ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မသမာတဲ့ရွေးကောက်ပွဲနဲ့ ကမ္ဘောဒီးယားမှာ ဟွန်ဆန်ရဲ့ အကြွင်းမဲ့ထိန်းချုပ်မှု
ဖရန်စစ် မော်
ဘီဘီစီ သတင်းဌာန
ကမ္ဘောဒီးယားခေါင်းဆောင်ဟာ သူအာဏာပိုင်တဲ့ သက်တမ်းတလျောက်လုံးအတွင်း သူ့ အတိုက်အခံတွေကို ဖိနှိပ်ချေမှုန်းတာတွေလုပ်ခဲ့ပြီး ပြီးခဲ့နှစ်ပိုင်းတွေမှာ အရက်စက်ဆုံးဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ ဆန့်ကျင်မှုကို ရင်ဆိုင်လာရတဲ့ ဟွန်ဆန်ဟာ တရားရုံးတွေကို အသုံးချ ပြီး သူ့အာဏာပိုင်စိုးမှုကို ခြိမ်းခြောက်တဲ့ နိုင်ငံရေးပါတီတွေကို ဖြိုဖျက်ခဲ့ပါတယ်။ ပါတီခေါင်းဆောင်တွေ အဖမ်းခံရသလို ပါလီမန်ထဲမှာလည်း လွှတ်တော်အမတ်တွေ ဟာ ရာထူးတာဝန်တွေကနေ ဖယ်ရှားတာ ခံခဲ့ရပါတယ်။
သူ့ပြိုင်ဘက်တွေကို ဖယ်ရှားပြီးတဲ့ နောက် ၆ လအကြာ ၂၀၁၈ ရွေးကောက်ပွဲမှာတော့ ကမ္ဘောဒီးယားလွှတ်တော်က အမတ်နေရာ ၁၂၅ နေရာလုံးမှာ သူ့ပါတီက သက်သက်သာသာနဲ့ အောင်ပွဲရခဲ့ပါတယ်။
ဒီ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ မဲဆန္ဒရှင်တွေဖို့ တခြား ရွေးချယ်စရာ ပါတီက အပိတ်ပင်ခံထားရပါပြီ။
“ဒါက တကယ်တော့ ရွေးကောက်ပွဲ အတုအယောင်ပဲ၊ ဘာဖြစ်လို့လဲဆိုတော့ တခြား ခိုင်ခိုင်မာမာ အတိုက်အခံပါတီ တပါတီမှ မရှိတော့ဘူးလေ” လို့ ဖနွမ်းပင်က မဲဆန္ဒရှင် လူမှုအကူအညီပေးရေး ဝန်ထမ်းတယောက်က ဘီဘီစီကို ပြောပါတယ်။
အခု အသက် ၇၀ ရှိလာပြီဖြစ်တဲ့ ဟွန်ဆင်ဟာ ကမ္ဘောဒီးယားကို ၁၉၈၅ ခုနှစ် ကတည်းက အုပ်ချုပ်လာခဲ့တာပါ။ ခမာနီ အရာရှိတယောက်ဖြစ်ခဲ့ပြီး အစိုးရ ပြုတ်မကျခင်မှာ ဗီယက်နမ်ဘက်ကို ဘက်ပြောင်းခဲ့သူပါ။ ဟွန်ဆန်ဟာ ကမ္ဘာမှာ သက်တမ်း အရှည်ကြာဆုံး ဝန်ကြီးချုပ်တာဝန်ကို ထမ်းနေတဲ့သူလို့ မော်ကြွားနိုင်တဲ့ အထိ သူ့လက်ထဲမှာ အာဏာကို ဆုပ်ထားနိုင်ခဲ့သူပါ။
စစ်တပ်၊ ရဲတပ်ဖွဲ့၊ အသိပညာရှင် အတတ်ပညာရှင် အဖွဲ့တွေ အပါအဝင် အကျိုးစီး ပွား ပေါင်းစုံရှိတဲ့ လူတန်းစား အလွှာ အစုအဖွဲ့တွေအကြား သူ့ကွန်ရက်ကို ဖြန့်ကြက် ကာ အာဏာကို သူ နှစ်ပေါင်း ၄၀ နီးပါး အခိုင်အမာစိုက်ထူထားပါတယ်။
အတိုက်အခံတွေကို ရာထူး ဒါမှမဟုတ် အခွင့်အရေးပေးလိုက်တာ၊ ထောင်ထဲပို့လိုက် တာ၊ ပြည်နှင်လိုက်တာ၊ ဘေးဖယ်ထုတ်လိုက်တာ စတဲ့နည်းတွေကို နှစ်ပေါင်းများစွာ သူသုံးပြီး အတိုက်အခံ ကင်းပအောင် သူလုပ်ခဲ့ပါတယ်။
