ဆန်စျေးတွေ တက်နေတာ ဘယ်သူနဲ့ဆိုင်သလဲ

SANTIAGO URQUIJO ZAMORA/ GETTY

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရန်ကုန်မြို့ အရှေ့ ဒဂုံက ကိုသန်း ရဲ့ ဆန်ဆိုင်မှာ အခုရက်ပိုင်း ကြက်စာ ခွေးစာ ဆန်ဆိုပြီး လာဝယ်သူတွေများလာတယ်လို့ သူက ပြောပါတယ်။

လာဝယ်သူတွေဟာ အဝတ်အစား ကပိုကရို ခပ်နွမ်းနွမ်းတွေနဲ့ ဖြစ်ကြပြီး အခုရက်ပိုင်း သူတို့လာဝယ်တာ ပိုပြီးများလာတယ်လို့ ကိုသန်းကပြောပါတယ်။

“ဆန်ဆိုင်တွေမှာ ကြက်စာ၊ ခွေးစာ ဆန်ဆိုတာ စျေးအနိမ့်ဆုံး အမျိုးအစား ဆန်ကွဲသာသာ ဆန်ကို ပြောတာပါ၊ အဲဒီဆန် အခုရက်ပိုင်း တစ်ပြည်ကို ၂၄၀၀ ကျပ်ပေါက်တယ်၊ အခုရက်ပိုင်း သူတို့လာဝယ်ရင် တစ်ပြည်တို့ လေးလုံးတို့များတယ်” လို့ ဆန်ဆိုင်ပိုင်ရှင် ကိုသန်းက ပြောပါတယ်။

ပုံမှန် ကိုသန်းဆီက ခွေးစာဝယ်ယူသူ ခွေးမွေးထားတဲ့ ဖောက်သည်တွေကတော့ ဇီယာဆန်ကို ဝယ်လေ့ရှိပြီး တစ်ခါမှာရင် သုံးအိတ်လောက်မှာလေ့ရှိတယ်လို့ သူကပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကစလို့ ဆန်စျေးနှုန်းတွေ တစ်ဟုန်ထိုးတက်လာပြီးနောက် အခြေခံလူတန်းစားတွေ အများစုစားတဲ့ ဆန်ကြမ်းလို့ ခေါ်တဲ့ ငစိန်အုပ်စုဝင် ဆင်းသွယ်၊ သုခ စတဲ့ ဆန်တွေဟာ တစ်ပြည်ကို အရင်ထက် ၅၀၀ ကျပ်လောက်အထိကို တက်လာခဲ့တာ ဖြစ်ပါတယ်။

ဆန်ကြမ်းစျေးတွေဟာ အခုထိ ကျဖို့ အရိပ်အယောင်မတွေ့ရကြောင်းလည်း ဆန်ဆိုင်ပိုင်ရှင် ကိုသန်းကပြောပါတယ်။

ဆန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရန်ကုန်မြို့က လူ သုံးထောင်ကို စစ်တမ်းကောက်ယူမှုအရ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း အစားလျှော့စားရတဲ့အထိ ဝင်ငွေမလုံ‌လောက်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

စစ်တမ်းကောက်ယူတာကို အဆင်းရဲဆုံးဖြစ်တဲ့ မြို့နယ် ၈ မြို့နယ် မှာလုပ်ခဲ့တာဖြစ်ပြီး စစ်တမ်းမှာပါဝင်သူတွေရဲ့ လူဦးရေ လေးပုံတစ်ပုံဟာ ဝင်ငွေမရှိသလို သုံးပုံတစ်ပုံကတော့ အစားလျှော့စားရတဲ့အထိရှိတာကို တွေ့ရတယ်လို့ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရန်ကုန်မြို့က အဆင်းရဲဆုံးမြို့နယ်တွေက လူထုအနေနဲ့ အစားလျှော့စားရတာအပြင် ဝင်ငွေမရှိတဲ့ပြဿနာကို ဖြေရှင်းဖို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ‌ကိုရောင်းချခဲ့ကြရသလို ဒီလိုဝင်ငွေလျော့နည်းလာတဲ့ အခြေအနေက အိမ်ထောင်စုတွေရဲ့ ကျန်းမာရေး နဲ့ ရေရှည်လူမှုစီးပွား ကို ခြိမ်းခြောက်နေတယ်လို့ဖော်ပြပါတယ်။

