မြန်မာ့ ဆန်စျေး ဆူနာမီ

 ဆန်ချောတစ်အိတ်ကို တစ်သိန်းကျော်အထိ စျေးပေါက်လာခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆန်ချောတစ်အိတ်ကို တစ်သိန်းကျော်အထိ စျေးပေါက်လာခဲ့

စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားရေး ဘက်စုံကျဆင်းနေပြီး အရာရာစျေးတက်နေတဲ့ ကာလမှာ ဆန်စျေးတွေပါ ထပ်ပြီးတက်လာတော့မယ်ဆိုတာ အားလုံးက မျှော်လင့်ထားကြပြီးသားပါ။

ဒါပေမဲ့ ဆန်တစ်ပြည်ကို ကျပ် ၅၀၀ လောက်အထိ အခုလို ဆန်စျေးတက်လာမယ်လို့ မြန်မာနိုင်ငံက လူတွေ အများစုက မျှော်လင့်ထားကြပါဘူး။

ရန်ကုန်အပါအဝင် ရခိုင်၊ ကချင်၊ ချင်း စတဲ့ ပြည်နယ်ဒေသတွေနဲ့ မြန်မာနိုင်ငံအနှံ့မှာ အခုအခါမှာတော့ ဆန်စျေးတွေဟာ ဆူနာမီရေလှိုင်းကြီးတွေလို တစ်ဟုန်ထိုးတက်လာနေတာလို့ ဆိုကြပါတယ်။

“ ဆန်ကလည်း တစ်ပြည်ကို နှစ်ထောင့်လေး၊ငါး၊ ရှစ်ရာဖြစ်လာတော့ စားဝတ်နေရေးပိုကျပ်တည်းလာတယ်“ လို့ ရန်ကုန် ငမိုးရိပ်ချောင်းအတွင်း ပလုံကောက် (ပုလင်းခွံ ဗူးခွံတွေကောက်ပြီးရောင်းကာ အသက်မွေးတဲ့လုပ်ငန်း) တဲ့ မယုက ပြောပါတယ်။

အခြေခံလူတန်းစားတွေ အများစုစားကြတဲ့ ဆင်းသွယ်၊ ခွံနီ တို့ ပြီးခဲ့တဲ့ တစ်လလောက်က မှ တစ်ပြည်ကို၂၃၀၀ လောက်ကနေ ၂၈၀၀ လောက်ဖြစ်သွားတယ်လို့ ရန်ကုန် မြောက်ဒဂုံက ဆန်လက်လက်လီ ရောင်းချသူတစ်ဦးကပြောပါတယ်။

ပုံမှန်ဆိုရင် စျေးကွက်ထဲကို ဆန်သစ်တွေဝင်လာရင် စျေးကွက်ထဲ ဆန်စျေးတွေကျလေ့ရှိပေမဲ့ ဒီနှစ်ကတော့ ဆန်သစ်ပေါ်လာပြီးမှ ဆန်သစ်တွေပဲ စျေးတက်နေတာလို့ ဆန်လုပ်ငန်းရှင်အချို့က ပြောပါတယ်။

လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံဟာ ဆန်အဓိက စားသုံးကြပြီး ကမ္ဘာပေါ်မှာ ဆန်ကို အဓိက အများဆုံးစားသုံးသူတဲ့နိုင်ငံတွေထဲမှာ တစ်နိုင်ငံအပါအဝင်ဖြစ်ပါတယ်။ လူတစ်ဦးကို တစ်နှစ်ကို ၁၅၅ ကီလိုဂရမ် ( ၉၇ ပြည်ခန့် )အထိစားသုံးကြတယ်လို့ နိုင်ငံတကာ သုတေသနအဖွဲ့တွေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းတို့က ပြီးခဲ့တဲ့နှစ်တွေ အတွင်းက ခန့်မှန်းခဲ့ကြပါတယ်။

ဆန်စျေးတက်လာတော့ အိမ်စရိတ်က နေ့တိုင်း သိသိသာသာတက်လာတဲ့ အကြောင်း ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးက ပြောပြပါတယ်။

