ဂျော်ဂျီယာဟာ ယူကရိန်းလို ဖြစ်လာမလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ကက်တရီနာ ခီနုကလိုဗာ
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှားဌာန
“ရုရှား ဥပဒေ“ကို အတုခိုးပြီး လုပ်ထားတဲ့ “နိုင်ငံခြားလွှမ်းမိုးမှု“ ဥပဒေသစ်တခုအပေါ် ဂျော်ဂျီယာမှာ လူထုက ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံကို ရုရှားကနေ အဝေးကိုခွာပြီး ဥရောပဆီကို နီးကပ်အောင် လုပ်မယ်ဆိုရင် ယူကရိန်းလို အသိမ်းပိုက်ခံရမှာလား၊ စစ်ပွဲကို ကြုံရမလားဆိုပြီး စိုးရိမ်မှုတွေလည်း ပိုတိုး လာနေပါတယ်။
ဂျော်ဂျီယာဟာ လူဦးရေ ၃.၇ သန်း ရှိတဲ့ နိုင်ငံဖြစ်ပြီး ကော့ကေးဆပ် တောင်ပိုင်းမှာ တည်ရှိပါတယ်။ သူဟာ အရင် ဆိုဗီယက်ပြည်ထောင်စုနိုင်ငံတွေထဲက တခုဖြစ်ပြီး ရုရှားက ဒီနိုင်ငံဟာ ငါတို့ သြဇာအောက်မှာ ရှိတဲ့နိုင်ငံလို့ မှတ်ယူထားတဲ့ နိုင်ငံပါ။ ၁၉၉၁ ခုနှစ်တုန်းက ဆိုဗီယက် ပြည်ထောင်စု ပြိုလဲသွားတဲ့အခါ ပြည်ထောင်စုဝင် နိုင်ငံအတော်များများ အနေနဲ့ ဘယ်နိုင်ငံရေး စနစ်ကို ကျင့်သုံးမလဲ၊ ဘယ်နိုင်ငံတကာ မဟာမိတ်အဖွဲ့ထဲ ဝင်မလဲ စတာတွေအပေါ် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်လုပ်နိုင်တဲ့ သမိုင်းဝင် အခွင့်အလမ်းကို ရခဲ့ကြပါတယ်။
ဘောလ်တစ်နိုင်ငံတွေလိုပဲ ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံဟောင်း ၃ နိုင်ငံက ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ထဲ ဝင်ကြ တာကို ရုရှားက လက်ခံခဲ့ပါတယ်။
ယူကရိန်းကျတော့ နိုင်ငံက အဲဒီ ၃ နိုင်ငံနဲ့ နှိုင်းရင် ပိုကြီးတဲ့ နိုင်ငံ ဖြစ်တာရယ်၊ ရုရှားအနေနဲ့ ဒီနိုင်ငံဟာ သူတို့ရဲ့ လွှမ်းမိုးမှုအောက်က နိုင်ငံလို့ ခံယူထားတာတွေ ကြောင့် ယူကရိန်း ကြုံလာရတာက တမျိုးပါ။ ဥရောပသမဂ္ဂကို လိုလားတဲ့ ဆန္ဒပြပွဲတွေ ယူကရိန်းမှာ ဖြစ်လာခဲ့တဲ့နောက်ပိုင်း နိုင်ငံကို ရုရှားနဲ့ စီးပွားရေးအရ နီးကပ်တဲ့ နေရာကနေ ခွာတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ ၂၀၁၄ ခုနှစ်မှာ ရုရှားရဲ့ ထိပ်တိုက်စွက်ဖက်မှုနဲ့ ကြုံလိုက်ရပါတော့တယ်။
