မြောက်ကိုရီးယားမှာပဲ ခေါင်းချချင်တဲ့အသက် ၉၅ အရွယ်စစ်အကျဥ်းသား

ဓာတ်ပုံ ရင်းမြစ်, Jungmin Choi/BBC
- ရေးသားသူ, ယူနာခု
- ရာထူးတာဝန်, ဘီဘီစီ ကိုရီးယားဘာသာစကားဌာန
- ရေးသားပေးပို့သည့်နေရာ, ပါဂျူ
သြဂုတ်လ နောက်ဆုံးသီတင်းပတ်ရဲ့ မနက်ခင်း နေမြင့်ချိန်မှာ မြင်ရိုးမြင်ကျမဟုတ်တဲ့ လူအုပ်စုကြီး တစ်စုဟာ အင်ဂျင်ဂမ် ဘူတာမှာ စုစုစုစုနဲ့ တွေ့ရပါတယ်။ ဒီဘူတာက မြောက်ကိုရီးယား နယ်စပ်ကို ခြေတစ်လှမ်း လှမ်းရုံတဲ့ရောက်တဲ့နေရာမှာ ရှိနေပါတယ်။
ရဲအရာရှိတွေနဲ့ ဒါဇင်နဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေလည်း ရှိနေခဲ့ပြီး သူတို့ အားလုံးဟာ လူတစ်ယောက်တည်းကို အာရုံစိုက်နေကြပါတယ်။ သူက အသက် ၉၅ နှစ်အရွယ် မြောက်ကိုရီးယားစစ်အကျဥ်းသားဟောင်း အန်ဟတ်ဆု ဖြစ်ပါတယ်။ ကိုရီးယားကျွန်းဆွယ်ကို ပိုင်းခြားထားတဲ့ နယ်ခြားမျဥ်း တစ်ဘက်တစ်ချက်စီက သူ့အိမ်ပြန်ဖို့ လုပ်နေတာပါ။
အဲဒါဟာ သူ့ရဲ့ နောက်ဆုံးခရီးလို့ မစ္စတာအန်က သုံးနှုန်းပါတယ်။ သူ့ဘဝရဲ့အချိန်အများစုကို တောင်ကိုရီးယားမှာ ကုန်ဆုံးခဲ့ပြီးနောက် မြောက်ကိုရီးယားကို ပြန်ပြီး သူသေဆုံးတဲ့အခါ အဲဒီမှာ ခေါင်းချဖို့ ဆန္ဒရှိတာပါ။
ဒီနယ်စပ်ကို သူ ဘယ်တုန်းကမှ မဖြတ်နိုင်ခဲ့ပါဘူး။ အကြောင်းကတော့ သူ အိမ်ပြန်နိုင်ရေး သေသေချာချာစီစဉ်ပေးဖို့ အချိန်မရှိခဲ့ဘူးဆိုတဲ့ တောင်ကိုရီးယား အစိုးရရဲ့အပြောကြောင့်ပါ။
ဒါပေမယ့်လည်း မစ္စတာ အန်တစ်ယောက် မြောက်ကိုရီးယားနဲ့ အနီးဆုံးသွားနိုင်တဲ့နေရာအထိ ရောက်အောင်လာပါတယ်။
အဆုတ်မှာရေတွေပြည့်နေတတ်တဲ့ရောဂါရှိလို့ ရထားဘူတာကနေ မိနစ် ၃၀ ကြာအောင် လမ်းလျှောက်ရတဲ့ တောင်နဲ့ မြောက်ကိုရီးယားအကြားဆက်သွယ်ထားတဲ့ ပြန်လည်ပေါင်းစည်းရေးတံတား တွန်ဂျီလ် ဒေဂျိုအထိကို သူလမ်းလျှောက်ဖို့ မစွမ်းနိုင်ပါဘူး။