ခမာနီ အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပြီး ၁၉၉၀ နှစ်တွေအတွင်းမှာ ကမ္ဘောဒီးယားကို ကုလသမဂ္ဂက ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အာဏာရှင် တပါတီ စနစ်ဖြစ်သွားပြီ၊ စံသတ်မှတ်မှုတွေ အရကြည့်ရင် ဟွန်ဆန်ဟာ အာဏာရှင်တယောက်ပဲလို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။
“အခုအခြေအနေက ဘာမျှော်လင့်ချက်မှ မရှိတော့သလို ခံစားရတယ်” လို့ ဖနွမ်းပင် က မဲဆန္ဒရှင်က ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် သူ့အသက် ၂၀ ကျော်အရွယ် လောက်မှာ သူက အပြောင်းအလဲတွေဖြစ်လာမယ်လို့ ရည်မျှော်ရင်း အတိုက်အခံကို မဲပေးခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ အတိုက်အခံလှုပ်ရှားမှုကို ဟွန်ဆန်က ချေမှုန်းခဲ့ပါတယ်။ အခု ရွေးကောက်ပွဲ အချိန်မှာလည်း အစိုးရကို ဝေဖန်တာက အန္တရာယ်ကြီးပါတယ်။
ကမ္ဘောဒီးယားက အာရှမှာ အဆင်းရဲဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး သူ့ပြည်သူ တွေဟာ လောင်စာဆီစျေးကြီးတာတွေ၊ လုပ်ခ လစာက တိုးမလာတာတွေကို ရုန်းကန် ရင်ဆိုင်နေရပါတယ်။ လာဘ်စားမှုတွေက နေရာအနှံ့မှာဖြစ်ပြီး အစိုးရဌာန တွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေက အားနည်းပါတယ်။ မြေသိမ်းတာ၊ ရာဇဝတ်မှု တွေ များလာတာတွေကလည်း လူတွေရဲ့ ဘဝမှာ မခံနိုင်လောက်အောင်ကို ဖိစီး လာနေ ပါတယ်။
ဒါပေမဲ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (Cambodian People's Party - CPP) ထပ်ပြီး အနိုင်ရမယ်ဆိုတာကို လူတိုင်းသိကြပါတယ်။
“ပြည်သူတွေရဲ့ အကျိုးစီးပွားကို အလေးထားပြီး ပြည်သူတွေရဲ့ ပြဿနာတွေကို လွှတ်တော်မှာ ပြောမယ့် ကိုယ်စားလှယ်တယောက်မှ မရှိအောင် ဒီရွေးကောက်ပွဲက ဖော်ဆောင်သွားမှာလေ” လို့ အဆိုပါ မဲဆန္ဒရှင်က ပြောပါတယ်။
“ဒါကြောင့်မို့ ဒီရွေးကောက်ပွဲနီးလာတဲ့ ဒီအချိန်မှာ လူတွေက တိတ်ဆိတ်နေကြတာ။”
မဲပေးပွဲ အတုအယောင်
ဒီရွေးကောက်ပွဲပြီးနောက်ပိုင်း တချိန်ချိန်မှာ သူ့သား လက်ထဲ အာဏာလွှဲမယ်ဆိုတဲ့ အရိပ်အယောင်ကို ဟွန်ဆန်က ပြထားပါတယ်။ ဘယ်အချိန် သူထွက်မှာလည်း ဆိုတာ ကတော့ ဘယ်သူမှ မသိပါဘူး၊ ဒါပေမဲ့ သူ့ခေတ်ကုန်ခါနီးလာသလို သူဟာ ပိုအပြောင်းအလဲမြန်၊ ပိုနှိပ်ကွပ်၊ ပိုပြီး အငြိုးသို အာဃာတထားလာတယ်လို့ လေ့လာသူ ပညာရှင်တွေက ပြောပါတယ်။