အစီရင်ခံစာ နဲ့ စစ်တမ်းကောက်ယူချက်အရ မြို့နယ် ၈ ခုက နေထိုင်သူတွေဟာ တခြား မြို့နယ် ကသူတွေနဲ့ ယှဥ်ကြည့်တဲ့အခါမှာ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အခြေအနေတွေ ပိုပြီးနိမ့်ကျလာတယ်လို့ လည်းဆိုပါတယ်။

မြန်မာမှာ ၂၀၂၁ ခုနှစ်ကစတင်စီးပွားရေးကျဆင်းမှုက ၂၀၂၂ မှာ သိသိသာသာမြင့်တက်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ရန်ကုန်ဧရိယာမှာ ပိုခံစားနေရတယ်လို့လည်းပြောထားပါတယ်။

UNDP က စာရင်းကောက်ခဲ့တဲ့မြို့နယ် တွေကို တိတိကျကျဖော်ပြတာမရှိပေမဲ့ ရန်ကုန် လှိုင်သာယာမြို့နယ်မှာ ဖွံ့ဖြိုးရေးလုပ်ဆောင်ပေးထားတာကိုတော့ ထည့်ပြောထားပါတယ်။

"ရန်ကုန်ရဲ့ မြို့ပြဆင်းရဲနွမ်းပါးမှုနှုန်းက သိသိသာသာမြင့်တက်နေပြီး အလုပ်လက်မဲ့ဖြစ်တာနဲ့ ဝင်ငွေလျော့နည်းတာက တနေ့တခြား ပိုများလာတယ် " လို့ UNDP ရဲ့ ဌာနေကိုယ်စားလှယ် Titon Mitra က ပြောကြားထားတဲ့အကြောင်း UNDP ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်။

 ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ရန်ကုန်မြို့က ဆန်လက်ကားပေါက်စျေး

ဓာတ်ပုံ ရင်းမြစ်, CJ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် စစ်တပ်အာဏာသိမ်းထားခဲ့စဥ်တ ကာလတုန်းကလည်း ရန်ကုန်မြို့မှာ အလုပ်အကိုင်တွေရှားပါးတာကြောင့် ဝင်ငွေမရှိတဲ့သူတွေဟာ ကိုယ်ပိုင်ပစ္စည်းတွေ ထုခွဲရောင်းချရသလို ဆန်ကိုလည်း တစ်ပြည်ချင်းလိုက် မဝယ်နိုင်ဘဲ နို့ဆီဘူး လေး ဘူး ကို ဝယ်ပြီးချက်စားရတဲ့သူတွေရှိခဲ့တဲ့ အကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

"အဲဒီတုန်းကလည်း စျေးထဲမှာ ပင်လယ်ငါးက စျေးချိုလို့ ပင်လယ်ငါးကို ဘယ်သူမှ မစားကြ‌ဘူး။ အဲဒီအချိန်မှာ မပြေလည်သူတွေက ကြောင်စာဆိုပြီး လာဝယ်ကြတယ်၊ အဲဒီကြောင်စာကိုပဲ သူတို့ ဟင်းချက် ပြီးစားကြတာ"လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပြပါတယ်။

အခုရက်ပိုင်း ဆန်ချောတွေစျေးက ပြန်ကျစပြုလာပေမယ့် ဆန်ကြမ်းစျေးကတော့ တက်ရိပ်ပြနေဆဲဖြစ်တယ်လို့ ဆန်လက်လီ လက်ကားရောင်းတဲ့ ကိုသန်းကပြောပါတယ်။

ဧရာဝတီတိုင်းကဒေသခံတစ်ဦးကတော့ အခုပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဆင်းသွယ်တို့ သုခတို့ ပါတဲ့ စပါးစျေးဟာ တင်းတစ်ရာကို ၁၂ သိန်းကနေ ၁၅ သိန်းအထိ တက်လာတဲ့အတွက် ဆန်ကြမ်းစျေးဟာ လတ်တလော ပြန်ကျဖို့ မလွယ်ဘူးလို့ သူက ပြောပါတယ်။