ဒါကြောင့် တံတားနဲ့ မီတာ ၂၀၀ အကွာလောက်မှာ ကားပေါ်ကနေ ဆင်းပြီးတော့ တစ်ဖက်တစ်ချက်မှာ လူနှစ်ယောက် ဘေးက တွဲကူလို့ တည်တည်ငြိမ်ငြိမ်နဲ့ သူ ခြေလျင် လမ်းလျှောက်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံထဲ မြင်ရခဲတဲ့ မြောက်ကိုရီးယားအလံကို ကိုင်ဆောင် လမ်းလျှောက်တဲ့သူ့ကို သတင်းထောက်အချို့နဲ့ လူငယ် လုပ်အားပေး ဆယ်ချီက ဘေးကနေ ဝန်းရံထားပါတယ်။
"တကယ့် အစစ်အမှန်လွတ်လပ်တဲ့မြေမှာ ကျွန်တော့်ရဲ့ခန္ဓာကို အနားယူချင်တာပါ" လို့ သူက ပြောပါတယ်။ "နယ်ချဲ့ဝါဒကင်းလွတ်တဲ့ နယ်မြေတစ်ခုပေါ့"
မဆုတ်မနစ် ယုံကြည်ချက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အန်ဟတ်ဆု အသက် ၂၃ နှစ်အရွယ်မှာ တောင်ကိုရီးယားရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။
အဲဒီလို အဖမ်းမခံရခင် ၃ နှစ်တုန်းက သူ အထက်တန်း တက်နေတုန်းဖြစ်ပါတယ်။ အဲဒီအချိန်ဟာ အဲဒီတုန်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်အီဆွန်း တစ်ယောက် တောင်ကိုရီးယားကို တိုက်ခိုက်ချိန်လည်းဖြစ်ပါတယ်။ ကိုရီးယား နှစ်နိုင်ငံကို ပေါင်းစည်းချင်ခဲ့တဲ့ကင်ဟာ ၁၉၅၀ ပြည့်နှစ်တုန်းက တိုက်ခိုက်မှုဟာ တောင်ပိုင်းက စတိုက်လို့ ဖြစ်တာဆိုပြီး လူစုဆောင်းခဲ့ပါတယ်။
ဒီအပြောကို ယုံခဲ့သူတွေထဲမှာ အန်လည်း အပါအဝင်ဖြစ်ပါတယ်။ ဆက်ဆံရေးအရာရှိ တစ်ဦးအဖြစ် မြောက်ကိုရီးယားပြည်သူ့စစ်တပ်ကို ၁၉၅၂ ခုနှစ်မှာ သူ ဝင်ရောက်ပါတယ်။ အဲဒီနောက် တောင်ကိုရီးယားကို ပို့တဲ့ တပ်စိတ်တစ်ခုထဲမှာ သူ တာဝန်ပေးခံခဲ့ရပါတယ်။
စစ်ပြေငြိမ်းမှု မတိုင်ခင် ၃ လအလို ၁၉၅၃ ခုနှစ် ဧပြီလမှာ သူအဖမ်းခံခဲ့ရပါတယ်။ အဲဒီနှစ်မှာပဲ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချခံခဲ့ရပါတယ်။ ထောင်တွင်း ၄၂ နှစ်ကျော်နေထိုင်ခဲ့ပြီးနောက်ပိုင်း ကိုရီးယားလွတ်လပ်ရေးနေ့ အထူးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပါတယ်။
မစ္စတာအန်းဟာ ကွန်မြူနစ်ဝါဒီ သမားဖြစ်တာကြောင့် အခြားသောမြောက်ကိုရီးယားအကျဥ်းသားတွေလိုပဲ "ခေါင်းနီ" လို့ အခေါ်ခံ တံဆိပ်ကပ်ခံရပြီး သင့်တင့်လျောက်ပတ်တဲ့အလုပ်တစ်ခုရှာဖို့တောင် သူရုန်းကန်ခဲ့ရပါတယ်။