ရန်ကုန်မြို့ ဆန်လက်လီ အရောင်းဆိုင်တစ်ဆိုင်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ လက်လီ‌ရောင်းစျေး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ ဆန်လက်လီ အရောင်းဆိုင်တစ်ဆိုင်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ လက်လီ‌ရောင်းစျေး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဇန်နဝါရီလ နောက်ဆုံးအပတ်လောက်ကစပြီး ဆန် အမျိုးအစားအလိုက် စျေးတွေ မြင့်တက်လာခဲ့ကာ အခု ဖေဖော်ဝါရီလထဲမှာတော့ ဆန်၂၄ ပြည်ပါ တစ်တင်းခွဲတစ်အိတ်ကို မူလထက် ငွေကျပ် တစ်သောင်းကနေ နှစ်သောင်းလောက်အထိ မြင့်တက်လာတယ်လို့ ဆန်လက်လီ၊လက်ကားရောင်းချသူတွေနဲ့ ဆန်ကုန်သည်တွေ ထံက သိရပါတယ်။

အရင် ဇန်နဝါရီလလယ် စျေးမတက်ခင်က ဆန်ကြမ်းတစ်အိတ်ကို ၅၅၀၀၀ ကျပ်လောက်ကနေ အခုလက်ရှိမှာ ၇၀၀၀၀ ကျော် စျေး ၊ ဆန်ချော တစ်အိတ်ကို ကျပ် ၇၅၀၀၀ လောက်ကနေ ၉၈၀၀၀ကျပ်လောက်စျေးတွေ စသဖြင့် အသီးသီး မြင့်တက်လာတာ ဖြစ်ပါတယ်။

ရွှေဘို ထိပ်စ ဆန်ဟောင်းစျေးက ၂၄ ပြည်ပါ တစ်အိတ်ကို ငွေကျပ် တစ်သိန်းတစ်သောင်းလေက်အထိ စျေးတက် လာတယ်လို့ ဆန်ကုန်သည်တွေက ဆိုကြပါတယ်။

ရွှေဘိုဘက်က ဆန်တွေကတော့ ဒေသ အခြေအနေမတည်ငြိမ်မှုတွေကြောင့် တောင်သူတွေကလက်ထဲ ဆန်မထားရဲကြဘဲ အကုန်ရောင်းချတာတွေရှိတဲ့အတွက် စျေးကွက်ထဲမှာ ရွှေဘိုဆန် ထပ်မရနိုင်တော့ လို့ ‌စျေးတက်တာဖြစ်ပြီး တခြားဆန်တွေ စျေးတက်တာကတော့ငွေကြေးတတ်နိုင်သူတွေရဲ့ စျေးကစားမှုကြောင့်ဖြစ်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

“ဆန်အချော ‌ရွှေဘိုတို့ ၊ပုသိမ်တို့၊ ကျားပျံတို့ ဆိုရင် ဆန် တစ် ပြည်ကို ငွေကျပ် ၃၅၀၀ အထက်မှ ာရှိတယ်” လို့ ဆန်လက်လီရောင်းသူတစ်ဦးကပြောပါတယ်။

ဆန် အချောကတော့ တပြည်ကို မူလထက် ကျပ်တစ်ထောင်အထိကို တက်သွားတယ်လို့ ဆန်ရောင်းချသူတွေက ဆိုပါတယ်။

အာဏာသိမ်းကာလမှာ အလုပ်အကိုင် ရှားပါးတဲ့အပြင် ဆန်ဈေးတွေ တက်လာတာကြောင့် စားဝတ်နေရေးက ကျပ်သထက် ကျပ်တည်းလာတယ်လို့ ပြော
ဓာတ်ပုံ ပုံစာ, အာဏာသိမ်းကာလမှာ အလုပ်အကိုင် ရှားပါးတဲ့အပြင် ဆန်ဈေးတွေ တက်လာတာကြောင့် စားဝတ်နေရေးက ကျပ်သထက် ကျပ်တည်းလာတယ်လို့ ပြော

အခုရက်ပိုင်း ကိုယ်ရှာလို့ ရတဲ့ ငွေနဲ့ ကုန်စျေးနှုန်းတွေက စရိတ်မကာမိဘူးလို့ ငမိုးရိပ်ချောင်းအတွင်း ပလုံကောက်တဲ့ မယုက ပြောပါတယ်။

