ကိုယ်တိုင်လက်ထိပ်ပြန်ခတ်ပြီး ဖမ်းဆီးခံရတဲ့ မလေးရှားရောက်မြန်မာတွေ

ဓာတ်ပုံ ရင်းမြစ်, မလေးရှား လဝက
မြန်မာနိုင်ငံက လူငယ်၊လူလတ်အများစု သွားရောက်အလုပ်လုပ်ကိုင်ကြတဲ့ မလေးရှားနိုင်ငံမှာ ''အော်ပရာစီ'' စစ်ဆင်ရေးကြောင့် မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ဆက်တိုက် ဖမ်းဆီးခံနေရပါတယ်။
၂၀၂၄ ဒီဇင်ဘာပထမပတ်တုန်းက ဆလန်ဂေါပြည်နယ်၊ အမ်ပန်းမြို့နယ်မှာရှိတဲ့ တိုက်ခန်းတစ်ခုကို မလေးရှားရဲတပ်ဖွဲ့က ညပိုင်းမှာ ဝင်ရောက်စစ်ဆေးပါတယ်။
ရဲတွေက တံခါးတွေကို ဆက်တိုက်ခေါက်ပြီး အထဲမှာရှိတဲ့သူတွေကို ခေါ်ထုတ်သလို အထောက်အထား စာရွက်စာတမ်းတွေ ပြခိုင်းပြီးလည်း စစ်လည်ဆေးပါတယ်။ ဒီလိုစစ်ဆေးရုံတင်မကဘဲ အဲဒီတိုက်ခန်းထဲက ထပ်ခိုးတစ်နေရာကို ခွာချပြီး စစ်ဆေးတဲ့အခါ ထပ်ခိုးပေါ်မှာ ပုန်းနေတဲ့သူတွေကို တွေ့ခဲ့ကြပါတယ်။
ဘီဘီစီကကြည့်ခဲ့ရတဲ့ ရဲမှတ်တမ်းဓာတ်ပုံထဲမှာ အဲဒီထပ်ခိုးပေါ်ကနေ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားနှစ်ယောက် တွဲလောင်းခိုပြီးဆင်းလာကြတာတွေ့ရပါတယ်။
အဲဒီအဆောက်အဦကနေ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၉၃ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါနဲ့ ပါကစ္စတန် နိုင်ငံသားတွေဖြစ်ပြီး အသက် ၄ လကနေ ၅၅ နှစ် အရွယ်ရှိသူတွေဖြစ်တယ်လို့ မလေးရှားလူမှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မလေးရှား လူဝင်မှု ကြီးကြပ်ရေး၊ ရဲတပ်ဖွဲ့၊ မြူနီစီပယ်ကောင်စီ စတဲ့ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး နေ့တိုင်း ဖမ်းဆီးနေကြတာကို မလေးရှားလူဝင်မှုကြီးကြပ်ရေးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တွေ့ရပါတယ်။
"အဖမ်းအဆီးတွေ ကြမ်းတာတော့ ဆက်တိုက်ပဲ၊ ကွန်ဒိုတွေ၊ စက်ရုံတွေ၊ ကားဂိတ်တွေ၊ ကားပေါ်တွေထိအောင်တက်ပြီးဖမ်းတာ"လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ မလေးရှားနိုင်ငံအခြေစိုက် မြန်မာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ဘီဘီစီကို ပြောပါတယ်။
ဖမ်းဆီးတာတွေ ကတော့ ဒီနှစ်အတွင်းမှာ ဆက်တိုက်နီးပါး ရှိခဲ့ပေမဲ့ အခု နှစ်ကုန်ခါနီးမှာတော့ နေ့ရော၊ ညပါ ခပ်စိပ်စိပ် ဖြစ်လာပါတယ်။
ဖမ်းဆီးခံနေရတဲ့ အခြေအနေတွေက ဘယ်လိုဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Social