ရုရှားက ခရိုင်းမီးယားနဲ့ ယူကရိန်းအရှေ့ပိုင်းက နေရာတွေကို ဝင်ကျူးကျော် လာပါတော့တယ်။ နောက် ၁၀ နှစ်မှာတော့ စစ်ပွဲကြီး ဆင်နွှဲပြီး နောက်ထပ် ယူကရိန်း နယ်မြေတွေကို ရုရှားက သိမ်းပိုက်ပါတယ်။ ဂျော်ဂျီယာလည်း အလားတူ အဖြစ်တွေ မျိုးနဲ့ ရင်ဆိုင်လာရနိုင်ပါသလား။
ဂျော်ဂျီယာမှာ ဖြစ်နေတဲ့ လက်ရှိဆန္ဒပြပွဲတွေက ဘာသဘောဆောင်ပါလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဖွဲ့အစည်းတွေအနေနဲ့ ရတဲ့ ရန်ပုံငွေတွေမှာ အားလုံးရဲ့ ၂၀% က နိုင်ငံခြား ကနေ ရတာဆိုရင် "နိုင်ငံခြား လွှမ်းမိုးမှုရဲ့ ကိုယ်စားလှယ်တွေ" အဖြစ် စာရင်းသွင်း မှတ်ပုံတင်ဖို့ လိုအပ်တယ်ဆိုတဲ့ ဥပဒေကို ထင်သာမြင်သာ ထုတ်ပြန် ဖော်ပြ ရမယ်ဆိုတဲ့ စည်းမျဉ်းချက်တွေ၊ ဖောက်ဖျက်ရင် ခံရမယ့် ဒဏ်ငွေပမာဏ သတ်မှတ် ချက်တွေနဲ့အတူ ဂျော်ဂျီယာ လွှတ်တော်က ဒီရက်ပိုင်းတွေအတွင်းမှာပဲ ပြဋ္ဌာန်း လိုက်ပါတယ်။
ဂျော်ဂျီယာမှာ အန်ဂျီအိုတွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေအဖို့ အများအားဖြင့် နိုင်ငံခြားကနေ ထောက်ပံ့မှုတွေ၊ ရန်ပုံငွေတွေကို ရယူပြီး လှုပ်ရှား လုပ်ကိုင်ရတာ ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက် နီနာ အက်မီတယ်လီက ဂျော်ဂျီယာ မြို့တော် တီဘီလစီကနေ ပြောပါတယ်။ နိုင်ငံရဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းမှာ အဲဒီ အဖွဲ့တွေ က အခရာကျတဲ့ နေရာကနေ ပါဝင်နေတာလည်း ဖြစ်ပါတယ်။
ဒီဥပဒေ ပြဋ္ဌာန်းဖို့ လွှတ်တော်မှာတင်တဲ့ အာဏာရပါတီ ဂျော်ဂျီယာ အိပ်မက်ပါတီက ဒီဥပဒေဟာ အစိုးရကို ဝေဖန်နေကြတာတွေကို ဖိနှိပ်ဖို့ ရည်ရွယ်တာမဟုတ်ပေမဲ့ အဖွဲ့အစည်းတွေနောက်ကွယ်ကနေ ဘယ်သူက ရှိနေလဲဆိုတာကို ရှင်းလင်း မြင်သာမှု ရှိအောင် လုပ်ရမယ်၊ လူထုကို အသိပေးရမယ်လို့ ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ တီဘီလစီမှာရှိတဲ့ အယ်လီယာ တက္ကသိုလ်မှာ ပြည်သူ့ရေးရာမူဝါဒ ဘာသာရပ် ပါမောက္ခ ဟန်းစ် ဂတ်ဘရော့တ်က ထင်သာမြင်သာရှိရမယ်ဆိုတဲ့ ဥပဒေ မူကြမ်း က“အပေါ်ယံ သက်သက် အကြောင်းပြထားတာသာ“ ဖြစ်တယ်လို့ ဆိုပါတယ်။