“ကိုယ်အများဆုံးရတဲ့နေ့ဆိုမှ တစ်သောင်းကျော်၊ ဆန်တစ်ပြည်က ၂၈၀၀ လောက်ဖြစ်၊ ဆီနဲ့ ဟိုဟာဒီဟာနည်းနည်းဝယ်လိုက်တာနဲ့ ရှစ်ထောင်လောက်ဖြစ်သွား၊ တခြားစရိတ်မပါသေးဘူး။ အမျိုးသားဆေးဖိုးကလည်း ရှိတော့ ရတာနဲ့ လောက်အောင်မနည်း စားရတယ်”လို့ မယုက ပြောပါတယ်။

ဆန်တစ်ပြည်မဝယ်နိုင်လို့ နို့ဆီဘူး လေးလုံး နေ့တိုင်းလာဝယ်သူတွေ အများကြီးပဲလို့ အရှေ့ဒဂုံဆန်လက်လီရောင်းသူတစ်ဦးက ပြောပြပါတယ်။

တချို့ဆန်အချောစားနေကြသူတွေက ဆန်အချောစျေးတွေက တစ်ပြည်တစ်ထောင်လောက် တက်သွားတော့ မစားနိုင်ကြလို့ ဆန်ကြမ်းလေးလုံး ဆန်ချောလေးလုံး မျှဝယ်ပြီးရောစားကြတယ်လို့ လည်းသူက ပြောပြပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

မြန်မာနိုင်ငံ ဆန်စပါးအသင်းကတော့ ဆန်တွေ စျေးတက်လာတဲ့အပေါ် စိုးရိမ်စိတ်နဲ့ ကြိုတင်ဝယ်ယူသူတွေကြောင့် စျေးနှုန်းမတည်ငြိမ်မှုကို တွန်းအားဖြစ်စေတဲ့အတွက် ညှိနှိုင်းပြီးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တစ်ဖက်ကလည်း ဆန်ကုမ္ပဏီကြီးတွေနဲ့ ညှိနှိုင်းပြီးစျေးကွက်ထဲကို သက်သာတဲ့စျေးနှုန်းနဲ့ရောင်းပေးဖို့ စီစဉ်ဖို့ နေကြောင်းနဲ့ ကုန်သည်တွေ၊စက်ပိုင်တွေ၊ ကုမ္ပဏီတွေနဲ့ သတင်းအချက်အလက်အမှန်တွေ စျေးကွက်ထဲကို ထည့်ပေးဖို့ဆောင်ရွက်နေကြောင်း၊ နောက်တစ်ချက်က ပြည်သူတွေကို စိုးရိမ်ပူပန်မှုမဖြစ်ကြဖို့ နဲ့ နိုင်ငံမှာဆန်လုံလောက်မှုရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆန်ကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ အဓိက စိုက်ပျိုးကြပါတယ်။ ပြီးခဲ့တဲ့ မိုးစပါးအထွက်တွေလည်း ကောင်းပြီး ဆန်လုံလောက်မှုလည်းရှိတဲ့အတွက် ဒါကို တချို့က ဆန်လျော့နည်းနေပြီဆိုတဲ့ သတင်းအမှားတွေ ဖြန့်နေပြီး စျေးကိုဆွဲတင်တာတွေကိုလည်း ဆန်စပါးအသင်းက သတင်းအမှန်အနေနဲ့ ပြန်လည်ထုတ်ပြန်တဲ့ လုပ်ငန်းစဉ်တွေလည်းလုပ်လေ့ရှိကြောင်းနဲ့ လျှပ်စစ်မီး လျော့နည်း ရရှိတဲ့ အခြေအနေကြောင့် ဆန်စက်တွေလည်ပတ်နိုင်တဲ့ အနေအထားနှေးနေတာတွေလည်းရှိတဲ့ အကြောင်းဦးရဲမင်းအောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်းက မိုးစပါးစိုက်ဧက ၁၅ သန်းခန့်စိုက်ပျိုးခဲ့ပြီ နွေစပါးစိုက်ဧက ၂ ဒသမ ၄ သန်း၊ စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ ဒသမ ၄ သန်းခန့် စိုက်ပျိုးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဆန်တန်ချိန် ၁၂ သန်းကျော်ထွက်မယ်လို့ စစ်ကောင်စီက ခန့်မှန်းထားပါတယ်။