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
''အော်ပါရာစီ'' စစ်ဆင်ရေးမှာ တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးမိရင် အသုံးပြုဖို့ လက်ထိပ်တွေကို မြေကြီးပေါ်မှာ စုပုံပြီး တစ်ယောက်ပြီးတစ်ယောက် လက်ထိပ်ခွဲပြီး ယူကြရပြီး ဖမ်းဆီးမဲ့နေရာကို သွားကြပါတယ်။
ဒီမြင်ကွင်းတွေဟာ မလေးရှားလူဝင်မှု ကြီးကြပ်ရေးက ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်တွေ၊ မလေးရှား သတင်းဌာနတချို့က ထုတ်လွှင့်ထားတဲ့ ဗွီဒီယိုဖိုင်တွေမှာတွေ့ရတာပါ။
ရဲတွေက အိမ်တွေရဲ့ တံခါးသော့တွေကို ဖျက်ပြီး ဝင်ကြသလို ၊ ခြေထောက်နဲ့ ကန်ကျောက်ပြီး တံခါးတွေဖွင့်တာကိုလည်း တွေ့ရပါတယ်။
ညဘက်မှာဆိုလည်း ဟိုတယ်အခန်းတွေထဲအထိ ဝင်ရောက်စစ်ဆေးပြီး ကုတင်တွေကိုပါ လှန်ကြည့်ကြပါတယ်။ ကုတင်အောက်မှာ ပုန်းနေတဲ့သူကိုလည်း အပြင်ထွက်ဖို့ပြောပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ကြပါတယ်။
ဒီဇင်ဘာ ၅ ရက် ညပိုင်းက ဆလန်ဂေါပြည်နယ်၊ ပူချွန်းမှာရှိတဲ့ ဖျော်ဖြေရေးစင်တာ ( အရပ်အခေါ် နိုက်ကလပ်) ကိုလည်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အထောက်အထား မပြည့်စုံတဲ့ ၆၆ ယောက်ကို ဖမ်းမိခဲ့ကြပါတယ်။ အဲဒီထဲမှာ မြန်မာ ၈ ယောက်ပါပါတယ်။
စက်တင်ဘာ ၃ ရက်တုန်းကဆိုရင်လည်း မြန်မာအမျိုးသမီးတစ်ယောက် အိမ်ခေါင်မိုးပေါ် တက်ပြေးတာကို နောက်ကလိုက်ဖမ်းကြပါတယ်။ မြန်မာအမျိုးသမီး ပြုတ်မကျအောင် ဝိုင်းကူခေါ်ပြီးနောက် သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို အော်ငေါက်တောင်းနေခဲ့ပါတယ်။
စိုးရိမ်ထိတ်လန့်နေတဲ့ မြန်မာအမျိုးသမီးက ကြောင်ကြည့်နေတာကို 'Passport , Passport'ဆိုပြီး ဆက်တိုက်ပြောတဲ့အခါ မြန်မာအမျိုးသမီးက အိတ်တစ်လုံးထဲကနေ အနီရောင်နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးလိုက်ပါတယ်။ ပြီးတဲ့အခါ အမျိုးသမီးကို ဖမ်းခေါ်သွားကြပါတယ်။
ဒါ့အပြင် မာလကာပြည်နယ်က အသင့်စား မြန်မာစားသောက်ကုန်တွေ၊ ဆေးလိပ်တွေ၊ မြန်မာတိုင်းရင်းဆေးတွေ ရောင်းတဲ့ ဆိုင်တွေကိုလည်း ဝင်ရောက်စစ်ဆေးပြီး 'ဒါတွေက ဆေးတွေလား၊ ဘာဆေးတွေလဲ'ဆိုပြီး မေးမြန်းတာတွေ တွေ့ရပါတယ်။
ပြီးတဲ့အခါမှာတော့ ဆိုင်မှာရှိတဲ့ ပစ္စည်းအကုန်လုံးကို သိမ်းသွားကြပါတယ်။
