နိုဘယ်လ် ငြိမ်းချမ်းရေးဆု - အငြင်းပွားစရာ အကောင်းဆုံး ဆုရှင် ၆ ဦးလား

နိုဘယ်ငြိမ်းချမ်းရေးဆုကို ၁၉၀၁ ခုနှစ်ကတည်းက စချီးမြှင့်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုဘယ်ငြိမ်းချမ်းရေးဆုကို ၁၉၀၁ ခုနှစ်ကတည်းက စချီးမြှင့်ခဲ့

သောကြာနေ့ ဂရင်းနစ်စံတော်ချိန် မနက် ၁၀ နာရီမှာ ၂၀၂၁ ခုနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒီတခါရော ဟိုအရင် အကြိမ်တွေကလို အငြင်းပွားစရာတွေ ရှိလာနိုင်မလား။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုဟာ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာ အကြီးဆုံး ဆုကြီးတွေထဲက တခုဖြစ်ပါတယ်။ ဆွီဒင်လူမျိုး သိပ္ပံပညာရှင်၊ စီးပွားရေးသမားနဲ့ ပရဟိတသမား အဲလ်ဖရက်ဒ် နိုဘယ်လ် ဖန်တီး ချီးမြှင့်ခဲ့တဲ့ ဆုပေါင်း ၆ ခုထဲက တခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီငြိမ်းချမ်းရေးဆုဟာ နိုင်ငံရေးဆန်တာကြောင့် ကျန် နိုဘယ်လ်ဆု ၅ ခုထက်စာရင် မကြာခဏဆိုသလို အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီအထဲကမှ အငြင်းပွားစရာ အကောင်းဆုံး ဆုရှင်တချို့နဲ့ ချန်လှပ်ထားမှု ၁ ခုကို ဖော်ပြပေးလိုက်ပါတယ်။

ဘာရက် အိုဘားမား

၂၀၀၉ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရစဥ်က အိုဘာမား ရာထူးရယူတာ ကိုးလသာရှိသေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၉ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရစဥ်က အိုဘားမား ရာထူးရယူတာ ကိုးလသာရှိသေး

အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က နိုဘယ်လ်ငြိမ်းချမ်းရေး ဆုကို ချီးမြှင့်ခဲ့တော့ လူတော်တော်များများ အံ့သြ ဇဝေဇဝါ ဖြစ်ခဲ့ကြရပါတယ်။ အဲဒီထဲမှာ မစ္စတာ အိုဘားမား ကိုယ်တိုင်တောင် ပါနေပါတယ်။

သူ့ရဲ့ ၂၀၂၀ ကထုတ်ခဲ့တဲ့ ကိုယ်တွေ့ မှတ်တမ်း စာအုပ်ထဲမှာ ဒီလို ဆုချီးမြှင့်ကြောင်း ကြေညာချက် ထွက်လာတော့ သူကိုယ်တိုင်တောင် ဘာအတွက် ပေးတာလဲဆို ဖြစ်သွားခဲ့တယ်လို့ ရေးထားပါတယ်။

အဲဒီတုန်းက သူ သမ္မတ တာဝန် စတင်ထမ်းဆောင်ပြီး ၉ လပဲ ရှိသေးသလို သူ့ကို ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာကိုလည်း အလောတကြီး ဆန်လွန်းတယ်ဆို ဝေဖန်ခဲ့ကြပါတယ်။ တကယ်တော့ နိုဘယ်လ်ဆုအတွက် ရွေးချယ်မယ့် ပဏာမ လူစာရင်း နောက်ဆုံးထား တင်သွင်းရဲ့ အချိန်ဟာ မစ္စတာ အိုဘားမား ကျမ်းသစ္စာ ကျိန်ဆိုအပြီး ၁၂ ရက် အကြာမှာ ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ က Nobel Institute ရဲ့ ညွှန်ကြားရေးမှူးဟောင်း Geir Lundestad က ဆုချီးမြှင့်ရေး ကော်မတီဟာ အဲဒီ ဆုံးဖြတ်ချက်အတွက် နောက်ပိုင်းမှာ နောင်တ ရခဲ့ကြောင်း ဘီဘီစီကို ပြောခဲ့ပါတယ်။