တကယ့်ကို ခက်ခဲခဲ့တယ်လို့ သူက ဇူလိုင်လတုန်းက ဘီဘီစီနဲ့အင်တာဗျူးမှာ သူက ပြောခဲ့ပါတယ်။ အစောပိုင်းမှာ တောင်ကိုရီးယားအစိုးရက ကူညီတာ တစ်ခုမှ မရှိခဲ့ဘူးလို့လည်း သူက ပြောပါတယ်။ စုံထောက်တွေကလည်း သူ့ကိုနောက်ယောင်ခံ လိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူအိမ်ထောင်ပြုခဲ့ပြီး ကလေးတစ်ယောက်တောင် မွေးစားခဲ့ပေမဲ့ တောင်ကိုရီးယားဟာ သူနဲ့ လားလားမျှ မဆိုင်တဲ့နိုင်ငံလို ခံစားရတယ်လို့ သူက ပြောပါတယ်။
ဒီကာလတစ်လျှောက်လုံးမှာ မြောက်ကိုရီးယားနဲ့ အနီးစပ်ဆုံးဖြစ်တဲ့နယ်စပ်ဖြစ်တဲ့ ဂင်ပိုက ရွာသေးလေး တစ်ခုမှာ အိမ်ဆောက်ပြီး နေနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Universal History Archive/Universal Images Group via Getty Images
ဒါဇင်နဲ့ချီတဲ့ ပြန်ချင်ခဲ့ကြသူ အခြားအကျဥ်းသားတွေနဲ့အတူ မြောက်ကိုရီးယားကိုပြန်ပို့ဖို့ အခွင့်အလမ်းကို ၂၀၀၀ ခုနှစ်က ရရှိခဲ့ပေမဲ့ သူ ငြင်းပယ်ခဲ့ပါတယ်။
တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံကြား ဆက်ဆံရေး တိုးတက်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ဒီလိုကောင်းမွန်ရင် သူတို့လည်း လွတ်လွတ်လပ်လပ်နဲ့ သွားလာနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဖြစ်ပါတယ်။
မြောက်ကိုရီးယားကို ပြန်လိုက်တာဟာ အမေရိကန်အတွက် အနိုင်ရသွားစရာဖြစ်နိုင်ခြေကို သူ စိုးရိမ်ပြီး တောင်ကိုရီးယားမှာပဲ ဆက်နေခဲ့တာပါ။
"အဲဒီအချိန်တုန်းက တောင်ပိုင်းမှာ အမေရိကန် စစ်ဘက် အုပ်ချုပ်မှု ပုံစံမျိုးပေါ် အောင် တွန်းလုပ်နေခဲ့ကြတာ ဆိုတော့လေ''လို့ သူက ပြောပါတယ်။
"မြောက်ပိုင်းကို ပြန်သွားခဲ့ရင်၊ ကိုယ့်အိပ်ခန်းကို သူတို့ အားလပ်ရက်အတွက်သုံးဖို့ အမေရိကန်တွေကို လွှဲပေးခဲ့သလိုမျိုး ခံစားရတာနဲ့ တူလိမ့်မယ်။ ကျွန်တော့်ရဲ့လူသားတစ်ယောက်အသိစိတ်က အဲဒါကို ခွင့်ပြုမပေးနိုင်ခဲ့ဘူး"
