BTS က သူတို့ပရိသတ်တွေကို ဘာကြောင့် စစ်စခန်း မလာခိုင်းသလဲ

စစ်မှုမထမ်းခင် နောက်ဆုံးပြုလုပ်ထားတဲ့ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ချက်မှာ မြင်ရတဲ့ BTS အဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, screengrab

ဓာတ်ပုံ ပုံစာ, စစ်မှုမထမ်းခင် နောက်ဆုံးပြုလုပ်ထားတဲ့ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ချက်မှာ မြင်ရတဲ့ BTS အဖွဲ့ဝင်တွေ

စစ်မှုထမ်းရတော့မယ့် တောင်ကိုရီးယားအမျိုးသား အဆိုရှင်အဖွဲ့ BTS အဖွဲ့ဝင် လေးဦးက ပရိသတ်တွေအနေနဲ့ သူတို့ စစ်သင်တန်းတက်နေတုန်းမှာ တာဝန်ထမ်းဆောင်နေတဲ့စခန်းတွေဆီ မလာကြဖို့ သူတို့ ပရိသတ်တွေကို တိုက်တွန်းလိုက်ပါတယ်။

BTS အဖွဲ့ဝင်တွေဖြစ်တဲ့ အာရ်အမ်၊ ဂျီမင်၊ ဗီ နဲ့ ဂျောင်ကွတ်တို့ဟာ မကြာခင်မှာ တောင်ကိုရီးယားစစ်တပ်ထဲ ဝင်ဖို့ရှိတယ်လို့ သူတို့ရဲ့ ထုတ်လုပ်ရေးက ကြေညာပြီး သတင်းတွေမှာတော့ အဲဒီတာဝန်ထမ်းဆောင်မှုဟာ လာမယ့်တစ်ပတ်မှာ စတင်မယ်လို့ ဖော်ပြနေကြပါတယ်။

အဲဒီနောက်မှာတော့ အဆိုတော်လေးဦးက ရုပ်သံတစ်ခုကို လူမှုကွန်ရက်‌ပေါ် တင်ခဲ့ပြီး အာရမ်ကတော့ သူတို့အတွက်နဲ့ စစ်မှုထမ်းဖို့ စာရင်းပေးထားတဲ့ တခြားစစ်သားတွေနဲ့ အဲဒီစစ်သားတွေရဲ့ မိသားစုဝင်တွေ ‘‘အနှောင့်အယှက်’’ဖြစ်စေမှာကို စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။

BTS အဖွဲ့ဝင် နောက်ထပ် သုံးဦးကတော့ လက်ရှိမှာ စစ်မှုထမ်းနေပြီး သူတို့ထဲ အကြီးဆုံးဖြစ်တဲ့ ဂျင်ကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ပထမဆုံးစတင်စစ်မှုထမ်းနေခဲ့တာဖြစ်ပါတယ်။

သူတို့ စစ်မှုထမ်းမှုဟာ ပရိသတ်တွေကို အာရုံစိုက်မှုရရှိစေခဲ့ပြီး အဲဒီပရိသတ်တွေက စစ်အခြေစိုက်စခန်းအရှေ့အထိအရောက်လာပြီး နှုတ်ဆက်တာမျိုးအထိရှိခဲ့တာပါ။

တောင်ကိုရီးယားဟာ လက်ရှိမှာ မြောက်ကိုရီးယားနဲ့ စစ်ပြေငြိမ်းရေးစာချုပ် မရှိသေးတာကြောင့် သဘောသဘာဝအရ မြောက်ကိုရီးယားနဲ့ စစ်ဖြစ်နေတုန်းလို့ ဆိုလိုရာလည်းရောက်ပါတယ်။

ဒါကြောင့် ခြေလက်သန်စွမ်းတဲ့အမျိုးသားတွေအားလုံးဟာ အသက် ၂၈ နှစ်ပြည့်တာနဲ့ ၁၈ လကြာ စစ်မှုထမ်းရပါတယ်။

BTS အဖွဲ့ဝင်တွေက ထုတ်ပြန်လာတဲ့ရုပ်သံမှာတော့ အာရမ်ဟာ တခြားအဖွဲ့တင်တွေနဲ့အတူ ဆိုဖာတစ်လုံးပေါ် ထိုင်နေရင်း ‘’အဲဒီနေ့မှာ ကျွန်တော်တို့ကို လာမတွေ့ဘူးဆိုရင် ကျွန်တော် ကျေးဇူးတင်မိမှာပါ’’လို့ ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အစောပိုင်းတုန်းကတော့ BTS ရဲ့ ထုတ်လုပ်ရေးကုမ္ပဏီ Big Hit Music က BTS အဖွဲ့ဝင် လေးဦးဟာ စစ်မှုထမ်းရေး စာရင်းပေးဖို့ရှိတယ်လို့ပြောပေမဲ့ ရက်အတိအကျကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။

ဒေသတွင်း သတင်းတွေမှာတော့ အားလုံးဟာ လာမယ့်သီတင်းပတ်မှာ စစ်မှုထမ်းမယ်နိုင်ခြေရှိတယ်လို့ ပြောပါတယ်။

အဖွဲ့ဝင်တွေဟာ သီးခြားအထူးအခမ်းအနားနဲ့ စစ်မှုထမ်းစာရင်းပေးတာမျိုး ရှိမှာမဟုတ်လို့ ပရိသတ်တွေအနေနဲ့ စစ်အခြေစိုက်စခန်းတွေကို လာရောက်တာမျိုးရှောင်ရှားကြဖို့ကိုလည်း တိုက်တွန်းပါတယ်။

