ့နောက်ဆုံးရက်မှာပဲ ထရမ့်က အခုလို ပြောလာတာဖြစ်ပါတယ်။

ထရမ့်ကိုယ်စား အမေရိကန်အရာရှိတွေ ကြားဝင် ညှိနှိုင်းပေးထားတဲ့ ပထမဆွေးနွေးပွဲ သုံးကျော့ဟာ ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေးဆောင်ကျဥ်းဖို့ အနီးနားတောင် မရောက်ခဲ့ပါဘူး။

နှစ်နိုင်ငံခေါင်းဆောင်တွေ ပြုလုပ်ကြမယ့်ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး သိရသမျှကို ကြည့်ကြရအောင်ပါ။

ဗလာဒီမီယာ ပူတင် နဲ့ ထရမ့်တို့ ဘာကြောင့်တွေ့

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ဟာ ဇန်နဝါရီလမှာ သူ ရာထူး မယူခင်တုန်းက ယူကရိန်းအပေါ် ရုရှားစစ် အဆုံးသတ်ရေး ကတိကဝတ်ပြုဖို့ရှိပြီး သူ သမ္မတ တာဝန်ယူတဲ့ ၂၄ နာရီအတွင်းမှာပဲ အသုံးသတ်အောင်လုပ်မယ်လို့ အကြိမ်ကြိမ်ပြောထားခဲ့တာပါ။

ဒါပေမဲ့ အဲဒီကတည်းက သူ့အစိုးရဟာ ငြိမ်းချမ်းရေးအတွက် တွန်းလုပ်နေပါတယ်။ ဒါပေမဲ့ ဒီစစ်ပွဲ အဆုံးသတ်ဖို့ လုပ်ရာမှာ အောင်မြင်မှု တစ်စုံတရာ မရသေးပါဘူး။

အစောပိုင်းတုန်းက ဆွေးနွေးပွဲတွေဟာ အပြုသဘောဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေဟာ အချိုးအကွေ့ဖြစ်ခဲ့ပုံပေါ်ပါတယ်။

အမေရိကန်သံတမန် စတိဗ် ဝစ်ကော့ဟာ ရုရှားကို အကြိမ်ကြိမ် သွားခဲ့ပေမဲ့ ပူတင်ဟာ သူ့ကို စိတ်ပျက်စေခဲ့တယ်လို့ ထရမ့်က ဘီဘီစီကို ပြီးခဲ့တဲ့လတုန်းက ပြောထားပါတယ်။

ငြိမ်းချမ်းရေးအတွက် တွန်းလုပ်ဖို့ ခြေလှမ်းတွေ စိတ်လာချိန်မှာပဲ ပူတင်အနေနဲ့ အပစ်ရပ်သဘောတူညီရအောင်မလုပ်ဘူးဆိုရင် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခပ်များများနဲ့ ကြုံရမယ်လို့ ထရမ့်က သတိပေးပြီး နောက်ဆုံးလိုက်နာရမယ့်ကာလကိုလည်း သတ်မှတ်လိုက်ပါတယ်။

နောက်ဆုံးရက် နီးလာတာနဲ့အမျှ ထရမ့်က သူနဲ့ ပူတင်တို့ သြဂုတ်လ ၁၅ ရက်မှာ လူချင်း တွေ့ဆုံမယ်လို့ ထုတ်ပြောလာတာဖြစ်ပါတယ်။

ပူတင်နဲ့ အမေရိကန်သံတမန် ဝစ်ကော့တို့ မော်စကိုမြို့မှာ တွေ့ဆုံပြီး အပြုသဘောဆောင်တဲ့ဆွေးနွေးပွဲတွေ ရှိထားတယ်လို့ ထရမ့်က ပြောပြီးနောက်မှာ အခုလိုဆွေးနွေးပွဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲ ဘယ်မှာ ပြုလုပ်မှာလဲ

ဆွေးနွေးပွဲလုပ်မယ့်နေရာတွေဟာ ရောမမြို့၊ ဟန်ဂေရီနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)တို့မှာ ပြုလုပ်မယ်လို့ သတင်းတွေ ထွက်ပေါ် နေပေမဲ့ နောက်ဆုံးရွေးချယ်လိုက်တဲ့နေရာ ကတော့ အမေရိကန်သမ္မတက သူနဲ့ ပိုနီးကပ်တဲ့နေရာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ ညနေပိုင်းတုန်းကတော့ ထရမ့်က သူနဲ့ ပူတင်ရဲ့ဆွေးနွေးပွဲဟာ သြဂုတ်လ ၁၅ ရက်မှာ ''ပြည်နယ်ကောင်း အလာစကာ'' မှာ ပြုလုပ်မယ်လို့ သူပိုင်တဲ့ ထရုသ် လူမှုကွန်ရက်ကနေ ထုတ်ပြန်ပါတယ်။