၂၀၂၂ - ၂၀၂၃ဘဏ္ဍာနှစ် ၆ လတာကာလအတွင်း ဆန်တန်ချိန် ၅ သိန်း ကျော်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သိန်း၊ စုစုပေါင်းတန်ချိန် ၈ ဒသမ ၆ သိန်းကျော်ကို နိုင်ငံ ၃၈ နိုင်ငံကိုတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဆန် ၊ ဆန်ကွဲ တန်ချိန် ၂ သိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ၂၀၂၂ ခုနှစ်အတွင်းကျင်းပတဲ့ ဆန်စပါးညီလာခံမှာ ပြောခဲ့ပါတယ်။

အခုနှစ်အတွင်း ဆန်တန်ချိန် ၂ သိန်းကျော် ဘင်္ဂလားဒေရှ်နိုင်ငံကို တင်ပို့ခဲ့ပြီး တရုတ်နဲ့ အာဖရိကနိုင်ငံတွေကို ဆန်တိုးမြှင့်တင်ပို့ဖို့ဆောင်ရွက်နေတယ်လို့ လည်း စစ်ကောင်စီဘက်ကပြောပါတယ်။

ဆန်တင်ပို့တာတွေနဲ့ ပြည်တွင်းမှာဆန်ဝယ်ထားတဲ့သူတွေကြောင့်ဆန်စျေးတွေ အခုလိုတက်လာရတာလို့ ဆန်လုပ်ငန်းရှင်အချို့က သုံးသပ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီ စီးပွားကူးသန်း ဒုဝန်ကြီးကတော့ ပြည်တွင်းအသားတင်ပိုလျှံမှုပမာဏမှာ ဆန်တန်ချိန် ၁၂ ဒသမ ၂၈၂ သန်းခန့်ဖြစ်ပြီး ပြည်တွင်းရှိ လူဦးရေ ၅၅ သန်း ရဲ့ စားသုံးရန်လိုအပ်ချက်မှာ ဆန်တန်ချိန် ၉ ဒသမ ၄၀၂ သန်းဖြစ်တာကြောင့် ပြည်ပတင်ပို့နိုင်မှုပမာဏဟာ တန် ၂ ဒသမ ၈၈ သန်းခန့် ဖြစ်တယ်လို့ ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရန်ကုန်မြို့က အခြေခံလူတန်းစားတစ်ဦးကတော့ အာဏာသိမ်းကာလမှာ အလုပ်အကိုင် ရှားပါးတဲ့အပြင် ဆန်ဈေးတွေ တက်လာတာကြောင့် စားဝတ်နေရေးက ကျပ်သထက် ကျပ်တည်းလာတယ်လို့ ဘီဘီစီ ကို ပြောပါ တယ်။

အခုရက်ပိုင်းတော့ ရွှေဘိုပေါ်ဆန်းမှ မဟုတ်ဘဲ အနိမ့်ဆုံး ဆန်ကြမ်းနဲ့ အလယ်လတ်တန်းစား ဆန်တွေ ကလည်း ဈေးတွေ အခုလို တရိပ်ရိပ် ထိုးတက်လာတာကြောင့် ဝင်ငွေနည်းတဲ့ အခြေခံ လူတန်းစားတွေဟာ စားဝတ်နေရေးတွေ အခက်ကြုံရတယ်လို့ ဆိုပါတယ်။

အလုပ်ကတော့ နေတိုင်းလုပ်နေရတယ် ရပ်လိုက်လို့ မရဘူးလို့ ငမိုးရိပ်ချောင်းထဲမှာ ပလုံကောက်သူ မယုက ပြောပါတယ်။

"ဆန်ကောင်းနဲ့တော့ စားချင်တာပေါ့ ကိုယ်မှာရှိမှ မရှိတာ၊ ရှိတာနဲ့ပဲ တင်းတိမ်ရတာပေါ့"လို့ ဆန်ကြမ်းကို နေ့စဥ်ဝယ်စားနေရသူတစ်ဦးက ပြောပါတယ်။