ဝါရှင်တန်ဟာ မြောက်ကိုရီးယားရဲ့ဘယ်လိုတိုက်ခိုက်မှုမျိုးကို မဆို အကာအကွယ်ပေးဖို့ တောင်ကို ရီးယားကို အာမခံပေးထားတဲ့ ဆိုးလ်နဲ့ ဝါရှင်တန်အကြားက ဆက်ဆံရေးထက် တခြား ဘယ်လိုအကြောင်းအရာကို သူ ရည်ညွှန်းတာလဲဆိုတာတော့ မရှင်းလင်းပါဘူး။
ဒါကပဲ ကင်မိသားစုရဲ့ဝါဒဖြန့်ချိမှုကို ဘယ်တုန်းကမှ ယုံမှားသံသယမရှိတဲ့ မစ္စတာ အန်ကို အတော်လေး ကသိကအောက်ဖြစ်စေပါတယ်။ ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေးမှာ အဟန့်အတားဖြစ်စေတာ နယ်ချဲ့အမေရိကန်ကြောင့်၊ ပြီးတော့ အမေရိကန်ကို ကျေးဇူးတင်နေတဲ့ တောင်ကိုရီးယားအစိုးရကြောင့်လို့ ကင်မိသားစုဘက်က ဝါဒဖြန့်ထားတာပါ။
ကိုလိုနီအုပ်ချုပ်မှုလွှဲပြောင်းခြင်း
ကိုရီယားကျွန်းဆွယ်ကို ဂျပန်ကိုလိုနီအုပ်ချုပ်မှုအောက်ရှိနေချိန် ၁၉၀၃ ခုနှစ်မှာ ဂန်ဝါကောင်တီ၊ ဂျောင်ဂျီပြည်နယ်အတွင်း မစ္စတာအန်ကို မွေးဖွားခဲ့ပါတယ်။ သားသုံးယောက်မှာ အငယ်ဆုံးဖြစ်ပေမဲ့ သူ့ အောက်မှာ ညီမငယ် ၂ ယောက် ရှိပါတယ်။
မျိုးချစ်ဝါဒဟာ သူ့ရင်ဘတ်ထဲ အစောကတည်းက အခြေတည်ပါတယ်။ သူ့ရဲ့အဖိုးဆိုရင်လည်း "ဂျပန်လူမျိးအဖြစ် ပုံသွင်းတာမျိုးမလိုချင်" ခဲ့တာကြောင့် သူ့ကို ကျောင်းမတက်ခိုင်းခဲ့ဘူးလို့ သူက ပြန်ပြောပြပါတယ်။ ဒါကြောင့် ပုံမှန်ကျောင်းတက်ရမယ့်အရွယ်ထက်နောက်ကျပြီး သူ့အဖိုးကွယ်လွန်မှ ကျောင်းတက်ခဲ့ရသူပါ။
၁၉၄၅ ခုနှစ် ဂျပန်လက်နက်ချတာနဲ့အတူ ဒုတိယကမ္ဘာစစ်နဲ့ ကိုရီးယားအပေါ် နယ်ချဲ့မှုလည်းအဆုံးသတ်ခဲ့ပါတယ်။ မစ္စတာအန်နဲ့ သူ့ရဲ့ အစ်ကိုအငယ်တို့ကို ဂျပန်စစ်တပ်ကနေ ထွက်ပြေးခဲ့ကြပါတယ်။ ဂန်ဝါ ကျွန်းပေါ်က မမီတောင်ခြေက သူတို့ရဲ့ အဒေါ်အိမ်မှာ ညီအကို သုံးယောက် ပုန်းနေခဲ့ရပါတယ်။
"အဲဒါက လွတ်လပ်ရေးမဟုတ်ခဲ့ဘူး။ ကိုလိုနီအုပ်ချုပ်မှုကို လက်လွှဲခဲ့တာ" လို့ သူကပြောပါတယ်။
"ကိုရီးယားက မလွတ်လပ်သေးပေမယ့် အဲဒီအစား အမေရိကန်စစ်တပ်အုပ်ချုပ်မှုကို အကောင် အထည်ဖော်လိမ့်မယ်လို့ ကျွန်တော်တို့တွေ့ခဲ့တဲ့ လက်ကမ်းစာစောင်ထဲမှာ ပြောထားပါတယ်။ အမေရိကန်စစ်ဥပဒေကို တစ်ယောက်ယောက်က ချိုးဖောက်ခဲ့ရင် သူတို့က တင်းကျပ်တဲ့ စစ်ဥပဒေ အောက်ကနေ အရေးယူအပစ်ပေးလိမ့်မယ်လို့တောင် ပြောခဲ့ပါတယ်"