''နောက်ထပ်အသေးစိတ်တွေတော့ ထပ်လာမယ်'' လို့ သူက ပြောပါတယ်။

ထရမ့်ကတော့ ဆွေးနွေးပွဲလုပ်မယ့်နေရာဟာ ''အကြောင်းကြောင်းကြောင့် နာမည်ကျော်တဲ့နေရာကို ရွေးထားတယ်'' လို့လည်း ပြောပါတယ်။

အလာစကာပြည်နယ်ထဲ ဆွေးနွေးပွဲလုပ်မယ့်နေရာ အတိအကျကို မထုတ်ပြန်သေးပါဘူး။

ဆွေးနွေးပွဲကို ယူကရိန်းတက်မှာလား

ယူကရိန်း တက်မယ့်ပုံတော့ မပေါ်ပါဘူး။ ဒါပေမဲ့ အမေရိကန်မီဒီယာတွေကတော့ အခုဆွေးနွေးပွဲသာ အောင်မြင်ပြီဆိုရင် ထရမ့်၊ ပူတင်နဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ တစ်ခုထွက်ပေါ်လာမယ်လို့ ဆိုပါတယ်။

အခုအချိန်အထိတော့ ပူတင်နဲ့ ထရမ့်အပြင် အဲဒီထိပ်သီးဆွေးနွေးပွဲကို ဘယ်သူ တက်မယ်ဆိုတာ မသိရသေးပါဘူး။

အခုလိုဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင် မော်စကိုအပေါ် လိုက်လိုက်လျောလျောဆက်ဆံတာမျိုး မလုပ်အောင် ဥရောပက ကိုယ်စားလှယ်တစ်ဦးဦးကို ဆွေးနွေးပွဲ တက်ရောက်ခွင့်ပေးဖို့ ဇလန်းစကီးက အမေရိကန်ကို တောင်းဆိုထားပါတယ်။

''စစ်ပွဲက ဥရောပတိုက်ထဲမှာ ဖြစ်နေတာ။ ယူကရိန်းဟာ ဥရောပရဲ့အစိတ်အပိုင်းထဲပါနေတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ ဥရောပသမဂ္ဂအဖွဲ့ကြီးထဲ ဝင်ဖို့ ညှိနှိုင်းတာတွေတောင် လုပ်နေပါပြီ'' လို့ ဇလန်းစကီးက ပြောပါတယ်။ ''ဒါကြောင့် ဥရောပဟာ သက်ဆိုင်ရာ လုပ်ငန်းစဥ်တွေမှာ ပါဝင်ဖို့ လိုအပ်တယ်။

အခုသီတင်းပတ်အတွင်းမှာပဲ ထရမ့်ရော ဇလန်းစကီးပါ ဥရောပက သက်ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အသီးအသီးစကားပြောထားကြပါတယ်။

သူ့ရဲ့အထူးသံတမန်နဲ့ ပူတင်တို့ ရုရှားမှာ တွေ့ဆုံပြီးတဲ့နောက်မှာ ထရမ့်ဟာ ဖြစ်လာနိုင်ခြေရှိတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ရုရှားနဲ့ရော၊ ဥရောပခေါင်းဆောင်တွေနဲ့ပါ စကားပြောထားပါတယ်။

ဇလန်းစကီးကတော့ အင်္ဂါနေ့တုန်းက ထရမ့်နဲ့ အလုပ်ဖြစ်မြောက်တဲ့စကားပြောဆိုမှု ရှိခဲ့ပြီး ရုရှားဟာ ရက်စက်လှတဲ့သူတို့ တိုက်ခိုက်မှုတွေကို တိုးလုပ်နေတယ်လို့ သမ္မတ ထရမ့်ကို ပြောထားတဲ့ အကြောင်းပြောပါတယ်။

ယူကရိန်းသမ္မတဟာ အရင်ကလည်း ယူကရိန်းရဲ့ သဘောထားမပါတဲ့ ကရင်မလင်ဘက်က သဘောတူညီချက်တစ်ခုတည်းနဲ့ရရှိတဲ့ဘယ်လိုသဘောတူညီချက်မျိုးကိုမဆို လက်ခံဖို့ရာ မဖြစ်နိုင်ဘူးလို့ ပြောထားဖူးပါတယ်။

