စာပေနိုဘယ်လ်ဆုရတဲ့ တောင်ကိုရီးယားစာရေးဆရာမ ဟန်ကန်း

နာမည်ကြီး ၀တ္ထု The Vegetarian သက်သတ်လွတ်စားသူ စာအုပ် ရေးသူ ဟန်ကန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နာမည်ကြီး ၀တ္ထု The Vegetarian သက်သတ်လွတ်စားသူ စာအုပ် ရေးသူ ဟန်ကန်း
    • ရေးသားသူ, Annabel Rackham အန်နာဘဲလ် ရက်ဟမ်း
    • ရာထူးတာဝန်, ဘီဘီစီ ယဥ်ကျေးမှုဆိုင်ရာသတင်းထောက်
  • ဖတ်ရန်အချိန်: မိနစ် ၂

တောင်ကိုရီးယားစာရေးဆရာမ ဟန်ကန်းဟာ ၂၀၂၄ အတွက် စာပေနိုဘယ်လ်ဆုကို အာရှတိုက်ကနေ ထူးထူးခြားခြားရရှိသွားပါတယ်။

အသက် ၅၃ နှစ်အရွယ် ဟန်ကန်းဟာ သူ့ရဲ့ The Vegetarian (သက်သတ်လွတ်စားသူ) ဆိုတဲ့ ၀တ္ထုစာအုပ်နဲ့ ၂၀၀၇ ခုနှစ်တုန်းက အထင်ကရနိုင်ငံတကာစာပေဆုတစ်ဆု ဖြစ်တဲ့ Man Booker International Prize ရရှိထားသူလည်း ဖြစ်ပါတယ်။

၁၉၀၁ ခုနှစ်က စပြီး နိုဘယ်ဆုကော်မတီက စာပေဆုချီးမြှင့်ခဲ့တာဖြစ်ပြီး ဟန်ကန်းက အဲဒီဆုကို ရရှိတဲ့ ၁၈ ယောက်မြောက် အမျိုးသမီးစာရေးဆရာမဖြစ်လာပါတယ်။

သူ့ရဲ့ စာပေတွေဟာ သမိုင်းတစ်လျှောက်ဖြစ်ခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ထိပ်တိုက်ရင်ဆိုင်ထားပြီး လူသားဘဝရဲ့ ထိလွယ်ရှလွယ်ဖြစ်မှုကို လှစ်ဟဖော်ထုတ်ထားတဲ့ အထူးကဗျာဆန်ဆန် ရေးဖွဲ့မှု ဆိုပြီး နိုဘယ်လ်ကော်မတီက ချီးမွမ်းထားပါတယ်။

စာပေနိုဘယ်လ်ဆု

စာပေနိုဘယ်လ်ဆုကို ၂၀၂၄ ခုနှစ်အထိ စုစုပေါင်း ၁၂၁ ဦး ပေးအပ်ခဲ့ပြီး အခု ဟန်ကန်းဆုရတာကတော့ အာရှတိုက်က စာရေးဆရာတွေထဲမှာတော့ ပထမဆုံး အမျိုးသမီးဖြစ်ပါတယ်။

၁၉၁၃ တုန်းက ရတဲ့ ဘင်္ဂါလီစာရေးဆရာကြီး ရာဘင်ဒြာနတ်တဂိုးက အာရှကနေ ပထမဆုံးရဖူးတဲ့ စာပေနိုဘယ်လ်ဆုရှင် ဖြစ်ပါတယ်။

တခြားဆုရဖူးသူတွေထဲမှာ ၂၀၂၃ ကဆိုရင် နော်ဝေက ယွန် ဖော်ဆာအပြင် အဆိုတော်နဲ့သီချင်းရေးဆရာ ဘော့ဘ်ဒီလန်၊ ဂျပန်နဲ့ဗြိတိန်က ကာဇူအို အီရှီဂူရို၊ ကိုလံဘီယာက ဂက်ဘရီယယ် ဂါစီယာ မားကက်ဇ်၊ တရုတ်က မိုယန်း တို့ပါဝင်ပါတယ်။

