‘‘ရုပ်ရှင်ရိုက်ချိန် သွား ၉ ချောင်း ကျွတ်ခဲ့တယ်’’ - Squid Game ဒါရိုက်တာနဲ့ ရိုက်ကွင်းမှာ စကားပြောခြင်း

၂၀၂၁ ခုနှစ်မှာ ဖြန့်ချိတဲ့အခါ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Squid Game ဟာ ကမ္ဘာလုံးအထိ လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတွဲ ဖြစ်ခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Netflix

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်မှာ ဖြန့်ချိတဲ့အခါ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Squid Game ဟာ ကမ္ဘာလုံးအထိ လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတွဲ ဖြစ်ခဲ့ပါတယ်
    • ရေးသားသူ, ဂျင်း မက်ကန်ဇီ
    • ရာထူးတာဝန်, ဆိုးလ် သတင်းထောက်

နာမည်ကျော် ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ Squid Game ပထမတွဲ ရိုက်ကူးရင်း သွား ၆ ချောင်း ဆုံးတဲ့အထိဖြစ်ခဲ့တာကြောင့် အတော်လေး စိတ်ဖိစီးမှုတွေဖြစ်ခဲ့တယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ဇာတ်လမ်းတွဲ ဒါရိုက်တာကို ကျွန်မမေးကြည့်တော့ သူက ကျွန်မကို ချက်ချင်းပဲ ပြန်ဖြေပါတယ်။

“တကယ် ကျွတ်ခဲ့တဲ့သွားက ၈ ချောင်း မဟုတ်ရင် ၉ ချောင်းပဲ” လို့ သူက ရယ်ပြီးဖြေပါတယ်။

နက်ဖလစ်က လွှင့်တဲ့ အဲဒီရုပ်သံရဲ့ ဒုတိယတွဲကို ရိုက်ကူးနေတဲ့ရိုက်ကွင်းမှာ ဒါရိုက်တာ ဟွမ်းဒွန်ယက်က ကျွန်မကို စကားပြောနေတာဖြစ်ပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲဟာ အကြွေးတွေပိနေတဲ့ ပြိုင်ပွဲဝင်တွေက ကလေးတွေဆော့တဲ့ ''သေရင်မြေကြီး ရှင်ရင်ရွှေထီး'' ဆိုတဲ့ကစားနည်းအတိုင်း နောက်ဆုံး ငွေတွေ ပိုက်နိုင်အောင် အသက်ကို လောင်းကြေးထပ်ပြီး ဝင်ပြိုင်ကြတဲ့အကြောင်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဇာတ်လမ်းတွဲဖန်တီးသူတွေဟာ နောက်ထပ် ဇာတ်လမ်းတွဲဖြစ်လာဖို့ ဘယ်တုန်းကမှ စိတ်ကူးခဲ့တာမဟုတ်ပါဘူး။ ဒီနေရာမှာ သူက နောက်တစ်တွဲ မရိုက်တော့ဘူးလို့တောင် သူက ကျိန်တွယ်ပြောခဲ့တာမျိုးရှိခဲ့ပါတယ်။

ရလိုက်တဲ့ ဖိစီးမှုတွေကိုကြည့်ရင် ဘာလို့များ နောက်ထပ် ဇာတ်လမ်းတွဲ ထပ်ရိုက်ဖို့ စိတ်ပြောင်းခဲ့တာလဲလို့ ကျွန်မ သူ့ကို မေးကြည့်တော့ -

“ငွေ ပေါ့” လို့ သူက မဆိုင်းမတွ ဖြေပါတယ်။

“အပွင့်လင်းဆုံးပြောရရင် ပထမ ဇာတ်လမ်းတွဲက တစ်ကမ္ဘာလုံးမှာ ဟိုလေးတကျော် အောင်မြင်ခဲ့တာတောင် ကျွန်တော့်အတွက် (ငွေ) သိပ်ကျန်ခဲ့တာမဟုတ်ဘူး” လို့ သူက ပြောပါတယ်။ “ဒီတော့ ဒုတိယတွဲ ဆက်ရိုက်လိုက်ရင် ပထမတွဲတုန်းက အောင်မြင်မှုကိုလည်း ကာမိသွားမှာပေါ့လို့ တွေးမိပါတယ်”