ဒီတခါ ရွေးကောက်ပွဲအတွက် အားရှိရှိနဲ့ ကျန်နေပြီး တခုတည်းသာရှိတော့တဲ့ အတိုက်အခံပါတီကို သူက လပေါင်းအတော်ကြာကတည်းက ချိုးဖျက်လာခဲ့ကာ နောက်ဆုံးမှာတော့ ပိတ်သိမ်းလိုက်ပါတယ်။
အရင်က ကျန်ခဲ့တဲ့ အတိုက်အခံတွေပေါင်းစုပြီးဖြစ်လာတဲ့ ဖယောင်းတိုင် အလင်း ပါတီဟာ မနှစ်က ထွက်ပေါ်လာခဲ့ပါတယ်။ ခြိမ်းခြောက်နှောင့်ယှက်မှုတွေကြားထဲကနေ အဲဒီပါတီ ကိုယ်စားလှယ်တွေက မနှစ်က ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ မဲ ၂၂% ရခဲ့ပါတယ်။
ဒါကို ဟွန်ဆန်က သည်းမခံပါဘူး။ ဒါ့ကြောင့် တဖက်က အားကောင်းကောင်းနဲ့ စိန်မခေါ်လာနိုင်ခင် သူက ကြိုတင်ပြီး “ဖယောင်းတိုင်မီးကို ငြှိမ်းလိုက်” တယ်လို့ ဟွန်ဆန်အကြောင်း နှစ်ပေါင်းများစွာလေ့လာနေတဲ့သူလည်းဖြစ်၊ အာဏာရှင်တွေ အကြောင်း သိထားတဲ့သူလည်းဖြစ်တဲ့ လီး မော်ဂန်ဘက်စာ (သြစတြေးလျနိုင်ငံ ဂရစ်ဖစ် တက္ကသိုလ်) က ပြောပါတယ်။
ဖေဖော်ဝါရီမှာ ဟွန်ဆန်က ဖယောင်းတိုင်အလင်းပါတီ ခေါင်းဆောင်တွေကို ရာဇဝတ်မှုတွေနဲ့ တရားစွဲ ခြိမ်းခြောက်ပြီး မေလမှာ ပါတီကို ပိတ်ပင် လိုက်ပါတယ်။ နောက်ဆုံး ရလဒ်ကတော့ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဒီပါတီဟာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့်ရတဲ့ စည်းမျဉ်းနဲ့ မကိုက်ညီတော့ဘူးလို့ ထုတ်ပြန်လိုက်တာပါ။
အခု ရွေးကောက်ပွဲမှာ အာဏာရပါတီ အပြင် တခြား နိုင်ငံရေးပါတီ ၁၇ ပါတီက ဝင်ပြိုင်ကြမှာ ဖြစ်ပေမယ့် အဲဒီပါတီတွေက သိပ်ကိုသေးတာရယ်၊ တချို့ကလည်း အာဏာရပါတီနဲ့ မဟာမိတ်ပြုထားတဲ့ ပါတီတွေဖြစ်တာကြောင့် သိပ်ထူးထူးခြားခြား ဖြစ်လာမှာ မဟုတ်ပါဘူး။
“ကျွန်တော်တို့ မဲဆွယ်လှုပ်ရှားဖို့ စူးစူးနစ်နစ်နဲ့ ရှိတဲ့ အရင်းအမြစ်တွေပုံပြီး ပြင်ထား ခဲ့တယ်။ အမတ်နေရာတိုင်းအတွက် ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းတွေကို စီစဉ်ထား ခဲ့တယ်” လို့ ဖယောင်းတိုင်အလင်း ပါတီက ကိုယ်စားလှယ်တယောက်က ဘီဘီစီကို ဒီသီတင်းပတ် အတွင်းမှာ ပြောပါတယ်။
“အရင်တုန်းက မလိုအပ်ခဲ့တဲ့ အုပ်ချုပ်ရေးဆိုင်ရာ သတ်မှတ်ချက်ကြောင့် နောက်ဆုံး အဆင့်ရောက်မှ ကျွန်တော်တို့ ဝင်မပြိုင်ရဘူး ဆိုတာ ဖြစ်လာတာ။ ကစားပွဲ အလယ်မှာပဲ သူက စည်းမျဉ်းတွေကို ပြောင်းလိုက်တာပါ။”