သမ္မတ အိုဘားမားရဲ့ သမ္မတ သက်တမ်း ၂ ကြိမ် အတွင်းမှာ အမေရိကန် တပ်ဖွဲ့တွေဟာ အာဖဂန် နစ္စတန်၊ အီရတ်နဲ့ ဆီးရီးယားတို့မှာ တိုက်ပွဲတွေ ဆင်နွှဲနေခဲ့ကြတာ ဖြစ်ပါတယ်။

ယာဆာ အာရာဖတ်

ယာဆာအာရာဖတ်(ဘယ်) ကို ၁၉၉၄ ခုနှစ်မှာ ဆုပူးတွဲ ချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့စဥ်က ဆုရွေးချယ်ရေးကော်မတီအတွင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယာဆာအာရာဖတ်(ဘယ်) ကို ၁၉၉၄ ခုနှစ်မှာ ဆုပူးတွဲ ချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့စဥ်က ဆုရွေးချယ်ရေးကော်မတီအတွင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့

ကွယ်လွန်သွားပြီ ဖြစ်တဲ့ ပါလက်စတိုင်း ခေါင်းဆောင်ဟောင်း ယာဆာ အာရာဖတ်ကို ၁၉၉၄ ခုနှစ်က အစ္စရေး ဝန်ကြီးချုပ် ယစ်ဇက် ရာဘင်၊ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး ရှီမွန် ပဲရက်စ်တို့နဲ့အတူ ပူးတွဲ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေကို အစ္စရေးနဲ့ ပါလက်စတိုင်း အကြား က တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး အဖြေရှာဖို့ ၁၉၉၀ အော်စလို ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရရှိဖို့ သူတို့ရဲ့ ကြိုးပမ်းမှုတွေ အတွက် ချီးမြှင်ခဲ့ကြတာ ဖြစ်ပါတယ်။

တချိန်က လက်နက်ကိုင် တိုက်ခိုက်မှုတွေကို လုပ်ခဲ့သူ ယာဆာ အာရာဖတ်လို လူမျိုးကို ဆု ချီးမြှင်ခဲ့တာနဲ့ ပတ်သက်လို့ အစ္စရေးထဲမှာသာမက ကမ္ဘာ့တခြားနေရာတွေမှာပါ ဝေဖန်သံတွေ ထွက်ခဲ့ပါတယ်။

တကယ်တော့ အာရာဖတ်ရဲ့ အမည် တင်သွင်းခံရတာနဲ့ တင်ပဲ နိုဘယ်လ် ကော်မတီထဲမှာ အငြင်းပွားမှုတွေ ဖြစ်သွားခဲ့တာပါ။ အဲဒီတုန်းက ကော်မတီအဖွဲ့ဝင် နော်ဝေး နိုင်ငံရေးသမား Kare Kristiansen က ဒါကို ဆန့်ကျင်တဲ့ အနေနဲ့ ကော်မတီကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်

ရိုဟင်ဂျာအရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကြောင့် သူ့ရဲ့ ၁၉၉၁ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရိုဟင်ဂျာအရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကြောင့် သူ့ရဲ့ ၁၉၉၁ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့

ထင်ရှားတဲ့ မြန်မာနိုင်ငံရေး ခေါင်းဆောင် တယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ၁၉၉၁ ခုနှစ်မှာ စစ်အစိုးရကို အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဆန့်ကျင်မှုတွေအတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။

ဒါပေမယ့် ဒီဆု ချီးမြှင့်ခံရပြီး နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီးနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။ သူ့ကို မြန်မာနိုင်ငံထဲမှာ မွတ်စလင် ရိုဟင်ဂျာတွေအပေါ် အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကုလသမဂ္ဂကတောင် လူမျိုးတုန်း သတ်ဖြတ်မှုလို့ ပြောတဲ့အထိ ဖြစ်ခဲ့တဲ့ အများအပြား အသတ်ခံရမှုတွေ အပေါ် လူသိရှင်ကြား ဝေဖန်ပြောဆိုမှု မရှိဘူးဆိုပြီး အပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