“ပြီးတော့ ဇာတ်လမ်းတောင် အဆုံးမသတ်ရသေးပါဘူး” လို့လည်း သူက ထည့်ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နက်ဖလစ်က ပြခဲ့တဲ့ ပထမတွဲကတော့ ဒီနေ့အထိ နာမည်ကြီးနေတုန်းဖြစ်ပြီး တောင်ကိုရီးယား ပြည်တွင်းထုတ် ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း သတိထားမိတဲ့အထိ ဖြစ်လာစေပါတယ်။ ဆင်းရဲ ချမ်းသာ ကွာဟမှုရဲ့နောက်ကွယ်က အမှောင်ဘက်ခြမ်းကို မီးမောင်းထိုးပြတာမျိုးလည်းဖြစ်တာကြောင့် ကမ္ဘာတဝန်းက ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တာပါ။

ဒါပေမဲ့ ဇာတ်ကောင်တွေအားလုံးကို သတ်ပစ်သလို ဖြစ်ခဲ့တာကြောင့် ဒုတိယတွဲအတွက် ဒါရိုက်တာ ဟွမ်းဟာ ဇာတ်ကောင်အသစ်နဲ့ ဂိမ်းပုံစံတွေကို နံပါတ်တစ်ကနေ ပြန်စခဲ့ရသလို ပရိသတ်ရဲ့မျှော်လင့်ချက်ကလည်း အဆမတန်မြင့်နေပါတယ်။

“အခုတစ်ကြိမ်ဖြစ်တဲ့ ဖိအားက ပိုပြီးပြင်းထန်တယ်” လို့ သူက ပြောပါတယ်။

ပထမ ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြီး ၃ နှစ်ကြာပြီးတဲ့နောက်မှာတော့ ဟွမ်းဟာ ကမ္ဘာ့အခြေအနေကို အနုတ်ဘက်ယိမ်းတာကို ပိုမြင်ပါတယ်။

လက်တလောဖြစ်နေတဲ့ စစ်ပွဲတွေ၊ ရာသီဥတုပြောင်းလဲမှုနဲ့ အက်ကြောင်းပိုကြီးလာတဲ့ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲ ချမ်းသာ ကွာဟမှု အခြေအနေကို သူက ထောက်ပြပါတယ်။

ပဋိပက္ခတွေဟာ ဆင်းရဲသူနဲ့ ချမ်းသာသူကြားမှာပဲ ဖြစ်နေတဲ့အခင်းအကျင်းမဟုတ်တော့ဘဲ မျိုးဆက် အဆက်ဆက်၊ လိင်ဖြစ်တည်မှုနဲ့ နိုင်ငံရေးဇာတ်ခုံတွေမှာပါ ဖြစ်နေပြီဆိုတာကိုလည်း သူကပြောပါတယ်။

“ကွဲပြားစေတဲ့ကွာဟချက်တွေ ပေါ်လာတယ်။ ငါတို့ မဟုတ်ရင် သူတို့ဆိုတဲ့ အမြင်ကွာဟချက်ဆိုတဲ့ခေတ်ကို ကျွန်တော်တို့ ရောက်နေပြီ။ ဘယ်သူကမှန်ပြီး ဘယ်သူက မှားနေလဲ”

ဇာတ်လမ်းတွဲ ဖန်တီးသူတွေကတော့ ဒုတိယတွဲဟာ ပိုပြီး စိတ်ကူးယဥ်ဘက်ခြမ်းကို ရောက်မှာဖြစ်သလို ပြိုင်ပွဲဝင်တွေကြားမှာလည်း ပြိုင်ဆိုင်မှု ပိုပြင်းထန်လာမယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Netflix