ဘီဘီစီ အနေနဲ့ ဒီနှစ်အတွင်းမှာ ဖယောင်းတိုင်အလင်း ပါတီက ခေါင်းဆောင် တချို့နဲ့ စကားပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း သူတို့ထဲက အများအပြား အဖမ်းခံရပြီး ဒီခေါင်းဆောင်တွေအနေနဲ့ ပိုပြီး အန္တရာယ်များလာတာကို တွေ့နေရ ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သူတို့ထဲက ခေါင်းဆောင် ၂ ယောက် နိုင်ငံက နေ ထွက်ပြေးပြီး ဘန်ကောက်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ရုံးကိုသွားဖို့ ကြိုးစားနေတုန်း ထိုင်းနိုင်ငံထဲမှာ ထိုင်းရဲတွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ပါတယ်။
ဒီမိုကရေစီ ကျရှုံးလာတဲ့ ဆယ်စုနှစ်
နိုင်ငံတကာအသိုင်းအဝိုင်းက ဆယ်စုနှစ်တွေနဲ့ ချီ ကူညီခဲ့ပေမဲ့ ကမ္ဘောဒီးယား ရွေးကောက်ပွဲတွေဟာ အမြဲတမ်းလိုလို အကြမ်းဖက်တာတွေ၊ မူမမှန်တာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
၂၀၁၈ မတိုင်ခင်အထိတော့ ရွေးကောက်ပွဲတွေက အပြိုင်အဆိုင်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ခရီးလမ်းက မတ်စောက်ပေမယ့်လည်း အတိုက်အခံ ပါတီတွေအဖို့ အာဏာရနိုင်ရေးအတွက် မဲပေးပွဲကို အားကိုးနိုင်ခဲ့သေးတယ်လို့ တွဲဖက် ပါမောက္ခ မော်ဂန်ဘက်စာက ရေးပါတယ်။
အတိုက်အခံတွေက ညီညွတ်လာပြီ၊ အားကောင်းလာပြီဆိုတာကို ဟွန်ဆန်ဟာ ၂၀၁၇ နှစ်ကုန်ပိုင်းကတည်းက သတိပြုမိပါတယ်။ ဝါရင့်နိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ ဆမ် ရင်စီနဲ့ ကမ် ဆောခါတို့ ဦးဆောင်တဲ့ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေး ပါတီ (Cambodian National Rescue Party - CNRP)က ၂၀၁၃ ခုနှစ်မှာ တနိုင်ငံ လုံးရဲ့ မဲ ၄၄% ကိုရသွားတဲ့အခါ ဟွန်ဆင် တယောက် အံ့သြတုန်လှုပ် သွားပါတယ်။
CNRPက ဟွန်ဆန်ရဲ့ CPP ရတဲ့ မဲတွေထက် ကျော်တက်မယ့်ပုံတွေ့လာတဲ့ အဲဒီ မဲရေတွက်နေတဲ့ ညပိုင်းမှာပဲ နိုင်ငံတဝန်းမှာ မဲရေတွက်နေတာတွေ ရုပ်မြင် သံကြား ကနေ တိုက်ရိုက် ထုတ်လွှင့် ပြသနေတာကို အစိုးရက ခွင့်မပြုတော့ဘဲ တားမြစ်လိုက် ပါတယ်။
အဲဒီကာလမှာ သောင်းနဲ့ချီတဲ့ လူတွေ တက်ရောက်တဲ့ စုဝေးပွဲတွေနဲ့ အတူ ကမ္ဘောဒီးယား ပြည်သူတွေအနေနဲ့ အစိုးရအပြောင်းအလဲဖြစ်ဖို့ လက်တကမ်းပဲလိုတော့တယ်လို့ တွေးထင်ခဲ့ကြပါတယ်။