အခုပြုလုပ်မယ့်ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ယူကရိန်းဟာ လူသိရှင်ကြား မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ယူကရိန်းရဲ့မဟာမိတ်တွေ ဘာတွေပြောနေကြလဲ

ရုရှားနဲ့လုပ်တဲ့ဘယ်လိုဆွေးနွေးပွဲမျိုးမဆို ကိယက်ဖ်ပါဝင်ရမယ်လို့ ဥရောပ မဟာမိတ်တွေက ပြောပါတယ်။

ဒီသဘောထားကို ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ပိုလန်၊ ဖင်လန်နဲ့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေက ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

အိမ်ဖြူတော် အရာရှိတစ်ဦးကတော့ ထရမ့်ဟာ ယူကရိန်းသမ္မတ ဇလန်းစကီးလည်း ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲလုပ်လိုပေမဲ့ လောလောဆယ်မှာတော့ ရုရှားခေါင်းဆောင်ကနေ ကနဦး အဆိုပြုထားတဲ့ ထရမ့် - ပူတင် ထိပ်သီးဆွေးနွေးပွဲအဖြစ်ပဲ ဆက်ထားတာလို့ ပြောပါတယ်။

ကိယက်ဗ်မပါတဲ့ဘယ်လိုသဘောတူညီချက်မျိုးမဆို အလုပ်မဖြစ်တဲ့ဆုံးဖြတ်ချက်တွေ ဖြစ်မယ်လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။

ထရမ့်ကတော့ ပူတင်နဲ့ပဲ စတွေ့ဖို့ လုပ်မယ်လို့ သဘောပါတဲ့စကားတွေ သတင်းထောက်တွေကို အစောပိုင်းမှာ ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ အမေရိကန်သမ္မတ ထရမ့်ကတော့ သူဟာ ပူတင်နဲ့ ဇလန်းစကီးပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲလုပ်ဖို့ ကြိုးပမ်းနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောထားပါတယ်။

ဒါကို ပူတင်ဘက်က လက်ခံမလားဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ တိုက်ရိုက်စကားပြောဆိုနိုင်တဲ့အကြိမ်တော်တော်များများကို သူ ငြင်းဆိုခဲ့ပြီး လွန်ခဲ့တဲ့သုံးနှစ်ကျော်မှာ ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှားနဲ့ ယူကရိန်းခေါင်းဆောင်ကြား မျက်နှာချင်းဆိုင် တွေ့ဆုံတာမျိုးမဖြစ်သေးပါဘူး။

နှစ်ဖက် ဘာတွေများ ရရှိဖို့ မျှော်မှန်းထားလဲ

ထရမ့်ကတော့ သူ့ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်းပြောထားပြီးဖြစ်ပါတယ်။ မဲဆွယ်ကာလတုန်းက သူကတိပေးထားခဲ့တဲ့ စစ်ပွဲရပ်ဖို့ ဖြစ်ပါတယ်။

ထရမ့်က သတ်တာဖြတ်တာတွေ ရပ်တန့်နိုင်အောင် တတ်နိုင်သမျှ လုပ်သွားမယ်လို့ ပြောထားပါတယ်။

နှစ်နိုင်ငံကြား သဘောတူညီချက်ရဖို့လည်း နီးစပ်နေပြီလို့ သမ္မတ ထရမ့်က ပြောပါတယ်။

နှစ်နိုင်ငံစလုံးက သူတို့ စစ်ပွဲရပ်ချင်တယ်လို့ပြောပေမဲ့ ယူကရိန်းနဲ့ ရုရှားဟာ တစ်ဖက်နဲ့ တစ်ဖက်ဟာ ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြတဲ့ကိစ္စရပ်တွေမှာ ရချင်တာတွေ ရလိုပုံ ရပါတယ်။

ယူကရိန်းဟာ ခရိုင်းမီးယားလို ရုရှားသိမ်းထားတဲ့ထိန်းချုပ်နယ်မြေတွေကို ပြန်ပေးဖို့ လက်ခံချင်ပုံမရပါဘူး။

ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ အဲဒီအခြေအနေကို ချက်ချင်းတုံ့ပြန်ပါတယ်။ ''ဘာမှ ဆွေးနွေးဖို့ မလိုပါဘူး။ ယူကရိန်းရဲ့နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအရ ဆန့်ကျင်နေတာပဲလေ'' လို့ သူက ပြောပါတယ်။