'မြန်မာစားသောက်ကုန်ဆိုတာတွေက မလေးရှားမှာက တရားမဝင်ဘူးလေ။ ဆိုင်တွေကလည်း လိုင်စင်မဲ့တွေ၊ နိုင်ငံခြားသား ဖွင့်ထားတာတွေဆိုရင် အဖမ်းခံရတာပဲ'လို့ ဦးစန်းဝင်းက ပြောပါတယ်။
ဒီလိုဖမ်းဆီးတာတွေဟာ မလေးရှားနိုင်ငံတစ်နိုင်ငံလုံးမှာ ရှိနေတာ ဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေကလည်း အဖမ်းအဆီးများတဲ့နေရာတွေပါ။
ပြီးခဲ့တဲ့နှစ်က စက်ရုံတွေမှာ အလုပ်လုပ်မယ့် စာရင်းသွင်းထားတဲ့ အလုပ်သမားအရေအတွက်ထက် ဒီနှစ်မှာ စာရင်းသွင်းတဲ့ အလုပ်သမား အရေအတွက် လျော့နေတဲ့ စက်ရုံတွေကိုလည်း ဝင်ဖမ်းကြပါတယ်။
"အရင်နှစ်က အလုပ်သမား တစ်ထောင်ရှိတယ်၊ ဒီနှစ် စာရင်းမှာက ၅၀၀ ပဲရှိတယ်ဆိုရင် ဒီစက်ရုံက အလုပ်သမား တစ်ဝက်ချိုးနဲ့ လည်ပတ်နိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ တရားမဝင် နိုင်ငံသားတွေကို အလုပ်လုပ်ခိုင်းထားတာဖြစ်နိုင်တယ်ဆိုပြီး သူတို့က ဝင်စစ်ကြတယ်"လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ဦးသီဟမောင်မောင်ကလည်း ပြောပါတယ်။
အဖမ်းအဆီးတွေ ဆက်တိုက်ဖြစ်နေတာကြောင့် မြန်မာနိုင်ငံသား တစ်ချို့ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေလည်း ဒီရက်ပိုင်းမှာ ပိတ်ထားရပါတယ်။
'' နှစ်ရက်လောက်တော့ ပိတ်ထားလိုက်တယ်။ နောက် အခြေအနေကြည့်ပြီးမှ ဆက်ဖွင့်ရမှာပေါ့''လို့ မလေးရှားမှာ ခေတ္တဆိုင်ပိတ်ထားတဲ့ မြန်မာနိုင်ငံသားတစ်ယောက်က ပြောပါတယ်။
ဘာ့ကြောင့်ဖမ်းတာလဲ

ဓာတ်ပုံ ရင်းမြစ်, မလေးရှား လူဝင်မှုကြီးကြပ်ရေး
မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်နေတဲ့ နိုင်ငံခြားသားတွေကို ၂၀၂၄ ခုနှစ် မတ် ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အတွင်း မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) နဲ့ အဖမ်းအဆီးမရှိဘဲ ကိုယ့်နိုင်ငံကို ပြန်ခွင့်ပေးထားပါတယ်။
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ နိုင်ငံကူးလက်မှတ်၊ ဒါမှမဟုတ် CI ၊ အပြန်လေယာဉ်လက်မှတ်တို့ကိုပြပြီး ဒဏ်ကြေးငွေ ရင်းဂစ် ၅၀၀ (မြန်မာငွေ- ကျပ် နှစ်သိန်းသုံးသောင်းကျော်) ပေးဆောင်ရမှာပါ။
ပြီးရင်တော့ ၁၄ ရက်အတွင်း မလေးရှားနိုင်ငံကနေ ထွက်ခွာရမှာ ဖြစ်ပါတယ်။ အခုဆိုရင် အဲဒီအစီအစဉ်ကလည်း ဒီဇင်ဘာ ၃၁ မှာ ပြည့်တော့မှာ ဖြစ်ပါတယ်။
''ကျွန်တော်တို့ ထင်တာတော့ ပြန်တဲ့သူနည်းနေလို့ ကြောက်ပြီးပြန်ကြအောင် လုပ်တဲ့သဘောထင်တယ်'' လို့ ဦးသီဟမောင်မောင်က မှတ်ချက်ပေးပါတယ်။