“နိုင်ငံရေးအရ တက်ကြွနေကြတာ၊ အောင်ပွဲခံနေကြတာ လမ်းတွေပေါ်မှာ အထင်အရှားတွေ့ခဲ့ရတယ်၊ အထူးသဖြင့် လူငယ်တွေကြားမှာပေါ့” လို့ ၂၀၁၃ အဲဒီ အချိန်ကာလက ဖနွမ်းပင်မှာရှိနေခဲ့တဲ့ ဆန်းစစ်သုံးသပ်သူ အက်စ်ထရစ် နိုရင် နေးလ်ဆန်က ပြောပါတယ်။
ဟွန်ဆန်ပါတီက နိုင်တယ်ဆိုတာကို အတိုက်အခံတွေက ဆန့်ကျင်စိန်ခေါ်နေတဲ့ လူထုဆန္ဒပြပွဲတွေ ရွေးကောက်ပွဲအပြီး လပေါင်းများစွာ ဆက်ဖြစ်နေခဲ့ပါတယ်။ အဲဒီကာလမှာ သူ့ရဲ့ အာဏာကို အပြင်းဆုံးစိန်ခေါ်လာတာကို ကြုံရတဲ့ ဟွန်ဆန်ဟာ အာဏာတချို့ကို လျှော့ပေးပြီး အတိုက်အခံတွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၇ မှာ CNRP ပါတီက ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ သူ့ကို ထပ်စိန်ခေါ်ကြတဲ့ အခါမှာတော့ သူက ငြိမ်မနေတော့ပါဘူး။
လုံခြုံရေးအကြောင်းပြချက်တွေနဲ့ ဘယ်နိုင်ငံရေး ပါတီကိုမဆို ဖျက်သိမ်းနိုင်တဲ့ ဥပဒေကို သူ့ရဲ့ CPP ပါတီ လွှမ်းမိုးထားတဲ့ လွှတ်တော်ကို သုံးပြီး ပြဌာန်းလိုက် ပါတယ်။ လုပ်ပိုင်ခွင့်အာဏာ အသစ်တွေကိုလည်း သူက ရယူလိုက်ကာ CNRP ကို မတရားအသင်း ကြေညာဖို့အတွက် တရားရုံးချုပ်ကိုလည်း သူ အသုံးချနိုင်လိုက် ပါတယ်။
CNRP ပါတီဝင် ၁၀၀ လောက် တရားစွဲ အပြစ်ပေး ခံခဲ့ရကာ ထင်ရှားတဲ့ခေါင်းဆောင် တွေလည်း ပြည်ပကို တိမ်းရှောင်ခဲ့ရပါတယ်။
ကမ္ဘောဒီးယား နေ့စဉ် သတင်းစာလို လွတ်လပ်တဲ့သတင်းစာတိုက်တွေ ချိတ်ပိတ်တာ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာအထောက်အပံ့ပေးတဲ့ US Peace Corp အဖွဲ့ဝင်တွေကို နိုင်ငံကနေ နှင်ထုတ်တာ စတဲ့ လုပ်ရပ်တွေနဲ့ ဟွန်ဆန်က ဒီမိုကရက်စီ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်း အဝိုင်း က ဒီအဖြစ်တွေအပေါ် အံ့သြတုန်လှုပ်ခဲ့ကြပြီး “ဒီလိုနဲ့ ဒီလောက် အပြင်းအထန် ဖြစ်လာ မယ်လို့ ဘယ်သူကမှ မမှန်းဆ ထားကြဘူး” လို့ တွဲဖက် ပါမောက္ခ မော်ဂန် ဆက်စာက ပြောပါတယ်။
ဒီလို ဖိနှိပ်မှုတွေရှိနေတာကို ညွှန်ပြပြီး ၂၀၁၉ မှာ အမေရိကန်က ကမ္ဘောဒီးယားက ထိပ်တန်းခေါင်းဆောင်တွေကို ဆန်ရှင်ချမှတ် အရေးယူခဲ့ပြီး ၂၀၂၀ မှာ ဥရောပက ကုန်သွယ်ရေး ပိတ်ဆို့တာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဟွန်ဆန်အဖို့ ထူးထူးခြားခြား သက်ရောက်မှုတွေ မရှိခဲ့ပါဘူး၊ သူက တရုတ်ရဲ့ ထောက်ခံမှုကို ဆက်ပြီး ရနေခဲ့ ပါတယ်။