လက်ရှိအချိန်အထိ ပူတင်ဟာ နယ်မြေပိုင်စိုးမှုနဲ့ပတ်သက်ပြီး သူ့ရဲ့ လိုလားချက်တွေကနေ မျက်နှာလွှဲချင်ပုံမရပါဘူး။

ယူကရိန်းဟာ အနောက်ပုံစံ အသွင်းခံနေရတယ်လို့ ယူဆပြီးနောက်မှာ ယူကရိန်းကို ကျူးကျော်ခဲ့ပါတယ်။ နေတိုးဟာ ရုရှားနယ်စပ်တွေအထိ သူ့တပ်တွေကို တိုးကပ်လာအောင် ယူကရိန်းကို အသုံးချနေတယ်လို့လည်း သူက စွပ်စွဲပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော်ကတော့ ဖြစ်နိုင်ခြေရှိတဲ့အစီအစဥ်တစ်ခုပေါ်လာအောင် နှစ်ဖက်စလုံးနဲ့ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။

ထရမ့်အစိုးရကတော့ ယူကရိန်းနယ်ပိုင်နက်အချို့ကို ရုရှားကို လွှဲပေးနိုင်မယ့် သဘောတူညီချက် တစ်ခု ရအောင် ဥရောပခေါင်းဆောင်တွေကို ယိမ်းဖို့ ကြိုးစားနေတယ်လို့ ဘီဘီစီရဲ့ အမေရိကန် မိတ်ဖက်သတင်းဌာန စီဘီအက်စ်သတင်းဌာနက ပြောပါတယ်။

သဘောတူညီချက်အရဆိုရင်တော့ ရုရှားဟာ ခရိုင်းမီးယား ကျွန်းဆွယ်ကို ဆက်ထိန်းချုပ်ခွင့်၊ ဒွန်ညက်စ်နဲ့ လူဟန့်စ်တို့ပေါင်းထားတဲ့ ယူကရိန်းအရှေ့ပိုင်းက ဒွန်းဘတ်စ်ဒေသကို ရယူခွင့် ပေးမယ်လို့ ဒီဆွေးနွေးပွဲတွေအကြောင်းသိတဲ့သတင်းရင်းမြစ်က ပြောပါတယ်။

ရုရှားဟာ ခရိုင်းမီးယားဒေသကို ၂၀၁၄ ခုနှစ်မှာ နေရာယူခဲ့တာဖြစ်ပြီး သူ့ရဲ့တပ်ဖွဲ့တွေဟာ ဒွန်ဘတ်စ်ဒေသ တစ်လျှောက်လုံးကို ထိန်းချုပ်ထားပါတယ်။

အဲဒီသဘောတူညီချက်အောက်မျာ ရုရှားဟာ ခါဆွန်နဲ့ ဇာပါရီရှာဒေသတွေကို ပြန်လက်လွှတ် ပေးရမှာဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ ရုရှားဟာ စစ်ရေးထိန်းချုပ်မှု အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားပါတယ်။

''နှစ်ဖက်ကောင်းကျိုးအတွက် နယ်မြေတွေ ဖလှယ်မှု အချို့ရှိမယ်။ ဒါပေမဲ့ ဒီကိစ္စကိုလည်း ဒီနေ့ ဒါမှမဟုတ် မနက်ဖြန် ဆက်ဆွေးနွေးဖို့ရှိတယ်'' လို့ ထရမ့်က အိမ်ဖြူတော်ကို သောကြာနေ့တုန်းက ပြောပါတယ်။

ဆွေးနွေးပွဲကို အလာစကာမှာ ဘာကြောင့်ပြုလုပ်တာလဲ

အကြောင်းအရာကတော့ စုံပါတယ်။

လုံခြုံရေးဘက်ကကြည့်ရင်တော့ အလာစကာဟာ အမေရိကန် နယ်နိမိတ်ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ရုရှားဆီကနေ ပြီးခဲ့တဲ့ နှစ်ပေါင်းတစ်ရာ့ငါးဆယ်ကျော်ကနေ ဝယ်ယူပြီးကတည်းက အဲဒီမြေပေါ်မှာ ရုရှားသမ္မတ တစ်ဦးကို ဧည့်ခံဖို့လည်း နေရာတစ်ခုဖြစ်နေပါတယ်။

ရုရှားသမ္မတရုံးဆိုင်ရာ လက်ထောက် ယူရီ အူရှာခေါ့ဗ်ကတော့ ဒီနေရာဟာ အတော်လေး ယုတ္တိရှိပြီး ဘီရင်ရေလက်ကြား ခြားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