ဂျော်ဂျီယာ မှာ “အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို ချေမှုန်းဖို့ လုပ်လာတာက အချိန်ကာလ အတော်ကြာရှိလာပြီဖြစ်တယ်။ ဒီဥပဒေက ဘယ်သူ့ကိုမဆို ဖိနှိပ်လို့ ရအောင် လုပ်ထားတဲ့ ဥပဒေဖြစ်တယ်၊ သူတို့ မကြိုက်တဲ့ အရပ်ဘက် အဖွဲ့အစည်း မှန်သမျှကို ဖိနှိပ်ခွင့်ပြုထားတာ“ လို့ ၁၉၉၀ နှစ်တွေကတည်းက ကော့ကေးဆပ် ရေးရာတွေကို လေ့လာနေပြီး ချက်သမ် ဟောက်စ် သင့်ခ်တင့်အဖွဲ့မှာ ဒီရက်ပိုင်းက ဂျော်ဂျီယာအကြောင်း ဆွေးနွေးတင်ပြခဲ့တဲ့ သူက ပြောပြပါတယ်။
ဒီဥပဒေကို အတည်ပြုလိုက်တဲ့နောက် ဥရောပ သမဂ္ဂနဲ့ အမေရိကန်တို့ဆီက သတိပေးသံတွေ ထွက်ပေါ်လာပါတယ်။ “ဒီဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် ဥရောပသမဂ္ဂ လမ်းကြောင်းဆီကို ဂျော်ဂျီယာ ရောက်လာမယ့် အရေးအပေါ် သက်ရောက်မှုတွေ ဖြစ်လာတယ်“ လို့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ဂျိုးဇက် ဘိုရဲလ်က ပြောပါတယ်။
ဒီဥပဒေဟာ အာဏာရှင် ဆန်တာ၊ ရုရှားကို လိုလားတာလို့ ရှုတ်ချနေကြတဲ့ အရေ အတွက်သောင်းချီ ဆန္ဒပြသူတွေဟာ တီဘလီစီက လမ်းမတွေပေါ်ထွက်လာကြပြီး နောက်ပိုင်းမှာတော့ ရဲတွေနဲ့ တွန်းလား ထိုးလားဖြစ်ကာ ရုတ်ရုတ်သဲသဲ ရန်ပွဲတွေ ဖြစ်ခဲ့ကြပါတယ်။
“ကျွန်တော်တို့ ထွက်လာတဲ့ ကျင်းထဲကိုပြန်တွန်းချနေတာ ကျွန်တော်တို့ လုံးဝ သည်းခံမှာ မဟုတ်ဘူး“ လို့ ဂျော်ဂျီယာရဲ့ ဆိုဗီယက်အာဏာရှင်ခေတ်ကို ရည်ညွှန်းပြီး ဆန္ဒပြသူတယောက်က ဘီဘီစီကို ပြောပါတယ်။
ဒီဆန္ဒပြမှုတွေက ရုရှားနဲ့ ဘယ်လို ဆက်စပ်နေလဲ
ရုရှားမှာ အစိုးရနဲ့ သဘောထား ဆန့်ကျင်သူတွေကို နှိပ်ကွပ်တဲ့နေရာမှာ သုံးတဲ့ ဥပဒေနဲ့ ဆင်တူဖြစ်တဲ့ အခု ဂျော်ဂျီယာ ဥပဒေကို လွှတ်တော် ရွေးကောက်ပွဲအသစ် အောက်တိုဘာမှာ မလုပ်ခင် ၆ လတောင် မလိုတော့တဲ့ ဒီအချိန်မှာ ပြဋ္ဌာန်းလိုက် တာပါ။ ၂၀၁၂ ခုနှစ်ကတည်းက အာဏာရနေတဲ့ ဂျော်ဂျီယာ အိပ်မက်ပါတီဟာ ကရင်မလင်က အစိုးရလိုပဲ အာဏာကို နိုင်ငံရေး အုပ်စုတစုရဲ့ လက်ထဲမှာသာ ထား လိုတဲ့ မူဝါဒကို ကိုင်စွဲထားတာဖြစ်ပြီး အဲဒီလာမယ့်ရွေးကောက်ပွဲဟာ ဒီပါတီကို အာဏာကနေ ဖယ်ရှားနိုင်ခွင့် မဲဆန္ဒရှင်တွေကို ပေးနိုင်မှာလည်း ဖြစ်ပါတယ်။