၂၀၁၇-၁၈ ကာလတုန်းက နိုင်ငံရေးက အပြိုင်အဆိုင်ရှိကြတဲ့ အတွက် နိုင်ငံရေး အရ အမြင်တွေက မတူခြားနားမှုတွေနဲ့ ရှင်းရှင်းလင်းရှင်း ရှိခဲ့ကြတယ်” လို့ ဒီသီတင်း ပတ်ထဲ မှာ ဖနွမ်းပင်ကို ပြန်ရောက်နေတဲ့ ဒေါက်တာ နိုရင်း နေးလ်ဆန်က ပြောပါ တယ်။
အမည်မဖော်လိုတဲ့ အနောက်တိုင်း သံတမန်တယောက်က “လူတိုင်းက သိပ်ကို စိတ်ဓာတ်ကျနေတယ်၊ သိပ်လည်း စိတ်ပျက်နေကြတယ်။ အာဆီယံ ဥက္ကဋ္ဌရာထူး ကို လွှဲပေးလိုက်တဲ့ ဒီနှစ် ဇန်နဝါရီကစပြီး ဖိနှိပ်ချေမှုန်းတာတွေ တသီကြီး စလုပ်တော့ တာ ပါပဲ” လို့ ဘီဘီစီကို ပြောပါတယ်။
“သွေးထိုး လှုံ့ဆော်တာတွေလုပ်တယ်” ဆိုတဲ့ ရာဇဝတ်မှုတွေနဲ့ ခြိမ်းခြောက်ပြီး ဖယောင်းတိုင် အလင်းပါတီခေါင်းဆောင်ပိုင်းကို ဟွန်ဆန်က စတင်ပစ်မှတ်ထား ခဲ့ကာ သူ့ ပါတီကို စော်ကားတယ်လို့ စွပ်စွဲပြီး ပါတီ အကြီးအကဲ တယောက်ရဲ့ အိမ်ကို သိမ်းယူပါတယ်။
မတ်လထဲမှာတော့ တရားရုံးကနေ အရင် CNRP ခေါင်းဆောင် ကမ် ဆောခါကို ထောင်ဒဏ် ၂၇ နှစ် ချပါတယ်။ အမှုတွေက “လိမ်လည်တင်ထားတဲ့ စွဲချက်တွေ” လို့ အမေရိကန်က ဆိုပါတယ်။ ဒီလို ပြစ်ဒဏ်ပေးတာကို အနောက်တိုင်း သံရုံး အများ အပြားနဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင်နာ မင်းကြီးတို့က ရှုတ်ချ ခဲ့ကြပါတယ်။
လွတ်လပ်တဲ့မီဒီယာအဖြစ် နောက်ဆုံးကျန်ခဲ့တဲ့ ဒီမိုကရေစီ အသံ သတင်းစာ ကိုလည်း ဟွန်ဆန်က ပိတ်ပင်လိုက်သလို၊ အန်ဂျီအိုတွေ နောက်ထပ် မှတ်ပုံပြန်တင် လို့ မရအောင် သူက ခြိမ်းခြောက်လိုက်ပါတယ်။
နောက်ပိုင်း တောက်လျှောက်ပါပဲ ဟွန်ဆန်က ခြိမ်းခြောက်တာတွေ၊ နှောင့်ယှက်ပိတ် ပင်တာ အများအပြားကို လုပ်ခဲ့ပါတယ်။
သူ့ ပြဋ္ဌာန်းစာအုပ်က ရှင်းပါတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ လူတွေကို အစိုးရအလုပ်တို့၊ မြေတို့ နဲ့ လာဘ်ပေးတာမျိုး၊ အကျိုးစီးပွား ပေးတာမျိုးတွေနဲ့ မျှားတယ်လို့ ဆိုကြပါတယ်။ ဒီနှစ်ထဲမှာ ဘက်ပြောင်းကုန်ကြတာက ဖယောင်းတိုင် အလင်းပါတီက တင်မဟုတ်ပါဘူး၊ အလုပ်သမား သမဂ္ဂတွေ၊ လယ်သမား အဖွဲ့တွေ က လူတွေလည်း ပါကုန်ကြပါတယ်။
သူ့ဘက်ပါအောင်လုပ်ဖို့ မအောင်မြင်ရင် ချေမှုန်းဖို့ လုပ်ပြီ လို့ တွဲဖက် ပါမောက္ခ မော်ဂန် ဘက်စာက ပြောပါတယ်။
သူဒေါသထွက်အောင် လုပ်လာရင် လုပ်တဲ့သူတွေကို ရိုက်နှက်ပစ်မယ်လို့ အတိုက် အခံတွေကို သတိပေးတဲ့ စကားတွေကို အများပြည်သူကို ပြောတဲ့ မိန့်ခွန်းတွေထဲမှာ ထည့်ပြောပြီး ဟွန်ဆန်က ခြိမ်းခြောက်ပါတယ်။ လူမှုမီဒီယာမှာ စာတွေ အရှည်ကြီး ရေးပြီး သူနဲ့ သဘောမတွေ့တဲ့ အတိုက်အခံတွေကို အသရေဖျက်တာတွေလည်း သူ လုပ်ပါတယ်။
