မလေးရှားက မြန်မာဖျော်ဖြေပွဲမှာ တေးသံရှင်အေမီစျာန်နဲ့ မော်ဒယ်ဖူးပွင့်ခိုင်တို့ ထိန်းသိမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Imigresen Malaysia
မလေးရှားနိုင်ငံ ၊ ပီနန်ခရိုင် ဘာတာဝပ်မှာ ဇန်နဝါရီ ၁၃ ရက် စနေနေ့ညပိုင်းက လုပ်ခဲ့တဲ့ မြန်မာဖျော်ဖြေပွဲတစ်ခုမှာ တေးသံရှင် အေမီစျာန်နဲ့ မော်ဒယ် ဖူးပွင့်ခိုင်တို့ အပါအဝင် မြန်မာနိုင်ငံသား ရာနဲ့ချီထိန်းသိမ်းခံထားရတယ်လို့ မလေးရှား၊ပီနန်က မြန်မာလုပ်သားအရေးလှုပ်ရှားသူတွေနဲ့လူမှုကူညီရေးအသင်းတွေကပြောပါတယ်။
'' အခုနေ့လယ်မှာတော့ ရဲစခန်းကိုလာဖို့ ပွဲစီစဥ်သူကိုခေါ်ထားတယ်။ အေမီစျာန်နဲ့ ဖူးပွင့်ခိုင်က ဗီဇာတွေပတ်စ်ပို့တွေနဲ့ဆိုတော့ သူတို့က ပြန်လွတ်နိုင်ပါတယ်။ ကျန်တဲ့ မြန်မာတွေထဲ အထောက်အထားမဲ့တဲ့သူကတော့ ဖမ်းခံရမှာပေါ့။ အခုတော့ အဆိုတော်နှစ်ယောက်ကို စစ်ဆေးနေဆဲလို့ သိထားတယ်'' လို့ ပီနန်ကမြန်မာအရေးလှုပ်ရှားသူတစ်ဦးက ဒီကနေ့ နေ့လယ်ပိုင်း မလေးစံတော်ချိန် ၁ နာရီလောက်အထိ သူသိထားတဲ့အခြေအနေကိုပြောပါတယ်။
အခုဝင်ရောက်ဖမ်းဆီးခံရတဲ့ပွဲဟာ ကနဦးအစီအစဥ်အရ ကွာလမ်ပူကဖျော်ဖြေရေးပွဲတစ်ခုတည်းသာရှိပေမဲ့ မြန်မာပရိသတ်အားပေးမှုများတာကြောင့် ဘာတာဝပ်မှာထပ်ပြီးလုပ်ခဲ့တာလို့ ဖျော်ဖြေပွဲအကြောင်းသိရှိသူကပြောပါတယ်။
စနေနေ့ ဖျော်ဖြေပွဲညက ဖမ်းဆီးထိန်းသိမ်းခံရသူဦးရေ လူ ၃၀၀ ကျော်ရှိပြီး ဇန်နဝါရီ ၁၄ ရက်မနက်ပိုင်းမှာတော့ ၅ ယောက်လောက်သာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖမ်းဆီးခံရတဲ့အထဲပါသွားပြီး ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသမီးတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။
'' ညက ဖျော်ဖြေပွဲက ပြီးသလောက်ဖြစ်ပြီး မဖူး( ဖူးပွင့်ခိုင်)မွေးနေ့အတွက် ကိတ်ခွဲပြီး ဒီဂျေနဲ့ ကကြတဲ့အချိန်မှာ ရဲတွေက ဝန်းထဲဝင်လာပြီး အကုန်ပိတ်ပြီးဖမ်းလိုက်တာ။ ညီမကိုက ပွဲစီစဥ်တဲ့သူတွေကအာမခံလို့ပြန်လွတ်လာတာ'' လို့ ပွဲမှာ ကိုယ်တိုင်ရှိနေတဲ့ အမျိုးသမီးကပြောပြပါတယ်။
အခုဒီဖျော်ဖြေပွဲဖမ်းဆီးခံရမှုဟာ မလေးရှားအစိုးရကလုပ်နေတဲ့ အော်ပရာစီလို့ခေါ်တဲ့ တရားမဝင်အထောက်အထားမဲ့နေထိုင်သူတွေကို ဖမ်းဆီးတဲ့လုပ်ငန်းစဥ်နဲ့ ဆက်စပ်မှုမရှိဘဲ ဘေးပတ်ဝန်းကျင်ကဆူပူမှုနဲ့တိုင်ကြားချက်ကြောင့် ဝင်ရောက်ဖမ်းဆီးတာလို့ ရဲစခန်းကိုရောက်ခဲ့တဲ့ ထိန်းသိမ်းခံရသူနဲ့ မြန်မာအရေးလုပ်ဆောင်သူတချို့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, K