တချို့ကဆို ဆုကို ပြန်လည် ရုပ်သိမ်းဖို့အထိတောင် တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် နိုဘယ်လ်ဆုရဲ့ စည်းမျဥ်းတွေအရ ဒီလို ရုပ်သိမ်းဖို့ ခွင့်မပြုထားပါဘူး။

အဘီ အာမက်

အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီအာမက် ၂၀၁၉ ခုနှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီအာမက် ၂၀၁၉ ခုနှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရခဲ့

၂၀၂၀ ဒီဇင်ဘာလ အတွင်းက အီသီယိုးပီးယား ဝန်ကြီးချုပ်ကို အိမ်နီးချင်း အေရီထရီးယားနဲ့ ကာလရှည် ဖြစ်နေတဲ့ နယ်စပ် အငြင်းပွားမှုတွေကို အဆုံးသတ်ဖို့ ကြိုးပမ်းမှုတွေကြောင့် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုကို ချီးမြှင့်ခဲ့ကြပါတယ်။

ဒါပေမယ့် ဆုချီးမြှင့်ပြီး တနှစ်အကြာမှာပဲ ဒီဆုံးဖြတ်ချက် မှန်ရဲ့လား ဆိုတာ မေးစရာဖြစ်လာခဲ့ပါတယ်။ နိုင်ငံမြောက်ပိုင်း တီဂရေး ဒေသထဲကို အဘီအာမက်က စစ်တပ်တွေ စေလွှတ်ခဲ့တဲ့ အပေါ်မှာ နိုင်ငံတကာက ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

အဲဒီမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း လူ ထောင်ပေါင်းများစွာ သေကြေခဲ့ရတာကြောင့် ကုလသမဂ္ဂကတောင် အင်မတန် ဝမ်းနည်း ကြေကွဲစရာကောင်းတယ်လို့ ပြောခဲ့ရပါတယ်။

ဝန်ဂါရီ မတ်သိုင်း

ဝန်ဂါရီ မတ်သိုင်း ဟာ HIV ရောဂါရဲ့ဇစ်မြစ်အပေါ်သူ့ရဲ့ အမြင်ကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝန်ဂါရီ မတ်သိုင်း ဟာ HIV ရောဂါရဲ့ဇစ်မြစ်အပေါ်သူ့ရဲ့ အမြင်ကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကင်ညာက တက်ကြွလှုပ်ရှားသူ ဝန်ဂါရီ မတ်သိုင်းဟာ အာဖရိက အမျိုးသမီးတွေထဲမှာ ပထမဆုံးအဖြစ် ၂၀၀၄ ခုနှစ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါပေမယ့် HIV နဲ့ Aids ရောဂါ နဲ့ ပတ်သက်လို့ သူ့ရဲ့ မှတ်ချက် စကားတွေကြောင့် ဆုချီးမြှင့်ခဲ့ခြင်းအပေါ် ဝေဖန် မှုတွေ ရှိခဲ့ပါတယ်။

ဝန်ဂါရီ မတ်သိုင်းက HIV ဗိုင်းရပ်စ် ပိုးဟာ လူမည်းတွေကို ဖျက်ဆီးပစ်ဖို့ တမင်ဖန်တီးထားတဲ့ ဇီဝလက်နက် တမျိုး သာ ဖြစ်တယ်လို့ ပြောခဲ့တာပါ။ ဒီသူ့ရဲ့ မှတ်ချက် စကားတွေကို သိပ္ပံပညာနဲ့ အတည်ပြုနိုင်တာမျိုး မရှိပါဘူး။

ဟင်နရီ ကစ်ဆင်ဂျာ

ဟင်နရီ ကစ်ဆင်ဂျာ (ညာ) နဲ့ လေးဒွတ်ထို တို့ ၁၉၇၃ မှာ ပူးတွဲချီးမြှင့်ခံရပေမဲ့ ဗီယက်နမ်နိုင်ငံရေးသမားက ဆုကို ငြင်းဆန်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟင်နရီ ကစ်ဆင်ဂျာ (ညာ) နဲ့ လေးဒွတ်ထို တို့ ၁၉၇၃ မှာ ပူးတွဲချီးမြှင့်ခံရပေမဲ့ ဗီယက်နမ်နိုင်ငံရေးသမားက ဆုကို ငြင်းဆန်ခဲ့