''ရုရှားနဲ့ အမေရိကန်တို့ဟာ တစ်ဖက်နဲ့တစ်ဖက် ဆက်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တယ်'' လို့ သူက ပြောပါတယ်။ ''နှစ်နိုင်ငံခေါင်းဆောင်တွေ အလာစကာမှာ ပါဝင်တွေ့ဆုံကြဖို့ အရေးပါပါတယ်။ ကျွန်တော်တို့ကိုယ်စားလှယ်အဖွဲ့ဟာ ဘီရင် ရေလက်ကြားကို ဖြတ်ပြီး လေယာဥ်နဲ့ ခရီးသွားဖို့လည်း အတော်လေး ယုတ္တိကျပါတယ်''

အလာစကာဟာ အမေရိကန်သံခင်းတမန်ခင်းမှာအခရာကျတဲ့နေရာကနေ ပါဝင်ခဲ့တဲ့နောက်ဆုံး အကြိမ်ဟာ ၂၀၂၁ ခုနှစ်၊ မတ်လတုန်းကဖြစ်ပါတယ်။ အဲဒီတုန်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ တရုတ်အရာရှိတွေကို အန်ကာရေ့ချ်မြို့မှာ အမျိုးသားလုံခြုံရေးနဲ့ သံခင်းတမန်ခင်းအရေး အတွက် တွေ့ခဲ့တာပါ။

အထိုင်ဆွေးနွေးကြတဲ့အဲဒီဆွေးနွေးပွဲဟာ တရုတ်က အမေရိကန်တွေကို ''တူတူတန်တန် မဆက်ဆံဘူး'' လို့ စွပ်စွဲပြီး အဆင်မပြေဖြစ်ခဲ့ပါတယ်။

အလာစကာကို ရွေးချယ်ရတဲ့အကြောင်းတွေထဲ တခြားကိစ္စတွေလည်း ပါတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ပူတင်ကို ဖမ်းဝရမ်းထုတ်ထားတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ရဲ့ တရားစီရင်ပိုင်ခွင့်မှာ လက်မှတ်ထိုးတားတာ မရှိသလို အသိအမှတ်လည်း မပြုထားပါဘူး။

အလာစကာဟာ အမေရိကန်ရဲ့ပိုင်နက်ဖြစ်တာကြောင့် ပူတင်အနေနဲ့ဆွေးနွေးပွဲအတွက် အဲဒီကို သွားမယ်ဆိုရင် အဖမ်းခံရနိုင်တဲ့အန္တရာယ်လည်း မရှိပါဘူး။

အရင် တည့်တည့်ဆွေးနွေးမှုတွေကရော ဘယ်လိုရှိခဲ့လဲ

ထရမ့်နဲ့ ပူတင်တို့ဟာ ဖေဖော်ဝါရီလထဲမှာ ပထမဆုံး ဖုန်းကနေ စကားပြောဆိုခဲ့ပါတယ်။ ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ်မှာ အင်အားပြည့်ကျူးကျော်ကတည်းက နှစ်နိုင်ငံခေါင်းဆောင်တွေကြား ပထမဆုံးအကြိမ် တိုက်ရိုက် ဖုန်းပြောဆိုမှုဖြစ်ပါတယ်။

အဲဒီဖုန်းခေါ်ဆိုမှုအပြီး မကြာခင်မှာပဲ ထရမ့်ဟာ ရုရှားနဲ့ အမေရိကန်ကြား ဆွေးနွေးပွဲရှိမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းတော့ မပါခဲ့ပါဘူး။

နှစ်နိုင်ငံခေါင်းဆောင်တွေကလည်း တစ်နိုင်ငံကို နိုင်ငံ အလုပ်သဘော အလည်အပတ်သွားကြဖို့ သဘောတူခဲ့ကြပါတယ်။

အမေရိကန်သမ္မတ တစ်ဦးအနေနဲ့ ရုရှားသမ္မတ ပူတင်ကို လူချင်းတွေ့ထားတဲ့နောက်ဆုံး အချိန်က ၂၀၂၁ ခုနှစ်တုန်းက ဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားမကျူးကျော်ခင် ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ထိပ်သီးဆွေးနွေးပွဲအနေနဲ့ ဘိုင်ဒန်နဲ့ ပူတင်တို့ တွေ့ခဲ့ကြတာဖြစ်ပါတယ်။