ဓာတ်ပုံ ပုံစာ, ဇာတ်လမ်းတွဲ ဖန်တီးသူတွေကတော့ ဒုတိယတွဲဟာ ပိုပြီး စိတ်ကူးယဥ်ဘက်ခြမ်းကို ရောက်မှာဖြစ်သလို ပြိုင်ပွဲဝင်တွေကြားမှာလည်း ပြိုင်ဆိုင်မှု ပိုပြင်းထန်လာမယ်လို့ ပြောပါတယ်

အရောင်စုံ အရောင်တောက်တောက် လှေကားထစ်တွေလည်း ရှိနေတဲ့ ထူးထူးခြားခြား ရုပ်သံ ရိုက်ကွင်းထဲကို ကျွန်မ လိုက်ကြည့်မိပြီးတဲ့နောက်မှာတော့ အခုတစ်ကျော့မှာ ဒါရိုက်တာဟာ သူ့ခံစားချက်တွေကို ဘယ်လိုဘယ်ပုံ ထည့်သွင်းမလဲဆိုတာကို ကျွန်မ နည်းနည်း ရိပ်စားမိခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ ပထမဇာတ်လမ်းတွဲတုန်းက ဂိမ်းနိုင်သူ ဂီဟွန်းဟာ ကစားပွဲထဲကို ပြန်လာမှာဖြစ်ပြီး ကစားပွဲ အခင်းအကျင်းကိုလိုက်ပြီး နောက်ဆုံးအကျော့ ပြိုင်ပွဲဝင်တွေကို ကယ်ဆယ်မှာ ဖြစ်ပါတယ်။

ဇာတ်ဆောင်အနေနဲ့ပါဝင်တဲ့ သရုပ်ဆောင် လီဂျွန်ဂျဲရဲ့ အပြောအရဆိုရင် သူ သရုပ်ဆောင်မယ့် သူ့ဇာတ်ကောင်ဟာ အရင်ကထက် "ကြံမိကြံရာလုပ်ဖို့ စဥ်းစားထားပြီးသား” လို့ ဆိုပါတယ်။

ပြိုင်ပွဲဝင်တွေ ညဘက် လှဲအိပ်ကြတဲ့ အဆောင်ကြမ်းပြင်မှာတော့ နှစ်ခြမ်း ခွဲထားတာကို မြင်ရပါတယ်။

တစ်ဖက်ခြမ်းမှာ နီယွန် မီးနီနဲ့လုပ်ထားတဲ့ X သင်္ကေတကြီး ရှိနေပြီး တစ်ဖက်မှာတော့ အပြာရောင် အဝိုင်းတစ်ခု ရှိနေပါတယ်။

အခုတော့ ဂိမ်းတွေကစားပြီးတိုင်းမှာ ကစားသူတွေဟာ ကစားပွဲအစောပိုင်းမှာ ကစားမလား၊ နားမလား ဆိုတာမျိုးကိုမူတည်ပြီး ဘက်တစ်ခုကို ရွေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ထဲက တစ်ဦးကတော့ သေဆုံးမှာဖြစ်ပါတယ်။ အများစုဆုံးဖြတ်ချက်က အတည်ဖြစ်ပါတယ်။

ဒါကပဲ အုပ်စုများ အဖွဲ့ပိုများတဲ့ဘက်ကို ပိုသွားပြီး တွန်းကြ ထိုးကြ တိုက်ကြ ခိုက်ကြတာတွေ ဘက်ကိုလည်း ပိုဦးတည်မှာလို့ ကျွန်မကို ပြောပြပါတယ်။

ဘက်ယိမ်းမှုတိုးလာနေတဲ့ကမ္ဘာမှာ ဒီလိုအန္တရာယ်တွေရှိနေတယ်ဆိုတာကိုလည်း ဒါရိုက်တာ ဟွမ်က ပြသလိုတာဖြစ်ပါတယ်။