မတ်လနဲ့ ဧပြီလတွေထဲမှာ မျက်နှာဖုံးတပ်ထားတဲ့လူတွေက သူတို့ကို အများပြည်သူ တွေရှေ့မှာပဲ ဝင်တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ ဖယောင်းတိုင် အလင်းပါတီဝင် တွေက သတင်းထုတ်ပြန်ပါတယ်။ ဒီသီတင်းပတ်ထဲမှာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch) ကလည်း အစိုးရက အဲဒီပါတီဝင် တွေ ကို နှောင့်ယှက်တိုက်ခိုက်တာ၊ ထင်သလို ဖမ်းဆီးနေတာတွေလုပ်နေတယ်လို့ ထုတ်ပြန်ပါတယ်။
ရွာတွေမှာဆိုရင် CPP ကိုယ်စားပြုသူတွေက မဲဝယ်တာတွေ၊ သူတို့ပါတီကို မဲမထည့်မယ့်သူတွေကို ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ “တအိမ်တက် တအိမ် ဆင်းကို လုပ်နေတာ” လို့ ဖနွမ်းပင်က ဒေသခံတယောက်က ဘီဘီစီ ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ကလည်း အများကြီးလို့ သုံးသပ်သူတွေ သတိပြုမိပါတယ်။ ဖယောင်းတိုင် အလင်း ပါတီ ရွေးကောက်ပွဲမဝင်ရတဲ့ အခါ မဲလာပေးတဲ့သူ နည်းသွားမှာမျိုး၊ မဲတွေက ပယ်မဲတွေ ဖြစ်သွားမှာမျိုးကို ဟွန်ဆန်က စိုးရိမ်ပါတယ်။
ဒီတော့ မဲပေးပွဲကို သပိတ်မှောက်ဖို့ လှုံ့ဆော်ရင် ဥပဒေကို ချိုးဖောက်တာလို့ သတ်မှတ် လာသလို ပယ်မဲဖြစ်အောင်လုပ်ရင်လည်း ဒဏ်ငွေက ရီရဲယ် သန်း ၂၀ (ဒေါ်လာ ၅၀၀၀ နဲ့ ညီမျှ) လို့ ဆိုပါတယ်။ ကမ္ဘောဒီးယားမှာ လာမယ့် အနာဂတ်ကျရင် ရွေးကောက်ပွဲဝင်ပြီး ယှဉ်ပြိုင်ချင်ရင် ဒီနှစ်ရွေးကောက်ပွဲမှာ မဲပေးရမယ်လို့လည်း ဥပဒေသစ်က ဆိုထားပါတယ်။
ဟွန်ဆန် အလွန် ခေတ် ဆိုတာ ရှိလာမလား
ဖယောင်းတိုင်အလင်းပါတီဟာ မေလမှာ သူတို့ဖျက်သိမ်းခံရတော့ စစ ဦးချင်း ဘာလုပ်ရမယ်ဆိုတာကို မသိခဲ့ပါဘူး။ တချို့ ခေါင်းဆောင်တွေက သူတို့ကို ထောက်ခံသူတွေ လမ်းပေါ်ထွက် ဆန္ဒပြကြဖို့ နှိုးဆော်ခဲ့ကြပါတယ်။ နိုင်ငံခြားမှာ တိမ်းရှောင်နေရတဲ့ ဆမ် ရင်ဆီက ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ လှုံ့ဆော် ပါတယ်။
ဒီကာလမှာ အတိုက်အခံ လှုပ်ရှားမှုတွေက အားယုတ်နေပြီး ပေးလာတဲ့ သတင်းစကား တွေကလည်း တယောက်နဲ့ တယောက် မတူဘဲ ရှုပ်ထွေးစရာပါ။ “အားကစားပွဲနဲ့ နှိုင်းယှဉ်ပြောရရင် အခုက တတိယတန်း၊ စတုတ္ထတန်း အဆင့်က ကစားသမားတွေပဲ ကျန်တော့တာ” လို့ သူတို့အတွင်းလူ တယောက်က ဘီဘီစီကို ပြောပါတယ်။