‘‘အာရ်အမ်၊ဂျီမင်၊ ဗီနဲ့ ဂျောင်ကွတ် တို့ကို နှလုံးသားထဲကနေသာ နွေးနွေးထွေးထွေး အားပေး နှုတ်ဆက်ဖို့ ကိုလည်း တိုက်တွန်းလိုပါတယ်’’ လို့ ထုတ်လုပ်ရေးက ပရိသတ်တွေကို တိုက်တွန်းပါတယ်။

တေးသီချင်းခွေအသစ် နောက်ဆုံးဖြန့်ချိထားပြီး မကြာခင်မှာပဲ BTS အဖွဲ့က ဂီတလောကကနေ အနားယူပြီး စစ်မှုထမ်းမယ်လို့ အခုလို ရုတ်တရက် ကြေညာခဲ့တာကြောင့် သန်းနဲ့ချီတဲ့သူတို့ရဲ့ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။

အမျိုးသားတေးသံရှင်အဖွဲ့ကတော့ သူတို့အဖွဲ့ကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ပြန်လည် ဖွဲ့စည်းမယ်လို့ ပြောပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုမှာတော့ အာရ်အမ်၊ ဂျီမင်၊ ဗီနဲ့ ဂျောင်ကွတ်ကတော့ အဖွဲ့အဖြစ်ကနေ ခဏရပ်ဆိုင်း လိုက်တာဟာ စစ်မှုမထမ်းခင်မှာ ကြိုတင်ပြင်ဆင်ဖို့တဲ့ တစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ ပုဂ္ဂလိက ဘ၀ တွေအပေါ် ပိုပြီး အာရုံစိုက်ချင်တာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

‘‘အချိန်နည်းနည်းတော့ကြာပါလိမ့်မယ်။ ဒါပေမဲ့ ဒါက ကိစ္စကြီးကြီးမားမားမဟုတ်ပါဘူး။ ကျွန်တော်တို့ အနုပညာအလုပ်တွေကို တက်တက်ကြွကြွလုပ်ဆောင်ခဲ့ကြတာ ၁၀ နှစ်တောင်ရှိခဲ့တာလေ။ တစ်နှစ်ခွဲ ဆိုတာ ခဏလေးနဲ့ ကုန်သွားမှာပါ’’ လို့ အာရမ် က ပြောပါတယ်။

ပီဇာ၊ ပေါင်မုန့်၊ ဆိုဒါတွေနဲ့ ပြည့်နေတဲ့စားပွဲဝိုင်းတွေအနီးမှာ လေးယောက်သား ထိုင်နေရင်း ရယ်ရယ်မောမာ ပေါ့ပေါ့ပါးပါးနဲ့ စကားပြောဆိုနေကြတဲ့ BTS အဖွဲ့ဝင်တွေထဲက ဂျောင်ကွတ်က ‘‘ကျွန်တော်တို့ တောင်းဆိုလိုတာတစ်ခုရှိပါတယ်။ အဲဒါကတော့ တခြားသူတွေလည်း စစ်မှုထမ်းဖို့ လာကြမှာဖြစ်လို့ ဖြစ်နိုင်မယ်ဆိုရင် ပရိတ်သတ်တွေကို မလာစေချင်ပါဘူး’’ လို့ဆိုပြီး တိုက်ရိုက်ထုတ်လွှင့်နေတုန်း ၂၄ မိနစ်ခန့်မှာ ပြောပါတယ်။

အာရမ်ကလည်း ဆက်ပြီး ‘‘တခြားစစ်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေလည်း အဲဒီမှာရှိနေကြမှာပါ။ ကျွန်တော်တို့ဟာ ကသိကအောက် ဖြစ်စရာ ဖြစ်သွားနိုင်ပါတယ်’’ လို့ ပြောပါတယ်။

ကမ္ဘာတဝန်း နာမည်ကျော်ကြားမှုမှာ ဘီတဲလ်စ်အဖွဲ့နဲ့အတူ နှိုင်းယှဥ်ဖော်ပြခံရပြီး ယဥ်ကျေးမှု ပေါင်းကူး ကူးလူဆက်ဆံမှုဖြစ်စေကာ နိုင်ငံကို ဒေါ်လာသန်းထောင်ချီဝင်ငွေရရှိစေခဲ့တဲ့ BTS အဖွဲ့ဝင်တွေကို တောင်ကိုရီးယားအစိုးရဟာ စစ်မှုထမ်းခွင့်ကနေ ကင်းလွတ်ခွင့်ပေးလိမ့်မယ်ဆိုတဲ့ ယူဆပြောဆိုသံတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယားဟာ အိုလံပစ်ဆုတံဆိပ်ရ အားကစားသမားတွေနဲ့ ဂန္ထဝင်ဂီတ ပညာရှင်တွေလို လူအချို့ကို စစ်မှုမထမ်းမနေရကနေ ကင်းလွတ်ခွင့်ပေးခဲ့ဖူးပေမဲ့ ကေပေါ့ဂီတနဲ့ နာမည်ကျော်သူတွေတော့ ကင်းလွတ်ခွင့်မပေးထားဖူးသေးပါဘူး။