Squid Game ရဲ့ အံ့သြသင့်စရာ ဇာတ်ကြောင်းကြောင့် ဖမ်းစားခံရတဲ့ ပရိသတ် တွေ ရှိပေမဲ့ တချို့ အတွက်ကတော့ ဒီဇာတ်လမ်းဟာ ကြမ်းလွန်းပြီး ကြည့်ဖို့တောင် ခက်ခဲတာမျိုး တွေ့ရပါတယ်။

ဒါပေမဲ့ ဒါရိုက်တာ ဟွမ်းနဲ့ စကားပြောပြီးတဲ့နောက်မှာတော့ ဒီလိုကြမ်းလွန်းတဲ့အခြေအနေကို ကြိုတင် တွေးဆခဲ့တာကိုတာလည်း တွေ့ရပါတယ်။ ဒါရိုက်တာ ဟွမ်းဟာ ကမ္ဘာကြီးအကြောင်းကို ဂရုတစိုက် တွေးဆ ထားသလို ကမ္ဘာမှာဖြစ်ပေါ် နေတဲ့ ခက်ခဲတဲ့အရေးကိစ္စတွေကြောင့်လည်း ဒီဇာတ်လမ်းတွဲကို ပုံဖော်ဖို့ အားရယူခဲ့တာဖြစ်ပါတယ်။

“ဒီဇာတ်လမ်းတွဲကို ဖန်တီးတဲ့အခါမှာ ကျွန်တော် ဘာသာ မပြတ်မေးတဲ့မေးခွန်းရှိတယ်။ အဲဒါက ‘ကျွန်တော်တို့ လူသားတွေဟာ ဆင်ခြေလျှောအတိုင်း ဒလိမ့်ကောက်ကွေးဆင်းမယ့် ဒီကမ္ဘာကြီးကို လမ်းကြောင်း ပြောင်းအောင် လုပ်နိုင်လားပေါ့’၊ ဒါပေမဲ့ အရိုးရှင်းဆုံးပြောရင် ကျွန်တော်လည်း မသိဘူး” လို့ သူက ပြောပါတယ်။

ဘဝကြီးနဲ့ချီတဲ့ဒီလိုမေးခွန်းတွေအတွက် အဖြေတွေကို ဒုတိယမြောက် ရုပ်သံ ဇာတ်လမ်းတွဲမှာ ကြည့်ရင်း ရနိုင်မှာမဟုတ်ပေမဲ့ ဒီအကြောင်းအရာတွေဟာ ဇာတ်လမ်းဇာတ်ကွက်ထဲက ဟာကွက်အချို့ကိုတော့ ဖြည့်နိုင်တာဖြစ်လို့ စိတ်သက်သာရနိုင်တဲ့အခြေအနေပါ။ အထူးသဖြင့် ဘာကြောင့် ဒီဂိမ်းပေါ် နေတာလဲ၊ နောက်ပြီး မျက်နှာဖုံးစွပ်ထားတဲ့ ဦးဆောင်တဲ့သူ(Front Man)က ဘာလို့ ဒီဂိမ်းကို ကစားရတာလဲ ... စတဲ့မေးခွန်းတွေဖြစ်ပါတယ်။

“လူတွေက ''ဦးဆောင်တဲ့သူ''ရဲ့ အတိတ်၊ သူ့ ဇာတ်ကြောင်းနဲ့ သူ့စိတ်ခံစားချက်တွေအကြောင်းကို ပိုပြီး မြင်လာမှာပါ” လို့ လျှို့လျှို့ဝှက်ဝှက် သရုပ်ဆောင်ရတဲ့ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ မင်းသား လီဗြွန်းဟန်က ပြောပါတယ်။

“ဒီအခြေအနေက ဇာတ်ကောင်နဲ့ ပရိသတ်ကြား နှလုံးသားနွေးထွေးအောင် ဖြစ်စေနိုင်မယ်လို့ ကျွန်တော် မထင်ပေမဲ့ သူ့ရွေးချယ်မှုတွေကိုတော့ ပိုပြီး နားလည်လာအောင် လုပ်ပေးနိုင်လိမ့်မယ်” လို့ သူက ပြောပါတယ်။