ဖယောင်းတိုင်အလင်းပါတီဟာ သူ့မီးတောက်လေး ဆက်ရှင်သန်နိုင်ဖို့ အရေး ကတုတ်ကျင်း ထဲကို ဆင်းနေရပါပြီ။
“နောက် ၂ လ၊ ၃ လလောက် ကျွန်တော်တို့ ရှင်သန်နိုင်အောင် ကြိုးစားသွားမယ်၊ နောက်ပိုင်းမှာ ပါတီကို ပြန်တည်ဆောက်မှာပါ” လို့ အဲဒီလူက ပြောပါတယ်။
လူတိုင်းလိုပဲ ဖယောင်းတိုင်အလင်းပါတီကလည်း ဟွန်ဆန် ဆင်းသွားမယ့် အချိန်ကို စောင့်နေပါတယ်။
“ရာထူးကနေ ဆင်းသွားဖို့ ဆိုတာက သေမယ့် အချိန်မှ ဖြစ်လာမှာပါ” လို့ အနောက် တိုင်း သံတမန် က ဆိုပါတယ်။
“လူထုအတွက် ဘယ်လိုနေရာတွေကျန်သေးလဲဆိုတာကို ကြည့်ပြီး ကျွန်တော်တို့က ကူညီအားပေးမှာပါ၊ ဒါပေမဲ့ လူတိုင်းလိုလိုက ဟွန်ဆန်ခေတ်လွန် ကမ္ဘောဒီးယားကို မျှော်နေကြတယ်။”
ဟွန်ဆန်ရဲ့ သားဖြစ်သူလည်းဖြစ် အခုအချိန်မှာ စစ်တပ်ကို ဦးစီးနေတဲ့ အနောက်နိုင်ငံ တက္ကသိုလ်ဘွဲ့ရ ဟွန် မာနိုက် အာဏာရလာရင် အခြေအနေတွေ တိုးတက်လာမယ်လို့ တချို့ မျှော်လင့်နေပါတယ်။
“သူက ကမ္ဘောဒီးယားအတွက် ဒီမိုကရေစီကို ကယ်တင်မယ့်သူလို့ ကျွန်တော် မထင်ဘူး၊ ဒါပေမဲ့ သူက ပြုပြင်ပြောင်းလဲရေးစိတ်ရှိတဲ့လူ၊ အနောက်နဲ့ ဆက်ဆံရေး တိုးမြှင့်ချင်တဲ့လူ လို့တော့ ထင်ပါတယ်” လို့ အဆိုပါ သံတမန်က ပြောပါတယ်။
မိသားစုစဉ်ဆက်က နိုင်ငံကို အုပ်ချုပ်သွားမှာကို တချို့က စိတ်ပူပါတယ်။ “ဒီမိုကရေစီ နိုင်ငံ ပါ” လို့ မဲဆန္ဒရှင်တယောက်က ဆိုရင်း “အဖေကနေ သားဆီ အာဏာလွှဲတာက ဒီမိုကရေစီ နည်းလမ်းမကျဘူးလေ၊ မကျဘူး မို့လား” လို့ ပြောပါတယ်။
တခြား မိသားစု စဉ်ဆက် အာဏာပိုင်စိုးခဲ့ကြတဲ့ နိုင်ငံတွေကို ထောက်ပြပြီး အာဏာရှင်တွေရဲ့ သားတွေအပေါ် မျှော်လင့်ချက် အမှားတွေ မလုပ်မိကြစေဖို့ ပညာရှင်တွေက သတိပေးပါတယ်။ သစ်ပင်ပေါ်ကနေ ပန်းသီး သူ့ဘာသာသူ ကြွေကျလာဖို့က သိပ်ကို ဖြစ်ခဲပါတယ်လို့ တွဲဖက် ပါမောက္ခ မော်ဂန် ဘက်စာက ပြောပါတယ်။
ဆိုတော့ ကမ္ဘောဒီးယား ဒီမိုကရေစီက မျှော်လင့်နိုင်ပါသေးရဲ့လား။
လူထုအတွင်းထဲမှာတော့ မျှော်လင့်ချက်က ရှိနေပါတယ်လို့ သူက ပြောပါတယ်။
“ဟွန်ဆန် (သို့မဟုတ်) အာဏာရပါတီအပေါ် သူတို့ရဲ့အမြင်တွေကို လူတွေက လူသိ ရှင်ကြား ထုတ်ဖော်ပြီး ဘယ်တော့မှ ပြောမှာမဟုတ်တော့ဘူး။ သူတို့ရဲ့ ကိုယ်ပိုင် အမြင်တွေကို လူအများကြားမှာ သူတို့မပြောတော့ဘူး။”