ဓာတ်ပုံ ရင်းမြစ်, Jungmin Choi/BBC
ဆိုဗီယက်နဲ့ အမေရိကန်တို့က ကိုရီးယားကျွန်းဆွယ်ပေါ်မှာ တိုက်ခိုက်ခဲ့ကြပြီး နှစ်ပိုင်းခွဲဖို့အတွက် သဘောတူခဲ့ကြပါတယ်။ ဆိုဗီယက်တို့က မြောက်ပိုင်းကို ထိန်းချုပ်ပြီး အမေရိကန်က တောင်ပိုင်းကို ထိန်းချုပ်ကာ စစ်အုပ်ချုပ်ရေးတွေကို ၁၉၄၈ ခုနှစ်အထိ ကျင့်သုံးခဲ့ပါတယ်။
ကင်က ၁၉၅၀ မှာ တိုက်ခိုက်တဲ့အခါ တောင်ကိုရီးယားမှာ အစိုးရတစ်ရပ်တောင် ရှိနေပါပြီ။ ဒါပေမဲ့ မစ္စတာအန်လိုပဲ အခြားသော မြောက်ကိုရီးယားတွေဟာ တောင်းပိုင်းဘက်က ပဋိပက္ခကိုစခဲ့ပြီး သူတို့ရဲ့မဟာမိတ်ဝါရှင်တန်နဲ့အတူ ကိုရီးယားပြန်လည် ပေါင်းစည်းရေးကို ဟန့်တားခဲ့တာလို့ ယုံကြည်ခဲ့ကြပါတယ်။
ပြောင်းလဲနေတဲ့ကမ္ဘာ
သူအဖမ်းခံရကတည်းက မစ္စတာအန်ဟာ ထောင်မကျမယ့်အခွင့်အရေးများစွာကို ရခဲ့ပါတယ်။ "ပြောင်းလဲမှု" လို့ခေါ်တဲ့ မြောက်ပိုင်းနဲ့ ကွန်မြူနစ်အယူဝါဒတွေကို စွန့်လွှတ်ရေးအထောက်အထား လက်မှတ်ထိုးဖို့ သူ့ကို ပြောခဲ့ပေမယ့် သူ ငြင်းပယ်ခဲ့ပါတယ်။
"ဘာလို့ဆိုရင် မြောက်ပိုင်းနဲ့ ကွန်မြူနစ်ဝါဒကို စွန့်လွှတ်မယ်လို့ လက်မှတ်ထိုးလိုက်တာ မရှက်နဲ့ သိက္ခာကို လဲလိုက်သလိုဖြစ်မှာ။ ဒါကြောင့်ပဲ ခံလိုက်ရတဲ့ လှောင်ပြောင်မှု၊ ညှင်းပန်းနှိက်စက်ခံရတာနဲ့ အကြမ်းဖက်မှုတွေက စကားလုံးနဲ့ အပြည့်အစုံတောင်မဖော် ပြနိုင်ပါဘူး" လို့ နယ်စပ်မျဥ်းအနီး စုဝေးခဲ့တဲ့ လူအုပ်ကို သူက ပြောခဲ့ပါတယ်။
အဲဒီလိုစွပ်စွဲချက်တွေကို တောင်ကိုရီးယားအစိုးရက ဘယ်တော့မှ တိုက်ရိုက်တုံ့ပြန်ခဲ့တာမရှိ ပါဘူး။ ဒါပေမဲ့လည်း အထူးကော်မရှင်တစ်ရပ်ကတော့ ထောင်အတွင်းအကြမ်းဖက်မှုတွေရှိတယ်လို့ ၂၀၀၄ ခုနှစ်မှာ အသိအမှတ်ပြုခဲ့ပါတယ်။ မစ္စတာအန်ရဲ့ တိုက်ရိုက်စွပ်စွဲချက်တွေကို တောင်ကိုရီးယားရဲ့ အမှန်တရားနဲ့ ပြန်လည်ပေါင်းစည်းခြင်းကော်မရှင်ကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ၂၀၀၉ မှာ စုံစမ်းခဲ့ပြီး ညှဥ်းပန်းနှိပ်စက်မှု လုပ်ဆောင်စေတာ အပါအဝင် ဝါဒပြောင်းဖို့ ဖိအားပေးအားထုတ်စေမှုရှိခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