တောင်ကိုရီးယားရဲ့ နာမည်ကျော်သရုပ်ဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ လီကတော့ ပထမ ဇာတ်လမ်းတွဲမှာ ဇာတ်လမ်းတစ်လျှောက်လုံး သူ့မျက်နှာနဲ့ မျက်လုံးကို ဖုံးထားရပြီး သူ့အသံကိုလည်း ဖျက်ထား ရတာဟာ “နည်းနည်းတော့ စိတ်ကျေနပ်မှုမရှိရတဲ့အပိုင်းပေါ့ ” လို့ပြောပါတယ်။

အခု ဒုတိယတွဲမှာတော့ မျက်နှာဖုံးမစွပ်ရတဲ့အခန်းတွေလည်း ပါဝင်တာကြောင့်မို့လို့ လီအနေနဲ့ သူ အရင်တစ်ခေါက်တုန်းက မရသလောက်ဖြစ်ခဲ့တဲ့ မျက်နှာဟန်ပန် သရုပ်ဆောင်ကွက်တွေကိုလည်း လုပ်ပြဖို့ အခွင့်သာမှာဖြစ်ပါတယ်။

ဒါရိုက်တာ ဟွမ်းဒွန်ယက်ကတော့ ရှိုးကနေရတဲ့ပိုက်ဆံ အနည်းငယ်သာ နက်ဖလစ်ဆီကနေ ရခဲ့တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒါရိုက်တာ ဟွမ်းဒွန်ယက်ကတော့ ရှိုးကနေရတဲ့ပိုက်ဆံ အနည်းငယ်သာ နက်ဖလစ်ဆီကနေ ရခဲ့တယ်လို့ ပြောပါတယ်။

ဟွမ်းဟာ Squid Game ရုပ်လုံးပေါ် လာအောင် ၁၀ နှစ်ကြာအောင် ကြိုးပမ်းခဲ့ရပြီး နက်ဖလစ်ဆီကနေ ငွေ မဝင်လာခင်မှာ မိသားစုကို ထောက်ပံ့ဖို့ ငွေအတော်များများချေးငှားသုံးစွဲခဲ့ရပါတယ်။

နက်ဖလစ်က သူ့ကို ကြိုတင်ငွေ ပေးခဲ့တာကြောင့် နက်ဖလစ်ပေါ်မှာ လူကြည့်လို့ ဇာတ်လမ်းတွဲကနေ ပေါင်ငွေ သန်း ၆၅၀ နီးပါးလောက် ငွေဝင်တဲ့အခါ အဲဒီကနေ သူ ပိုက်ဆံရဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

ဒီအခြေအနေကပဲ တောင်ကိုရီးယားမှာရှိတဲ့ ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲ ဖန်တီးသူတွေအနေနဲ့ နိုင်ငံတတာ အင်တာနက်အွန်လိုင်းကနေ ရုပ်သံတွေကို တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ပလက်ဖောင်းတွေကြားက အချစ် -အမုန်း ဇာတ်လမ်းကို ထင်ဟပ်နေပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ နက်ဖလစ်ဟာ ဒေါ်လာ ဘီလျံချီ ရင်းနှီးမြှုပ်နှံပြီး ကိုရီးယားစျေးကွက်ထဲကို ချင်းနင်း ဝင်ရောက်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာမှာ ကိုရီးယားကို အသိအမှတ်ပြုမှုဟာ အချစ် တွေ ချည်းနဲ့ပဲ ပြည့်နေခဲ့ပေမဲ့ ရုပ်ရှင်နဲ့ ရုပ်သံ ဖန်တီးသူတွေအတွက်တော့ ခံစားချက်က ဖီလာဆန့်ကျင် ဖြစ်စေခဲ့ပါတယ်။

