ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်ပြည်သွား ပထမဆုံး ထိုင်းဘုရင်
- ရေးသားသူ, ဂျော်နသန် ဟက်
- ရာထူးတာဝန်, အရှေ့တောင်အာရှ သတင်းထောက်
ထိုင်းဘုရင် မဟာဝချီရာလောင်ကွန် တရုတ်ပြည်ကို ဗုဒ္ဓဟူးနေ့က ဆိုက်ရောက်ခဲ့ပြီး ပထမဆုံး တရုတ်ပြည်သွား နန်းစံ ထိုင်းဘုရင်တပါး ဖြစ်လာခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင်းဖျင်ရဲ့ ဖိတ်ကြားချက်အရ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်တာ အနှစ် ၅၀ ပြည့် အထိမ်းအမှတ် သွားရောက်တာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဖြစ်လာဖို့ တရုတ်ဘက်က တိုက်တွန်းနေတာကလည်း နှစ်အတော်ကြာ ရှိခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ " ထိုင်းနဲ့တရုတ် နှစ်ပြည်ထောင်ကြား အလွှာအဆင့်ဆင့်မှာ ရှိတဲ့ နက်ရှိုင်းတဲ့ ချစ်ကြည်ရေးနဲ့ အပြန်အလှန် နားလည်မှုတွေကို ဖော်ကျူးတဲ့ ခရီးစဉ်" ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။
ဘေဂျင်းရောက် ထိုင်းဘုရင်နဲ့ မိဘုရား ဆုသီဒါတို့ဟာ ဗုဒ္ဓရဲ့ အထက်လက်ဝဲစွယ်တော်ရှိတဲ့ လင်ကွမ်းဘုရားကျောင်းနဲ့ ဘေဂျင်း လေကြောင်းနဲ့အာကာသပညာမြို့တော် စတဲ့ အထင်ကရ နေရာတွေကို သွားရောက်ကြမှာ ဖြစ်ပါတယ်။
သမ္မတရှီနဲ့ ဇနီးကလည်း ထိုင်းဘုရင်နဲ့ မိဘုရားအတွက် နိုင်ငံတော်ညစာစားပွဲ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။
ဒါဟာ အရင် ကိုးနှစ်က နန်းတက်ခဲ့ပြီး ဧပြီလက ဘူတန်သွားခဲ့တဲ့ မဟာဝချီရာလောင်ကွန်ဘုရင်အတွက် ပထမဆုံး နိုင်ငံတော် ခရီးစဉ်ကြီး ဖြစ်ပါတယ်။ သူ့ခမည်းတော် ဘူမိဘော ဘုရင်ခေတ် ၁၉၆၀ ကျော်က အမေရိကန်သွားခဲ့တဲ့ ခရီးစဉ်တွေနဲ့လည်း ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ အဲဒီ စစ်အေးခေတ်က ထိုင်းနိုင်ငံဟာ အမေရိကန်အတွက် အရေးကြီးတဲ့ မဟာမိတ်ဖြစ်ပြီး အင်ဒိုချိုင်းနားစစ်ပွဲအတွင်းက အမေရိကန်စစ်ဆင်ရေးတွေအတွက်လည်း အရေးပါတဲ့ အခြေစိုက်စခန်း ဖြစ်ခဲ့ပါတယ်။