ဂျော်ဂျီယာ အိပ်မက်ပါတီရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌက ဘီလျံနာ ဘစ်ဇီနာ အိုင်ဗင်နစ်ရှ်ဗီလီပါ၊ သူ့ရဲ ကြွယ်ဝမှုက နိုင်ငံရဲ့ ဘတ်ဂျက်ပမာဏတခုလုံးထက် ပိုကြီးမားပြီး၊ နိုင်ငံ့ ဂျီဒီပီ ၂၀% နဲ့ညီမျှတဲ့ ဒေါ်လာ ၄. ၉ ဘီလျံ ခန့် ချမ်းသာတဲ့ သူပါ။ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေက ရုရှားနိုင်ငံထဲမှာ ဒါမှမဟုတ်လည်း ရုရှားနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
“ဂျော်ဂျီယာ အစိုးရက အာဏာရှင်ပိုဆန်လာနေပြီလို့ ထင်တယ်၊ အစိုးရက အရပ်ဘက်လူ့အဖွဲ့အစည်းကို နှိပ်ကွပ်ဖို့ ရုရှားကို နမူနာယူနေပြီ“ လို့ ပေါ်လစ်တီကို သတင်းဌာနရဲ့ ကော့ကေးဆပ်တောင်ပိုင်း သတင်းထောက် ဂက်ဘရီရဲယ် ဂေဘင်က ပြောပါတယ်။
“နောက်ပြီး အိုင်ဗင် နစ်ရှ်ဗီလီကို (ရုရှား သမ္မတ) ပူတင်က ဖုန်းဆက်ထားမှာ မဟုတ်ဘူးလို့ ထင်ပါတယ်၊ နိုင်ငံခြားလွှမ်းမိုးမှုရဲ့ ခြိမ်းခြောက်မှုတွေကို ကြုံနေရပြီလို့ ပူတင်က တွေးကြောက်တာမျိုးနဲ့ ထပ်တူ အိုင်ဗင် နစ်ရှ်ဗီလီကလည်း ခံစား နေရ တာဆိုတော့ သူ့အတွက် အဲဒီလိုလုပ်ဖို့ တွန်းအားပေးစရာတွေ မလိုအပ် လောက် ပါဘူး။“
ရုရှားနဲ့ တခြား ကမ္ဘာ့ပါဝါနိုင်ငံတွေအဖို့ ဂျော်ဂျီယာက ဘယ်လောက်အရေးကြီးပါလဲ
ဂျော်ဂျီယာဟာ ကော့ကေးဆပ်တောင်ပိုင်းမှာ တည်ရှိပြီး ဒီဒေသဟာ ဥရောပနဲ့ အာရှကို ဆက်သွယ်ပေးထားတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ရှေးခေတ်က ကုန်သွယ် လမ်းကြောင်းဖြစ်သလို အခုခေတ်ကာလအထိလည်း အရေးပါတဲ့ ဒေသပါ။ သမိုင်းမှာ ဒီဒေသကို စိုးမိုးနိုင်ဖို့အတွက် အီရန်၊ တူရကီနဲ့ ရုရှားတို့ တိုက်ခိုက်ခဲ့ကြ သလို အခုထိလည်း သူတို့က လွှမ်းမိုးနိုင်ဖို့ အပြိုင်အဆိုင်ဖြစ်နေဆဲပါ။ မကြာ သေးခင်ကာလတွေအတွင်းမှာတော့ တရုတ်နဲ့ အနောက်အင်အားကြီးနိုင်ငံတွေ ကလည်း ဒီဒေသအပေါ် အာရုံစူးစိုက်လာပါတယ်။
ဂျော်ဂျီယာဟာ ၁၉ ရာစုအတွင်းမှာ ရုရှား အင်ပါယာရဲ့ အစိတ်အပိုင်းတခုပါ။ မော်စကိုနဲ့ တီဘလီစီတို့အကြား ဆက်ဆံရေးက အမြဲတမ်း ရှုပ်ရှုပ်ထွေးထွေးရှိသလို ကာလအပိုင်းအခြား တခုမှာ ဒီနိုင်ငံက ရုရှားနဲ့ နီးကပ်ဖို့ ကြိုးပမ်းသလို တခြား မဟာမိတ်တွေကို ချဉ်းကပ်ခဲ့တဲ့ ကာလတွေလည်း ရှိခဲ့ပါတယ်။