 စစ်အာဏာသိမ်းပြီးတဲ့နောက် အထွေထွေကုန်စျေးနှုန်းတွေ ကြီးမြင့်လာပြီး အလုပ်အကိုင်ရှားပါးလာ

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းပြီးတဲ့နောက် အထွေထွေကုန်စျေးနှုန်းတွေ ကြီးမြင့်လာပြီး အလုပ်အကိုင်ရှားပါးလာ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ မှာ စတင်လာခဲ့တဲ့ စီးပွားရေးကျဆင်းလာမှုဟာ ၂၀၂၂ ခုနှစ်မှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ ဆင်းရဲနွမ်းပါးမှု ကုန်စျေနှုန်း ကြီးမြင့်မှု နောက်ဆက်တွဲအကျိုးဆက်တွေကို ရန်ကုန်အပါအဝင် နှိင်ငံအနှံ့မှာ တွေ့ကြုံနေရပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတချို့ နိုင်ငံအတွင်းမှ ထွက်ခွာသွားကြတဲ့အပြင် ကုန်ထုတ်လုပ်နေတဲ့ အထည်ချုပ် စက်ရုံတွေပိတ်သိမ်းသွားတာနဲ့အတူ အလုပ်လက်မဲ့နှုန်းများ မြင့်လာသလို အလုပ်အကိုင်တွေလည်း ရှားပါလာတယ်လို့ UNDP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆန်အပါဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်သွားမှုကလည်း အိမ်ထောင်စုတွေရဲ့ လူမှုစီးပွားရေးအခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။

စားအုန်းဆီက လည်း အခုရက်ပိုင်း ဆီတစ်ပိဿာကို ၇၃၀၀ (ကျပ်) ဖြစ်လာတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

"ဆန်ကတော့ အဓိကပေါ့ ဆန်က မရှိမဖြစ် ကျန်တာက မရှိလည်းရသေးတယ်"လို့ ရန်ကုန်မြို့ခံတစ်ဦးကပြောပြပါတယ်။

ဆန်အိတ်

ဓာတ်ပုံ ရင်းမြစ်, CJ

တိုက်ပွဲပြင်းထန်တဲ့ စစ်ကိုင်း ရွှေဘိုဘက်က ထွက်တဲ့ရွှေဘို ထိပ်စ ဆန်တွေကို ဒေသ အခြေအနေကြောင့် တောင်သူတွေက စပါးလက်ထဲမထားဘဲ အကုန်ရောင်းချကြတဲ့နောက် ကုန်သည်တွေက ဝယ်လှောင်ပြီး စျေးကစားရာကနေ ဆန်‌ချော စျေးတက်တာရဲ့ နောက်ဆက်တွဲ အနေနဲ့ စျေးကွက်ထဲမှာ အလယ်အလတ်ဆန်တွေရော ဆန်ကြမ်းတွေပါ စျေးဆက်တက် လာတာလို့လည်း ဆန်ကုန်သည်တွေက ဆိုကြပါတယ်။

ရွှေဘို ပေါ် ဆန်းလို ဆန်ချောတွေ စျေးတက်လာပြီးတဲ့နောက် အလယ်အလတ်ဆန်အမျိုးအစား တောင်ပျံ လည်း စျေးတက်လာသလို အခြေခံ လူတန်းစားတွေ အစားများတဲ့ ဇီယာ ၊ ဆင်းသွယ်၊ မနောသုခ၊ အညာသား စတဲ့ ဆန်ကြမ်းတွေပါ စျေးလိုက်တက်လာတာလို့ ဆန်ရောင်းချသူတွေက ပြောကြပါတယ်။

ရွှေဘို ဆန် တစ်အိတ်ကို တစ်သိန်းကျော် ဖြစ်သွားပြီးတဲ့နောက်မှာ ဆန်ချောချည်းသီးသန့် မစားကြတော့ဘဲ စရိတ်ချွေတာတဲ့အနေနဲ့ ဆန်ကြမ်းနဲ့ ဆန်ချော ရောစားလာကြတာ ၊ ဆန်ကြမ်းကိုပဲ ပြောင်းလဲ စားလာတာတွေ ရှိတဲ့အတွက် စျေးကွက် လိုအပ်ချက်အရ ဆန်ကြမ်းစျေးတွေ တက်လာလို့လည်း သုံးသပ်နေကြပါတယ်။