အရင်ကဆိုရင် တိုင်တဲ့သူရှိမှ ဝင်ဖမ်းကြတာလို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက တညီတညွတ်တည်း ပြောပါတယ်။
တဆက်တည်းမှာပဲ မလေးရှားအာဏာပိုင်တွေ ဖမ်းဆီးရတဲ့ နောက်ထပ်အကြောင်းတစ်ရပ်လည်း ရှိပါသေးတယ်။
အဲဒါကတော့ "နိုင်ငံသားတွေက တိုင်ရင် မဖြစ်မနေ ဖမ်းရတယ်"လို့ မြန်မာအလုပ်သမားတွေရော၊ အကူညီပေးတဲ့ အဖွဲ့တွေကရော ပြောကြပါတယ်။
"အရင်ကဆို ရန်မဖြစ်နဲ့၊ မီးမလောင်စေနဲ့၊ အတိုင်မခံရစေနဲ့၊ ဒီအချက်နဲ့မညှိရင် အေးဆေးပဲ၊ အခုက အရမ်းဆူကြတော့ တိုင်ကြတယ်"လို့ ကွာလာလမ်ပူမှာ နေထိုင်တဲ့ မြန်မာအလုပ်သမား မမို့က ပြောပါတယ်။
မြန်မာနိုင်ငံသားတွေ အများစုဟာ မှတ်တိုင်တွေ၊ ဘတ်စ်ကားတွေ၊ အပါအဝင် အများပြည်သူပိုင်နေရာတွေမှာ အော်ဟစ်စကားပြောတာ၊ ကွမ်းတံတွေးထွေးတာတွေ လုပ်ကြသလို အိမ်တွေ၊ တိုက်ခန်းတွေ၊ ကွန်ဒိုအခန်းတွေမှာဆိုရင်လည်း အရက်သောက်စားပြီး ရန်ဖြစ်ကြတာ၊ သီချင်းတွေ အသံအကျယ်ကြီး ဖွင့်ကြတာ၊ ကာရာအိုကေဆိုကြတာတွေကြောင့် မလေးရှားနိုင်ငံသားတွေက အမြင်မကြည်လင်ကြပါဘူး။
"တချို့ဆို အနေအထိုင်ကလည်း မသန့်ရှင်းဘူး။ အမှိုက်ကို ပစ်ချင်သလို ပစ်ကြတာ ၊ နယ်ခံမလေးရှားတွေက တိုင်လိုက်ရင် အဲဒီအခန်းတင်မဟုတ်ဘူး တစ်တိုက်လုံး၊ တစ်ရပ်ကွက်လုံး အဖမ်းခံရတာ"လို့ မမို့က ပြောပါတယ်။
မလေးရှားလူဝင်မှုကြီးကြပ်ရေးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဆိုရင်လည်း တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးမိတယ်ဆိုတဲ့ သတင်းအောက်မှာ "အရမ်းကောင်းတဲ့ လုပ်ဆောင်ချက်ပဲ" " အဲဒီတိုက်မှာ တရားမဝင် နိုင်ငံခြားသားတွေ အများကြီးနေတာ အရမ်းဆိုးတာပဲ"
" ဒီဘက်တွေမှာလည်း အများကြီးပဲ"ဆိုတဲ့ မှတ်ချက်တွေကိုလည်း တွေ့ရပါတယ်။
မလေးရှားနိုင်ငံသားတွေ အလွယ်တကူ တိုင်ကြားလို့ရအောင်လည်း ဖုန်းနံပတ်တွေနဲ့ ဆက်သွယ်လို့ရတဲ့ အချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးက ဖြန့်ဝေထားပါတယ်။
"တချို့မှတ်ချက်တွေမှာ ဒီနေရာတွေကိုလည်း လာဖမ်းပေးပါလို့ ရေးထားရင် အဖမ်းခံရပြီပဲ" ဦးသီဟမောင်မောင်က ပြောပါတယ်။
အဖမ်းခံရသူတွေကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ၊ နိုင်ငံကူးလက်မှတ်အက်ဥပဒေတွေနဲ့ အရေးယူခံရမှာပါ။