၁၉၇၃ ခုနှစ် အတွင်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့ကြပါတယ်။

ကမ္ဘောဒီးယားမှာ လျှို့ဝှက်စွာ ဗုံးကြဲ တိုက်ခိုက်မှုတွေ၊ တောင်အမေရိက တိုက်က သွေးဆာနေတဲ့ စစ်အစိုးရတွေကို ထောက်ပံ့မှုတွေ လုပ်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒပိုင်းနဲ့ ပတ်သက်လို့ အငြင်းပွားစရာ အကောင်းဆုံး အချိန်တွေမှာ ပါဝင်နေခဲ့သူ တယောက်ကို အခုလို ဆုချီးမြှင့်ခဲ့တဲ့အပေါ် အံ့သြမှုတွေ ဖြစ်ခဲ့ကြပါတယ်။

ကစ်ဆင်ဂျာကို မြောက်ဗီယက်နမ် ခေါင်းဆောင် လေးဒွတ်ထို နဲ့ အတူ ဗီယက်နမ် စစ်ပွဲ အပစ်ရပ်ရေး ဆွေးနွေးမှုတွေမှာ သူတို့ရဲ့ စွမ်းဆောင်မှုတွေ အတွက် ပူးတွဲ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ အနေနဲ့ ဆုချီးမြှင့်ရေး ကော်မတီ အဖွဲ့ဝင် ၂ ယောက် နုတ်ထွက်သွားခဲ့သလို New York Times သတင်းစာကြီးကလည်း ဒီဆုကို နိုဘယ်လ် စစ်ပွဲ ဆုလို့ ပြောင်းခေါ်ခဲ့ပါတယ်။

လက်ဗလာနဲ့ ဂန္ဒီ

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် စာရင်းမှာ ဂန္ဒီမပါတာဟာ အထင်ရှားအသိသာဆုံး ချန်လှပ်ခံရမှု ဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် စာရင်းမှာ ဂန္ဒီမပါတာဟာ အထင်ရှားအသိသာဆုံး ချန်လှပ်ခံရမှု ဖြစ်ပါတယ်

နိုဘယ်လ် ဆုဟာ မချီးမြှင့်ဘဲ ချန်လှပ်မှုတွေကြောင့်လည်း ကျော်ကြားပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေး ဆုမှာ ချီးမြှင့်မခံရဘဲ ချန်ထားခဲ့သူတွေထဲက အကျော်ကြားဆုံး တယောက်ကတော့ မဟတ္တမ ဂန္ဒီပဲ ဖြစ်ပါတယ်။

မကြာခဏ ဆုချီးမြှင့်ဖို့ အမည်တင်သွင်း ခံခဲ့ရပေမယ့် အိန္ဒိယ နိုင်ငံရေး ခေါင်းဆောင်နဲ့ ၂၀ ရာစု အတွင်းက စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေရဲ့ ပြယုဂ် တခုလို ဖြစ်နေခဲ့တဲ့ ဂန္ဒီဟာ ဆုချီးမြှင့် မခံခဲ့ရပါဘူး။

ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က နော်ဝေ လူမျိုး သမိုင်း သုတေသီ နဲ့ အဲဒီအချိန်က နိုဘယ်လ် ငြိမ်းချမ်းရေး ဆု ရွေးချယ်ရေး ကော်မတီရဲ့ ဥက္ကဌ ဖြစ်တဲ့ Geir Lundestad က ဂန္ဒီရဲ့ စွမ်းဆောင်မှုတွေကို အသတ်အမှတ်မပြုနိုင်ခဲ့တာဟာ နိုဘယ်လ် သမိုင်းမှာ အကြီးမားဆုံး ပေယျာလကန် ပြုမှုကြီးပဲ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။