တောင်ကိုရီးယားမှာတော့ အဲလိုအရာမျိုးကို လက်ခံထားခဲ့တာ ကြာခဲ့ပါပြီ။ အဲဒီလိုမျိုး အကျဉ်းသားတွေဟာ ထောင်အတွင်းမှာ အကြမ်းဖက်ခံရမှုတွေ မကြာခဏတွေ့ကြုံခဲ့ကြရပါတယ်။
"ကျွန်တော် သတိလစ်ရာကနေ ပြန်လည်လာတိုင်း အရင်ဆုံးကြည့်မိတာ ကျွန်တော့် လက်နှစ်ဖက်ကိုပါပဲ။ လက်မှာ မင်နီတွေ စွန်းပေနေပြီလားဆိုပြီးတော့ပေါ့" လို့ မစ္စတာအန်က ဇူလိုင်လအင်တာဗျူးချိန်က ပြောခဲ့ပါတယ်။
လက်မှာ မင်နီ စွန်းပြီဆိုရင် များသောအားဖြင့် အတွေးအခေါ်ပိုင်းဆိုရာပြောင်းလဲခြင်းရဲ့ ကျိန်ဆိုမှုစာကို လက်ဗွေနှိပ်တာမျိုးကို တစ်စုံတစ်ယောက်က ဖိအားပေးလုပ်ခဲ့တဲ့အချက်ပြမှုမျိုးပါ။
"တကယ်လို့ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တွေးခဲ့တယ်။ သူတို့ဘာတွေလုပ်ခဲ့လုပ်ခဲ့ ပြဿနာမရှိဘူး။ ကျွန်တော်နိုင်တယ်၊ ကျေနပ်တဲ့ခံစားမှုမျိုးကို ခံစားခဲ့ရတယ်"
မစ္စတာအန်လွတ်မြောက်လာပြီးနောက်တော့ မြောက်ပိုင်းဟာ ထူးထူးခြားခြားကို ပြောင်းလဲခဲ့ ပါတယ်။ နိုင်ငံတကာနဲ့အဆက်ဖြတ်ထားပြီး ၁၉၅၀ တုန်းကထက်ကို ပိုပြီးချမ်းသာလာတဲ့ ကင်အီဆွန်းရဲ့ မြေးဟာ တိုင်းပြည်ကိုအုပ်ချုပ်နေပေမယ့် ကမ္ဘာ့အပေါ်မှာ အဆင်းရဲဆုံးနိုင်ငံအဖြစ် ကျန်ရစ်နေပါတယ်။ လူပေါင်းသိန်းနဲ့ချီကို သတ်ဖြတ်ခဲ့တဲ့ ၁၉၉၀ ခုနှစ်တွေအတွင်း ဆိုးရွားလွန်းတဲ့ ငတ်ပြတ်မှုမှာတော့ မစ္စတာအန်က မြောက်ကိုရီးယားမှာ ရှိမနေခဲ့ပါဘူး။ လူပေါင်း သောင်းချီက ထွက်ပြေးခဲ့ကြပြီး သူတို့ဘဝတွေ မြောက်ကိုရီးယားကနေလွတ်မြောက်ဖို့အတွက်သေစေနိုင်တဲ့ ခရီးကိုနှင်ခဲ့ကြပါတယ်။