ဂျော်ဂျီယာဟာ ၁၉၁၈ ခုနှစ် အတွင်း လွတ်လပ်ရေး ခဏတာ ပြန်ရခဲ့ပြီး ရုရှားက လွှမ်းမိုး ထိန်းချုပ်တဲ့ ဆိုဗီယက် ပြည်ထောင်စုအတွင်းမှာ ၁၉၉၁ ခုနှစ် အထိ ရှိခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်တွေ အတွင်း အမျိုးသားရေး ပင်ကိုယ်လက္ခဏာကို ပြန်ဖော်ထုတ်ကြတဲ့ ဆိုဗီယက် နိုင်ငံတွေထဲ ဂျော်ဂျီယာပါဝင်ပြီး ဒီလို နိုင်ငံရေး ဖြစ်ထွန်းမှုတွေကနေ တဆင့် ဆိုဗီယက် ပြည်ထောင်စုပြိုလဲတဲ့ အထိ ဖြစ်လာ ခဲ့တာပါ။
ဆိုဗီယက် အာဏာရှင်စနစ်နဲ့ ဆက်နွှယ်နေမှုကို ချိုးဖျက်ဖို့ ကြိုးစားခဲ့တဲ့ နှင်းဆီ တော်လှန်ရေးနဲ့အတူ ၂၀၀၃ ခုနှစ်မှာ ဂျော်ဂျီယာဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့တဲ့ ပထမဆုံးသော ဆိုဗီယက်နိုင်ငံဟောင်းတခုပါ။ ဒီမိုကရေစီနည်းကျ အစိုးရတရပ် အာဏာရခဲ့ပြီး မော်စကိုနဲ့ သဘောထားတွေ မတူတဲ့ အဲဒီ အစိုးရဟာ နိုင်ငံကို ဥရောပ သမဂ္ဂနဲ့ နေတိုးအဖွဲ့တို့အတွင်း ဝင်နိုင်မယ့် လမ်းဆီကို တက်တက် ကြွကြွ လျှောက်လှမ်းခဲ့ပါတယ်။
၂၀၀၈ မှာတော့ ရုရှားက ဂျော်ဂျီယာရဲ့ နယ်မြေတချို့ ထဲကို ကျူးကျော်ဝင်ရောက် လာခဲ့ပြီး အဲဒီမှာ ရုရှားတပ်တွေ အခုအချိန်ထိ တပ်စွဲထားပါတယ်၊ တပ်စွဲထားတဲ့ တချို့ နေရာတွေ ဆိုရင် တီဘလီစီနဲ့ မိုင် ၈၀ လောက်သာ ဝေးတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းနဲ့ ဆင်တူတယ်လို့ ပြောနိုင်ဖို့ အကြောင်းရင်းတွေ ရှိပါသလား
ဆန္ဒပြတာတွေက ပေါ်ထွက်နေတာ၊ ရုရှားစစ်တပ်က သူတို့မြေပေါ်မှာ တပ်စွဲနေတာ စတဲ့ ခံစားမှုတွေနဲ့အတူ အာဏာရှင်ပိုဆန်လာတဲ့ အစိုးရက ဒီမိုကရက်တစ် လမ်းကြောင်းကနေ သွေဖည်လာတဲ့ အခြေအနေအောက်ကိုရောက်လာနေပြီလို့ ခံစားနေကြရကြောင်း သုံးသပ်သူအများအပြားက ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း က ပြောကြပါတယ်။ နောက်ပြီး ယူကရိန်းမှာ ၂၀၁၃- ၁၄ တုန်းက ဖြစ်ခဲ့ တာတွေ၊ ၂၀၂၂ ကျတော့ ၁၉၄၅ ခုနှစ်နောက်ပိုင်း ဥရောပမှာ အကြီးဆုံး စစ်ပွဲကြီးကို ကြုံလာ ရတာတွေမျိုးများ သူတို့ ဆီမှာ ဖြစ်လာမလားလို့ ပူပင်ကြ ပါတယ်။ ဒါပေမဲ့ ကွာခြားချက်တွေ အကြီးအမား ရှိပါတယ်။