ဖန်တီးသူတွေကတော့ နက်ဖလစ်ဟာ သူတို့နဲ့ စာချုပ်ချုပ်ဆိုတဲ့အခါမှာ သူတို့ရဲ့ မူပိုင်ခွင့်ကို စွန့်လွှတ်ဖို့ တိုက်တွန်းပြီး အဲဒီစာချုပ်နဲ့ပဲ အမြတ်ငွေတွေ ရနေတယ်လို့ စွပ်စွဲပြောဆိုပါတယ်။

ဒါပေမဲ့ ဒါက ကမ္ဘာတဝန်းမှာဖြစ်နေတဲ့ ပြဿနာပါ။

အရင်တုန်းကတော့ ဖန်တီးသူတွေဟာ ရုံတင်ဝင်ငွေကနေ ဒါမှမဟုတ် ရုပ်သံမှာ ပြန်ပြသလို့ရတဲ့ အချိုးကျရတဲ့ငွေကိုပဲ အားထားနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ အင်တာနက်အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်ဇာတ်ကား ကုမ္ပဏီကြီးတွေက ဒီပုံစံကို မကျင့်သုံးတော့ပါဘူး။

ဒီပြဿနာက တောင်ကိုရီးယားမှာလည်းဖြစ်နေတယ်လို့ ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းဖန်တီးသူတွေက ပြောပြီး ဒါဟာ ခေတ်မမီတော့တဲ့ မူပိုင်ခွင့်ဥပဒေကြောင့်လို့ ထောက်ပြကြပါတယ်။

ဒီနွေမှာတင် သရုပ်ဆောင်တွေ၊ ဇာတ်ညွှန်းသမားတွေ၊ ဒါရိုက်တာတွေနဲ့ ထုတ်လုပ်သူတွေဟာ ဒီစနစ်ကို အတူတူတိုက်ဖျက်ကြဖို့ တသားတည်းရပ်ခဲ့ကြပါတယ်။

“ကိုရီးယားမှာ ရုပ်ရှင် ဒါရိုက်တာဖြစ်ရတာ အလုပ်ခေါင်းစဥ်သက်သက်ပဲ။ အဲဒါနဲ့ ရပ်တည်လို့ မရဘူး” လို့ ကိုရီးယားရုပ်ရှင်ဒါရိုက်တာများအဖွဲ့ ဒုတိယဥက္ကဋ္ဌ အိုကီဟွမ်က ဆိုးလ်မြို့မှာပြုလုပ်တဲ့ ပွဲတစ်ခုမှာ ထုတ်ပြောထားဖူးပါတယ်။

သူ့အပြောအရဆိုရင် သူ့ရဲ့ ဒါရိုက်တာ သူငယ်ချင်းတွေဟာ အငှားယာဥ်မောင်းအဖြစ်အလုပ်လုပ်ကြတာနဲ့ ဂိုထောင်တွေမှာ အချိန်ပိုင်း ဝင်လုပ်ရတာတောင်ရှိတယ်လို့ သူက ပြောပါတယ်။

အဲဒီပွဲမှာရှိတဲ့ စာရေးဆရာမ ပါ့ခ်ဟဲယန်းကလည်း နက်ဖလစ်က သူ့ရဲ့ရုပ်သံရှိုး 'My Liberation Notes' ကို ဝယ်လိုက်တဲ့အခါမှာ ကမ္ဘာမှာ နာမည်ကြီးတဲ့ရှိုးတစ်ခု ဖြစ်သွားတယ်လို့ ပြောပါတယ်။

“ကျွန်မ တစ်သက်လုံး စာရေးလာတာပါ။ ကမ္ဘာတဝန်းက တခြားဖန်တီးသူတွေနဲ့ ယှဥ်ပြီး အခုလို အသိအမှတ်ပြုခံလာရတော့ တကယ့်ကို ပျော်စရာ အတွေ့အကြုံပါပဲ” လို့ သူက ကျွန်မကို ပြောပါတယ်။