ထိုင်းဟာ ခုချိန်ထိ အမေရိကန်ရဲ့ စစ်ရေးမဟာမိတ် ဖြစ်နေပေမယ့် ဒီနှစ်ပိုင်းအတွင်း တရုတ်နဲ့ ဆက်ဆံရေးတွေ တဖြည်းဖြည်း နီးစပ်လာပါတယ်။ တခြားဘက်မှာတော့ ထိုင်းလူ့အခွင့်အရေးအခြေအနေအပေါ် အမေရိကန်ရဲ့ ဝေဖန်မှုနဲ့ သမ္မတထရမ့်ရဲ့ သွင်းကုန်ခွန် တိုးမြှင့်မှုတွေကြောင့် အမေရိကန်နဲ့ ဆက်ဆံရေး ထိခိုက်ခဲ့ပါတယ်။ နောက်ပြီး အမေရိကန်ဟာ တခါက သူ့ရဲ့ အာရှမိတ်ဆွေတွေအပေါ် ထားတဲ့ ဆက်ဆံရေးမျိုး မရှိတော့ဘူးဆိုတဲ့ အမြင်တွေလည်း ဖြစ်ပေါ်နေပါတယ်။
တရုတ်က ထိုင်းအတွက် အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံကြီးဖြစ်ပြီး စစ်ရေးပစ္စည်း ရင်းမြစ်အတွက်လည်း အမေရိကန်နဲ့ အပြိုင်အဆိုင် ဖြစ်လာပါတယ်။
ထိုင်းနိုင်ငံသားအများအပြားက တရုတ်ပြည်ကလာတဲ့ မျိုးနွယ်တွေ ဖြစ်ကြလို့ ထိုင်းနဲ့ ဆက်ဆံရေးကို ညီနောင် မိသားစု ဆက်ဆံရေးအဖြစ် တရုတ်အစိုးရက ဖော်ညွှန်းလေ့ရှိပါတယ်။
ဒီနှစ်အစောပိုင်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုရဲ့ သတိပေးချက်ကို အာခံပြီး ဝီဂါ ဒုက္ခသည် ၄၀ ကို ထိုင်းကနေ တရုတ်ပြည် ပြန်ပို့ခဲ့ပြီးနောက် တရုတ်နဲ့ ထိုင်းကြားက ဆက်ဆံရေးရဲ့ အရေးပါမှုက ပိုသတိထားမိစေပါတယ်။
သြဂုတ်လထဲမှာတော့ ဘန်ကောက်အနုပညာစင်တာမှာ ကျင်းပတဲ့ အနုပညာပြပွဲတခုမှာ ဝီဂါနဲ့ တိဘက်အနုပညာရှင်တွေအကြောင်း ဖော်ပြမှုတွေကို တရုတ်သံရုံးဘက်က ကန့်ကွက်လို့ ပိတ်ပင်ခဲ့ပါတယ်။
မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို အရေးယူဖို့ တရုတ်က ထိုင်းအစိုးရကို ဖိအားပေးခဲ့ပါတယ်။ နောက်ပြီး ထိုင်းနိုင်ငံထဲမှာ ကာဆီနိုကစားဝိုင်းတွေကို တရားဝင်လုပ်ဖို့ အစီအစဉ်ကို ပိတ်ပင်ရာမှာလည်း တရုတ်ရဲ့ ကန့်ကွက်မှုက အကြောင်းတချက် ပါဝင်တယ်လို့ ယူဆကြပါတယ်။
ထိုင်းဘုရင်တပါးအနေနဲ့ တရုတ်ပြည်ကို သွားရောက်တာမျိုး အရင်က မရှိခဲ့ပေမယ့် ထိုင်း-တရုတ် ဆက်ဆံရေးကို ထိန်းသိမ်းရာမှာ ဘုရင့်နှမတော် သီရိဒုံမင်းသမီးက အရေးကြီးတဲ့ အခန်းက ပါဝင်ခဲ့ပါတယ်။ သီရိဒုံဟာ တရုတ်အနုပညာနဲ့ ဘာသာစကားကို အရင် ၄၅ နှစ်လုံး သင်ယူခဲ့ပြီး တရုတ်ပြည်ကို မကြာခဏ သွားတတ်သူလည်း ဖြစ်ပါတယ်။ ဘုရင်ကိုယ်တိုင်လည်း အိမ်ရှေ့မင်းသားဘဝနဲ့ ၁၉၈၇ က တရုတ်ပြည်ကို ရောက်ခဲ့ဖူးပါတယ်။