ပထမဆုံးပြောရရင် ယူကရိန်းမှာ ဖြစ်ခဲ့သလိုပဲ ဂျော်ဂျီယာအနေနဲ့ ရုရှားတို့ ကျူးကျော်လာတဲ့နောက် ဆန္ဒပြပွဲတွေကို ၂၀၀၃ နဲ့ ၂၀၀၈ ကြားမှာ ကြုံခဲ့ရပါတယ်။ ရုရှားရဲ့ ထိန်းချုပ်မှုအောက်ကို နိုင်ငံ့နယ်မြေ ၂၀% က ရောက်နေပြီး ဂျော်ဂျီယာမှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲအခြေအနေတွေက ပိုတိုးလာတဲ့အခါ ၊ မော်စကိုနဲ့ အဆင်ပြေတဲ့ အစိုးရက မထိန်းချုပ်နိုင်တဲ့အခါ ရုရှားက ပိုပြီး ကျူးကျော်လာမှာလား ဆိုတဲ့ အမေး က ရှိနေပါတယ်။
ဘီဘီစီ သတင်းထောက် နီနာ အက်မီတယ်လီက ဂျော်ဂျီယာဟာ အတွေးအမြင် ကွဲပြားကွာခြားကြတဲ့ အသိုင်းအဝိုင်းတွေနဲ့ ပေါင်းစည်းထားတဲ့ လူ့အဖွဲ့အစည်း တခုဖြစ်ပြီး နောက်ထပ် တင်းမာမှုတွေ မြင့်လာမှာကို စိုးရိမ်ကြတဲ့ လူဦးရေ အချိုး အစားက အတော်များတယ်လို့ သုံးသပ်ပါတယ်။ တချို့က အာဏာရ ပါတီကို အစစ်အမှန် ထောက်ခံကြတယ်၊ တချို့က ဂျော်ဂျီယာလို နိုင်ငံငယ်လေး တခုအနေနဲ့ ကိုယ့်စီးပွားရေးက ရုရှားနဲ့ ကုန်သွယ်မှုကို အကြီးအမား အားကိုးနေရတာဖြစ်တဲ့ အတွက် ရုရှားနဲ့ ဆက်ဆံရေး နီးနီးကပ်ကပ်ဖြစ်နေတာက ပိုပြီး လက်တွေ့ကျတယ်၊ ကိုယ့် စစ်တပ်က သေးသေးလေးဖြစ်တဲ့အတွက် ရုရှားဟာ ယူကရိန်းကိုတိုက်နေလို့ အားပျော့နေပေမဲ့ သူ့ကို ဘက်ပြိုင်တိုက်ခိုက်ဖို့က အားနည်းလွန်းတယ် စသဖြင့် မြင်ကြပါတယ်။
မစ္စတာ အိုင်ဗင် နစ်ရှ်ဗီလီက အငြင်းပွားဖွယ်ရာ “နိုင်ငံခြားလွှမ်းမိုးမှု“ ဥပဒေကို လက်ခံဖို့ တင်ပြတဲ့ သူ့ရဲ့ ရှားရှားပါးပါး လူထုမိန့်ခွန်းထဲမှာ အနောက် နိုင်ငံတွေက ရုရှားကို ထိပ်တိုက်ရင်ဆိုင်ရာမှာ ဂျော်ဂျီယာကို “အသေခံ စစ်သား“ တွေလို သုံးဖို့ ကြိုးစားနေတာကို ကာကွယ်ဖို့အတွက် ဒီ ဥပဒေက မဖြစ်မနေ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
အများစုက အသက် ၃၅ နှစ်အောက်တွေ ဖြစ်ကြတဲ့ ဆန္ဒပြသူတွေနဲ့ တီဘလီစီက လမ်းတွေမှာ ပြည့်နှက်နေပြီး ဂျော်ဂျီယာရဲ့ အနာဂတ်က ဘယ်ဆီကို ရွေ့မယ် ဆိုတာကို ဘယ်သူမှ ရေရေရာရာ မသိနိုင်ပါဘူး။ သူတို့နိုင်ငံရဲ့ နိုင်ငံရေးက ရုရှားနဲ့ ဆင်တူလာတာကို နိုင်ငံသူနိုင်ငံသား အများအပြားက ရွံမုန်းလာကြပေမဲ့ ကျန်လူ အများအပြားကလည်း ယူကရိန်းမှာ ဖြစ်နေသလို အသက်တွေ ဆုံးရှုံးနေရတာ၊ ဖျက်ဆီးမှုတွေ ခံနေရတာ စတဲ့ ဒုက္ခတွေ ကြုံလာရမှာကိုလည်း စိုးရိမ်ထိတ်လန့် နေပါတယ်။