ဒါပေမဲ့ လက်ရှိ နက်ဖလစ်နဲ့ ချုပ်တဲ့စာချုပ်ပုံစံကြောင့် သူ့အတွက် နောက်ထပ် ဇာတ်လမ်းတွဲကို “စိတ်နှစ် ကိုယ်နှစ်” ဖန်တီးဖို့ သိပ်ပြီး စိတ်အားထက်သန်မှုဖြစ်မလာစေဘူးလို့ ဆိုပါတယ်။

“ပုံမှန်အားဖြင့် ကျွန်မအတွက် ဒရာမာ တစ်ပုဒ်ရေးဖို့ လေးနှစ် ဒါမှမဟုတ် ၅ နှစ် ကြာမှာဖြစ်ပါတယ်။ အဲဒီဇာတ်လမ်း အောင်မြင်တယ်ဆိုရင် ကျွန်မ ဘဝ တစ်လျှောက်လုံးအတွက် ရပ်တည်လို့ ရသွားမယ်ပေါ့။ ရသင့် ရထိုက်တာလည်း ရမယ်ပေါ့။ ဒါမှမရှိဘူးဆိုရင် ဘာလို့ ဒီလောက် အားထည့်တော့မလဲ”

ထုတ်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ အမြတ်တွေကို မျှဝေပေးဖို့ ဥပဒေကြောင်းအရ လိုက်နာရစေမယ့် မူပိုင်ခွင့်ဥပဒေကို ပြောင်းလဲဖို့ သူမရော၊ တခြားဖန်တီးသူတွေကရော တောင်ကိုရီးယားအစိုးရကို တိုက်တွန်းနေပါတယ်။

နစ်နာကြေး စနစ် ပြောင်းလဲဖို့လိုတာကို အသိအမှတ်ပြုပေမဲ့ ဒီပြဿနာကို ပြောင်းလဲရေးဟာ ရုပ်ရှင်နဲ့ ရုပ်သံလောကမှာပဲ မီတည်နေတယ်လို့ တောင်ကိုရီးယားအစိုးရက ဘီဘီစီကို ကြေညာချက်နဲ့ အကြောင်းပြန် မှတ်ချက်ပေးပါတယ်။ နက်ဖလစ်ဘက်ကတော့ မှတ်ချက်တစုံတရာပေးဖို့ ငြင်းဆိုပါတယ်။

Squid Game ဒါရိုက်တာ ဟွမ်ကတော့ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူ့အလေ့ကြောင့် ဉာဏ်ပူဇော် ခအပိုင်းမှာ အပြောင်းအလဲ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

မျှတတဲ့ဉာဏ်ပူဇော်ခဖြစ်လာရေး ပြောကြဆိုကြဖြစ်လာအောင် သူက စပြောလိုက်ပြီလို့ မှတ်ယူနိုင်ပါတယ်။ ပြီးတော့ ဒီ ဒုတိယမြောက် ရုပ်သံ ဇာတ်လမ်းတွဲဟာလည်း နိုင်ငံတကာရုပ်သံဇာတ်လမ်းလောကမှာ ထင်ပေါ်ဦးမှာ သေချာပါတယ်။

ဒါပေမဲ့ ရုပ်ရှင်ရိုက်ကူးတဲ့အကြောင်း ပြန်ပြောင်း အဆုံးသတ်ပြောရာမှာတော့ သူ့သွား ပြန်ကိုက်လာတဲ့ အကြောင်း သူက ကျွန်မကို ပြောပြပါတယ်။

“ကျွန်တော် သွားဆရာဝန်နဲ့ မပြရသေးဘူး။ ဒါပေမဲ့ မကြာခင်မှာ နောက်ထပ် သွားတချို့ကို နုတ်ပစ်ရမယ်နဲ့တူတယ်”

Squid Game ဒုတိယမြောက် ဇာတ်လမ်းတွဲကို နက်ဖလစ်ကနေ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှာ ပြသမှာဖြစ်ပါတယ်။