လက်ရှိမှာ ထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေနဲ့ သူတို့ရဲ့ မန်နေဂျာအပါအဝင် တချို့ကို ရဲစခန်းမှာ မူးယစ်ဆေးသုံးစွဲထား၊မထားအပါအဝင် ဆေးစစ်မှုတွေဆက်လုပ်နေတယ်လို့လည်း ရဲစခန်းကပြန်လွတ်လာသူကဆက်ပြောပြပါတယ်။
ဒါအပြင် ဖျော်ဖြေပွဲသွားတဲ့ အနုပညာရှင်နှစ်ဦးနဲ့အဖွဲ့ဟာ ဖျော်ဖြေရေးလုပ်မယ်ဆိုတဲ့ စီးပွားရေးဗီဇာပုံစံနဲ့လာရောက်တာမဟုတ်ဘဲ အလည်အပတ်ဗီဇာနဲ့လာရောက်တဲ့အတွက် စစ်ဆေးမှုတွေဆက်လုပ်နေတာလို့ဆိုပါတယ်။
၂၀၂၃ ဒီဇင်ဘာကစပြီးလက်ရှိကာလမှာ မလေးရှားတစ်နိုင်ငံလုံးနီးပါး အော်ပရာစီလို့ခေါ်ကြတဲ့ တရားမဝင်အထောက်အထားမဲ့နေထိုင်သူတွေကိုဖမ်းဆီးတဲ့ စီမံချက်ကို မလေးရှားရဲတပ်ဖွဲ့က အပြင်းအထန်လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာအပါအဝင် နိုင်ငံခြားအလုပ်သမားများစုက R2K လို့ခေါ်တဲ့ တရားဝင်နေထိုင်အလုပ်လုပ်ခွင့် ပါမစ်ကို တရားဝင်မလျှောက်ကြဘဲ နိုင်ငံကူးလက်မှတ်အတု၊ ပါမစ်အတုတွေနဲ့ နေထိုင်နေတာကြောင့် မလေးရှားအာဏာပိုင်တွေဖြစ်တဲ့ ရဲ၊ စစ်တပ်၊ လဝကအပါအဝင် အကောက်ခွန်ဌာန စတဲ့ အင်အား ၁၀၀၀ ဝန်းကျင်ရှိတဲ့ အဖွဲ့အစည်းတွေ အားလုံးပေါင်းပြီး ဖမ်းဆီးနေတာလို့ မလေးရောက်မြန်မာလုပ်သားအရေးဆောင်ရွက်သူတွေကအစောပိုင်းကတည်းက ဘီဘီစီကိုပြောထားပါတယ်။
မလေးရှားနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် နဲ့ အလုပ်လုပ်ခွင့်ပေးတဲ့ လက်ဗွေစနစ် (R2K) ကို ကျင့်သုံးနေတာ တစ်နှစ်ရှိနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်က နောက်ဆုံးလျှောက်ရမယ့်နေ့ပါတယ်။
ပါမစ်မရှိတဲ့သူတွေ၊ နိုင်ငံကူးလက်မှတ်အတုနဲ့နေထိုင်သူတွေ၊ အလုပ်လုပ်ခွင့်ပါမစ်အမျိုးအစားနဲ့ လုပ်ကိုင်နေတဲ့ အလုပ်အမျိုးအစား မတူညီတဲ့သူတွေ (ဥပမာအားဖြင့် ဆောက်လုပ်ရေးအလုပ်သမားပါမစ်နဲ့ စားသောက်ဆိုင်မှာလုပ်နေတဲ့သူတွေ) အပြင် မလေးရှားအစိုးရကို အခွန်မဆောင်ဘဲ စားသောက်ကုန်အတုတွေ တင်သွင်းသိုလှောင်နေတဲ့သူတွေ ကတော့ အရေးယူခံရနိုင်တယ်လို့ သိရပါတယ်။
ပြစ်မှုအမျိုးအစားအလိုက် လျော်ကြေးသတ်မှတ်တာတွေရှိသလို ထောင်ဒဏ် ၃ လ ကနေ ၉ လအထိ ထောင်ချတာတွေ လုပ်နိုင်တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံထဲကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကနေ တရားမဝင်ခိုးဝင် နေထိုင်နေတဲ့သူတွေကို မလေးရှားအာဏာပိုင်အဖွဲ့အစည်းတွေက ဖမ်းဆီးနှိမ်နင်းပြီး အရေးယူနေတာဖြစ်တဲ့အတွက် နောက်ပိုင်းမှာလည်း မြန်မာတွေအနေနဲ့ လိုင်စင်မရှိဘဲ ကား၊ ဆိုင်ကယ်မောင်းနှင်တာတွေမလုပ်ဖို့နဲ့ လာမယ့်နှစ်သစ် ပွဲတော်ကာလတွေမှာ အသွားအလာအနေအထိုင် ဆင်ခြင်ကြဖို့ ကို မြန်မာလုပ်သားအရေးဆောင်ရွက်တဲ့အသိုင်းအဝိုင်းက တောက်လျှောက်တိုက်တွန်းနေတာပါ။