ပုံမှန်ဆိုရင် အဖမ်းခံရတဲ့ သူတွေကို နှစ်ပတ်ပြည့်တာနဲ့ တရားရုံးတင်ပြီးထောင် ၃ လချပါတယ်။ ပြီးရင် လဝက ကယ်ဆယ်ရေးစခန်း(Camp) တွေကိုပို့ပြီးနောက် မြန်မာသံရုံးက မြန်မာနိုင်ငံသား ဟုတ် မဟုတ် စစ်ပြီးရင်တော့ မြန်မာပြည်ပြန်ပို့တာပါ။
"အခုကတော့ သူတို့ဖမ်းတာ ခပ်စိပ်စိပ်ဖြစ်လာတယ်၊ Process (လုပ်ငန်းစဉ်) တွေများတော့ Camp (ဖမ်းဆီးခံတွေထိန်းသိမ်းရေးစခန်း) ထဲကို တန်းပို့ပြီး Camp တွင်းတရားရုံးကနေ အမိန့်ချ၊ ပြီးရင် ထောင်ထဲပို့ချင်ပို့ မပို့ရင် မြန်မာပြည်ပြန်ပို့ပေါ့" လို့ ဦးသီဟမောင်မောင်က ဘီဘီစီကို ပြောပါတယ်။
ဒါ့ကြောင့် လက်ရှိအခြေအနေမှာ တရားမဝင် မြန်မာနိုင်ငံသားတွေအနေနဲ့ အိမ်ရှင်နိုင်ငံသားတွေ မျက်စိဆံပင်မွှေးမစူးရအောင် အဆင်ပြေအောင် နေကြဖို့၊ စည်းကမ်းရှိကြဖို့ ၊ မဆူညံကြဖို့၊ အသွားအလာ သတိထားကြဖို့ကို ဂရုစိုက်စေချင်တယ်လို့ အလုပ်သမား အရေးကူညီပေးနေသူတွေက ပြောကြပါတယ်။
မလေးရှားနိုင်ငံမှာ တရားမဝင်ပြည်ဝင်မှုနဲ့ ဖမ်းဆီးခံရတဲ့သူတွေ လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ခံရပြီးတဲ့နောက် သက်ဆိုင်ရာနိုင်ငံကို ပြန်မပို့ခင် ယာယီ ထိန်းသိမ်းတဲ့စခန်း ၁၄ ခု အထိရှိနေပါတယ်။ အဲဒီ စခန်းတစ်ခုမှာ မြန်မာနိုင်ငံသားမဟုတ် မဟုတ် စိစစ်ခံရဖို့ စောင့်နေရတဲ့ မြန်မာ ဦးရေဟာ စခန်းတစ်ခုကို အယောက် ၅၀ ကနေ ၆၀ ကြားရှိနေတာကြောင့် ဒီစခန်းတွေမှာ မြန်မာပြန်ပို့ စောင့်နေရတဲ့ မြန်မာအရေအတွက်ဟာ ထောင်ဂဏန်းနီးပါး အထိရှိနေပါတယ်။
ဒါဟာ ပြစ်ဒဏ်ကျခံရပြီး ယာယီထိန်းသိမ်းရေးစခန်းမှာ မြန်မာကို ပြန်ပို့ခံရဖို့ စောင့်နေရတဲ့ပျမ်းမျှ အရေအတွက်ဖြစ်ပါတယ်။
ဒါပေမဲ့ အခုသီတင်းပတ်တွေအတွင်း ဖမ်းဆီးခံရတဲ့ တရားမဝင်အရေအတွက် များလာနေပါတယ်။
''အခု သီတင်းပတ်တွေအတွင်း အဖမ်းခံရသူ မြင့်တက်လာတယ်။ အဲဒါက ဘာကိုကြည့်ရင် သိနိုင်လဲဆိုတော့ အရင်လို ဖမ်းပြီးရင် အဖမ်းခံရသူတွေကို ရမန်ကြီးချုပ်ရက် ၂ ပတ်အထိယူပြီး ထောင်ထဲကို မခေါ်သွားတော့ဘူး။ ထောင်ထဲမှာ လူတွေ များနေတော့ အခု အဖမ်းခံရသူတွေကို ထောင်ထဲ မခေါ် တော့ဘဲ ထိန်းသိမ်းရေးစခန်းကို ခေါ်လာတာမျိုးရှိနေတယ်။ ထိန်းသိမ်းရေးစခန်းထဲမှာပဲ တရားခွင်ဆောက်၊ အမှုကြားနာပြီး ပြစ်မှုဆုံးဖြတ်တာမျိုး မြင်လာနေရတယ်'' လို့ ထိန်းသိမ်းရေးစခန်းတွေအကြောင်းသိရှိပြီး အဲဒီက မြန်မာတွေအရေး ကူညီပေးနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။