မစ္စတာအန်ကတော့ မြောက်ကိုရီးယားထဲမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီ စိုးရိမ်စရာအခြေအနေ ဖြစ်တယ်ဆိုတဲ့အချက်ကို ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး။ မီဒီယာတွေက ဘက်လိုက်ပြီး ပြောနေတာလို့ အပစ်တင်ခဲ့ပြီး နိုင်ငံရဲ့မကောင်းတဲ့အရာတွေကိုပဲ သတင်းတွေလုပ်နေကြတာလို့ ဆိုပါတယ်။ ကင်ရဲ့ဆုံးဖြတ်ချက်နဲ့ တပ်ဖွဲ့ဝင်တွေကို ရုရှားရဲ့ ယူကရိန်းအပေါ် အလုံးစုံကျူးကျော်မှုမှာ အကူအညီအနေနဲ့ စေလွှတ်တာကို ကာကွယ်သလို၊ မြောက်ကိုရီးယားဟာ အောင်မြင်နေတယ်လို့ သူက ခုခံပြောဆိုပါတယ်။
မစ္စတာအန် တောင်ပိုင်းမှာ ရှိနေတုန်းမှာပဲ တောင်ပိုင်းကတော့ ပြောင်းလဲခဲ့ပါပြီ။ တစ်ချိန်တုန်းက ဆင်းရဲတဲ့ စစ်အာဏာရှင်စနစ်ဖြစ်ပေမဲ့ အခုတော့ ချမ်းသာပြီး စွမ်းအားရှိတဲ့ဒီမိုကရေစီနိုင်ငံတစ် နိုင်ငံဖြစ်နေပါပြီ။ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကတော့ တက်လိုက်ကျလိုက်ရှိခဲ့သလို၊ ရန်လိုမှုအပြင် မျှော်လင့်ချက်အပြည့်နဲ့ စေ့စပ်မှုတွေအကြား ယိမ်းထိုးလှုပ်ရှားနေပါတယ်။
ဒါပေမယ့်လည်း မစ္စတာအန်ရဲ့ ယုံကြည်ချက်တွေကတော့ မယိမ်းယိုင်ခဲ့ပါဘူး။ သူ့ဘဝရဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက သူယုံကြည်ထားဆဲဖြစ်တဲ့ အမေရိကန်က တောင်ကိုရီးယားကို ဆက်ပြီး နယ်ချဲ့စိုးမိုးထားဆဲပဲ ဆိုတာကိုတော့ သူက မှတ်ယူနေဆဲပါ။
"သူတို့က ပြောတယ် လူတွေဆိုတာ တိရစ္ဆာန်တွေလို မဟုတ်ဘူး။ မတူတဲ့ ဘဝ ၂ မျိုး ရှိတယ်။ တစ်ခုက တကယ့်သဘာဝအရ ဖြစ်တည်တဲ့ဘဝ- အဲဒါက ပြောတယ်၊ စားတယ်၊ မစင်စွန့်တယ်၊ အိပ်တယ် စသဖြင့်ပေါ့။ ဒုတိယအရာကတော့ နိုင်ငံရေးဘဝပါ လူမှုဘဝလို့လည်းခေါ် တာပေါ့။ သူတို့ရဲ့နိုင်ငံရေးဘဝထဲမှာခင်ဗျားဟာ ဖြုတ်ချခံရမယ်ဆိုရင် ခင်ဗျားဟာ စက်ရုပ်တစ်ရုပ်နဲ့ ဘာမှမခြားတော့ဘူး" လို့ မစ္စတာအန်က ဇူလိုင်လအတွင်း ဘီဘီစီကိုပြောခဲ့ပါတယ်။
"ဂျပန်နယ်ချဲ့အုပ်ချုပ်တဲ့ကာလတစ်ခုလုံးရဲ့အောက်မှာလည်း ကျွန်တော်နေခဲ့တယ်။ ဒါပေမယ့် ကျွန်တော်သေရင်တောင်မှ (အမေရိကန်)နယ်ချဲ့စနစ်အောက်မှာတော့ မြှုပ်နှံခံရတာမျိုး မလိုချင်ဘူး"