စာရေးဆရာမဟန်ကန်းဆုရတဲ့ The Vegetarian (သက်သတ်လွတ်စားသူ) ဆိုတဲ့ ၀တ္ထု

ဓာတ်ပုံ ရင်းမြစ်, The Vegetarian

ဓာတ်ပုံ ပုံစာ, စာရေးဆရာမဟန်ကန်းဆုရတဲ့ The Vegetarian (သက်သတ်လွတ်စားသူ) ဆိုတဲ့ ၀တ္ထု

ဟန်ကန်းဟာ သူ့ဘဝကို ဂီတနဲ့ အနုပညာအပေါ် မြှုပ်နှံထားသူဖြစ်တယ်လို့ နိုဘယ်လ်ဆုပေးရေးဘုတ်အဖွဲ့က ဖော်ပြပါတယ်။​

သူ့ရဲ့စာပေတွေထဲမှာ အနုပညာအမျိုးအစားတွေကို ကျယ်ကျယ်ပြန့်ပြန့် စူးစမ်းရှာဖွေထားပြီး နယ်စည်းတွေ ဖြတ်ကျော်ထားတယ်လို့ ဖော်ပြပါတယ်။ အဲဒီအမျိုးအစားတွေထဲမှာ အကြမ်းဖက်မှု၊ ပူဆွေးမှု နဲ့ ယောက်ျားကြီစိုးမှု အကြောင်းအရာတွေ ပါဝင်ပါတယ်။

သက်သတ်လွတ်စားသူ စာအုပ်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သူ့ရဲ့စာရေးဆရာဘဝမှာ ကြီးကြီးမားမားအပြောင်းအလဲဖြစ်ခဲ့တာကတော့ The Vegetarian - သက်သတ်လွတ်စားသူ စာအုပ်နဲ့ ၂၀၁၆ ခုနှစ်က Man Booker ဆု ရခဲ့ပြီး အဲဒီကနေ နိုင်ငံတကာစာပေလောကမှာ သူ့စာပေတွေကို စသတိထားမိကြတာ ဖြစ်ပါတယ်။​

အဲဒီစာအုပ်က ၂၀၀၇ ကတည်းက သူရေးခဲ့တာဖြစ်ပြီး ပထမဆုံးဘာသာပြန်ကိုတော့ ၂၀၁၅ မှာ ဒက်ဘိုရာ စမစ်သ်က အင်္ဂလိပ်ဘာသာကို ပြန်ဆိုခဲ့ပါတယ်။ အခုအခါမှာတော့ ဘာသာပေါင်း ၃၀ ကျော် ပြန်ဆိုထားပြီးဖြစ်ပါတယ်။ မြန်မာစာရေးဆရာတစ်ဦးက ဘာသာပြန်ဆိုထားတာလည်း ရှိပါတယ်။

ဒီစာအုပ်ကို သူက ၃ နှစ်ကြာ ရေးသားခဲ့တာလို့ ဟန်ကန်းက ပြောပါတယ်။

ဒီစာအုပ်ဟာ အစားအသောက်နဲ့ပတ်သက်တဲ့ ထုံတမ်းစဥ်လာတွေကို ငြင်းပယ်လို့ မိသားစုပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအတွင်း ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခံရတဲ့ အမျိုးသမီးတစ်ဦးအကြောင်းဖြစ်ပါတယ်။

ဒီစာအုပ်က ဟန်ကန်းရဲ့ နာမည်အကြီးဆုံးစာအုပ်ဖြစ်ပေမဲ့ တခြားစာအုပ်တွေထဲမှာ The White Book, Human Acts နဲ့ Greek Lessons တွေကလည်း နာမည်ကြီးပါတယ်။