ဒါပေမဲ့ နယ်မြေ အခြေ အနေ တည်ငြိမ်နေတဲ့ နေရာတွေဖြစ်တဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့မှာ အများဆုံး စိုက်ပျိုးတဲ့ ဇီယာ၊ ဧည့်မထ ၊ ဆင်းသွယ်တို့လို ဆန်ကြမ်းစျေးတွေကပါ မြင့်တက်လာတာက စျေးကစားလို့သက်သက်ကြောင့်သာ ဖြစ်တယ်လို့ ဆန်စျေးကွက်နားလည်သူတွေက ဆိုကြပါတယ်။

“ဆင်းသွယ်တစ်အိတ်ကို ၇၀၀၀၀ ကျပ်ဆိုတာ ကျွန်တော်တို့ မကြားဖူးတဲ့ စျေးကို ‌ရောက်လာတယ်”လို့ ဆန် လက်လီ လက်ကားရောင်းချသူတစ်ဦး လက်ရှိ အခြေအနေကို ပြောပြပြပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဇန်နဝါရီလ နောက်ဆုံးအပတ်လောက်ကစပြီး စျေးကွက်ထဲမှာ ဆန်တွေစျေးမြင့်တက်လာတာ အခု ဖေဖော်ဝါရီလကုန်ခါနီးမှာတော့ ဆန် တစ်အိတ်ကို အမျိုးအစားပေါ် မူတည်ပြီး ကျပ် တစ်သောင်းကနေ နှစ်သောင်းနီးပါးလောက် အထိ စျေးတွေ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

ဆန်ကြမ်းစျေးတွေပါ တက်လာတဲ့အတွက် အခြေခံ လူတန်းစားတွေကိုပါ တိုက်ရိုက်ထိခိုက်လာတာလည်း ဖြစ်ပါတယ်။

"ဆန် က export သိပ်များရင်လည်းစျေးတက်တတ်တယ်"လို့ ဆန်စပါး ကုန်သည် အသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အရင် ဇန်နဝါရီလလယ် စျေးမတက်ခင်က ဆန်ကြမ်းတစ်အိတ်ကို ၅၅၀၀၀ ကျပ်လောက်ကနေ အခုလက်ရှိမှာ ကျပ် ၇၀၀၀၀ ကျော် စျေး ၊ ဆန်ချော တစ်အိတ်ကို ကျပ် ၇၅၀၀၀ လောက်ကနေ ၉၈၀၀၀ကျပ်လောက်စျေးတွေ ‌အထိစျေးမြင့်တက်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ အခြေခံ အလုပ်သမားနဲ့ ဝန်ထမ်းမိသားစုတွေ အတွက် ဧည့်မထ ဆန် ငါးပြည်ဝင်တစ်အိတ်ကို ကျပ် တစ်သောင်းနှုန်းနဲ့ ရောင်းချပေးမယ်လို့ ကြေညာထားတာလည်း တွေ့ရပါတယ်။

ဒါပေမဲ့ ဘယ်တော့ရောင်းချပေးမယ်ဆိုတာကို တော့ မသိရသေးပါဘူး။

"ဆန်ငါးပြည်ကို တစ်သောင်းဆိုတော့ တစ်ပြည်ကို နှစ်ထောင်ပေါ့ သိပ်အများကြီးတော့ မသက်သာလှပါဘူး "လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

ဆန်လက်လီဆိုင်လေးဖွင့်ထားတဲ့ ကိုသန်းကတော့ သူ့ဆိုင်မှာ ကြက်စာ၊ ခွေးစာ ဆန်လာဝယ်တဲ့သူတွေကို တတ်နိုင်သမျှ အကူအညီပေးနေတယ်လို့ ပြောပါတယ်။

ဒီလူတွေ ဆန်လာဝယ်ရင်တော့ ကိုသန်းဟာ စျေးလျှော့နိုင်သလောက်လျှော့ပြီး ပိုပိုသာသာ ထည့်ပေးလေ့ရှိတယ်လို့ သူက ပြောပါတယ်။

“အိမ်တိုင်းအတွက် ဆန်က မရှိမဖြစ်ဘဲ ဆန်မရှိရင် ဘာမှ စားစရာမရှိတော့ဘူး “လို့ သူကပြောပါတယ်။