နိုဘယ်လ်ကော်မတီ ဥက္ကဋ္ဌ အန်ဒါစ် အိုလ်ဆင်က ဟန်ကန်းဟာ ရုပ်နဲ့ နာမ်နဲ့ကြားက ဆက်နွှယ်မှု၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြား ဆက်နွှယ်မှုကို ထူးထူးခြားခြား မြင်တတ်သူ ဖြစ်တယ်လို့ ပြောပါတယ်။

အခုဆုဟာ ဟန်ကန်းရဲ့ စာအုပ်တစ်အုပ်အုပ်အတွက် ပေးအပ်တာမျိုးမဟုတ်ဘဲ သူ့ရဲ့စာပေတွေအပေါ် စုပေါင်းပေးတာမျိုး ဖြစ်ပါတယ်။

ဟန်ကန်းရဲ့ဘ၀

ဟန်ကန်းဟာ တောင်ကိုရီးယားက ဂွမ်ဂျူးမြို့မှာ ၁၉၇၀ ခုနှစ်က မွေးဖွားခဲ့ပြီး သူ့ဖခင်က ၀တ္ထုရေးဆရာ ဟန်ဆွန်ဝမ် ဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ဆိုးလ်မြို့တော်ကို ပြောင်းနေခဲ့ပြီး တက္ကသိုလ်မှာ ကိုရီးယားစာပေကို လေ့လာခဲ့ပါတယ်။

ပထမဆုံးထုတ်ဝေခံရတဲ့ သူ့လက်ရာကတော့ ၁၉၉၃ မှာ ထုတ်ဝေတဲ့ ကဗျာ ၅ ပုဒ်ဖြစ်ပါတယ်။ ဝတ္ထုတိုတစ်ပုဒ်ကိုတော့ နောက်တစ်နှစ်မှာ ထုတ်ဝေခဲ့ပါတယ်။

သူဟာ ဆိုးလ်အနုပညာအင်စတီကျုမှာ တီထွင်ဖန်တီးရေးသားမှု ဘာသာရပ်ကို သင်ကြားပို့ချနေသူဖြစ်ပြီး ၀တ္ထု၊ ၀တ္ထုတို၊ အက်ဆေး၊ ကဗျာ စတဲ့ စာပေအမျိုးအစားတွေ ရေးသားသူ ဖြစ်ပါတယ်။

ဆုရဖို့ မျှော်လင့်မထားသူ

ဒီဆုရမယ်လို့ ဟန်ကန်းက မျှော်လင့်မထားဘူးလို့ ဆွီဒင်အကယ်ဒမီရဲ့ အမြဲတမ်းအတွင်းရေးမှူး မတ်စ် မန်မ်က ပြောပါတယ်။

နိုဘယ်လ်ကော်မတီက သူဆုရကြောင်း ဖုန်းဆက်ပြောပြတဲ့အခါ သူအံ့သြနေကြောင်း ဟန်ကန်းက ပြောခဲ့ပါတယ်။

သူဟာ သူ့သားနဲ့ ညစာစားပြီးချိန် ဒီသတင်းကို လူတစ်ယောက်က သူ့ကို ပြောပြခဲ့ကြောင်း၊ သူအံ့သြနေကြောင်း ပြောပါတယ်။ ဒီဆုရတဲ့အပေါ် သူဘယ်လို အောင်ပွဲခံမလဲလို့ နိုဘယ်လ်ကော်မတီက မေးတော့ သူဟာ အရက်သောက်တတ်သူမဟုတ်လို့ သားနဲ့အတူ လက်ဘက်ရည်သောက်ဖြစ်မယ်လို့ ပြောပါတယ်။

စာပေနိုဘယ်လ်ဆုငွေအဖြစ် ဟန်ကန်းဟာ ခရိုနာ ၁၁ သန်း (ဒေါ်လာ ၁ သန်းခန့်) ရရှိမှာ ဖြစ်ပါတယ်။ ဒီနှစ် နိုဘယ်လ်ဆုရသူတိုင်း ရရှိတဲ့ ပမာဏ ဖြစ်ပါတယ်။