အမေနဲ့သမီး ဘယ်အချိန် ပြန်ဆုံမလဲ - မလေးရှား ထိန်းသိမ်းရေး စခန်းတွေမှာ ပိတ်မိနေတဲ့ မြန်မာတွေ

ကလေး ၄ ဦး အပါအဝင် မြန်မာ အမျိုးသား ၃၃ ဦး ၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၅၃ ဦး Pekan Nanas ထိန်းသိမ်းရေးစခန်းရှိနေတယ်လို့ မြန်မာသံရုံးက သူတို့သွားရောက်တွေ့ဆုံတဲ့သတင်းမှာ ဖော်ပြထား

ဓာတ်ပုံ ရင်းမြစ်, Myanmar Embassy in Kuala Lumpur, Malaysia

ဓာတ်ပုံ ပုံစာ, ကလေး ၄ ဦး အပါအဝင် မြန်မာ အမျိုးသား ၃၃ ဦး ၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၅၃ ဦး Pekan Nanas ထိန်းသိမ်းရေးစခန်းမှာ ရှိနေတယ်လို့ မြန်မာသံရုံးက သူတို့သွားရောက်တွေ့ဆုံတဲ့သတင်းမှာ ဖော်ပြထား

‘အမေ စိတ်ပူမှာစိုးလို့ အမေကို အသိမပေးဘဲ သူအိမ်ပြန်ရောက်အောင် ကူညီပါ’လို့ မြန်မာနိုင်ငံက အစ်ကိုထံကို မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းထဲမှာ ပိတ်မိနေတဲ့ အသက် ၃၀ ကျော် အမျိုးသမီး တစ်ဦးက ဆက်သွယ်လာပါတယ်။

သူအိမ်ပြန်မရောက်နိုင်ခဲ့ရင် ထိန်းသိမ်းရေးစခန်းတစ်ခုထဲမှာ သေဆုံးပြီလို့ မှတ်ယူလိုက်ဖို့ အကြောင်းကိုလည်း ညစ်ထပ်ထပ် စာရွက်အတိုအပြတ်လေးတွေပေါ်မှာရေးပို့လိုက်တဲ့ စာတိုတွေထဲမှာ ပါလာပါတယ်။

သူ့စာထဲမှာ “…ညီမလေးက ဒုက္ခရောက်နေပြီ။ ပြန်ကူညီပါဟာ။ နေမကောင်းဘူး။ အိမ်ပြန်မရောက်လာရင် … immigration မှာ သေပြီ။ အမေ့ကိုတော့ မပြောနဲ့။ …” လို့ သူ့အခြေအနေကို ပြောပြထားတဲ့ စာတိုတစ်ခုလည်း ပါပါတယ်။

သူဟာ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ရင်း လစာပိုရတဲ့ဆီ အလုပ်ပြောင်းလုပ်ခဲ့ရာက နေထိုင်ခွင့်သက်တမ်းကျော်သွားပြီး ဖမ်းဆီးခံခဲ့ရတဲ့နောက် ထိန်းသိမ်းရေးစခန်းမှာ ၂ နှစ်လောက် ပိတ်မိနေခဲ့တာပါ။

အခုတော့ လွတ်မြောက်လာသူ လူငယ်တစ်ဦးဆီကတစ်ဆင့် သူ မဖြစ်မနေ အိမ်ပြန်ချင်နေတဲ့အကြောင်း စာကို ရခဲ့ပါတယ်။ 

အခုအခါမှာ မလေးရှားလူဝင်မှုဥပဒေချိုးဖောက်တယ်ဆိုပြီး ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံကို ပြန်လာသူတချို့ရှိနေပေမဲ့ သူကတော့ နှလုံးခုန်မြန်နေလို့ ကျန်းမာရေးအရ လေယာဥ်ပေါ်လိုက်ဖို့ မသင့်တော်ဘူးဆိုပြီး ထားခဲ့ခံရမှာကို သူက စိုးရိမ်နေပါတယ်။

သူလွတ်မြောက်ရေးအတွက် သူ့အစ်ကိုက မြန်မာသံရုံးရော၊ အကူအညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေဆီပါ မကြာခဏ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမထူးခဲ့ပါဘူး။ 

အိမ်မှာ ကျန်ခဲ့တဲ့ သူ့အမေကတော့ သူ့စိတ်နဲ့ လေဖြတ်သွားခဲ့ပါတယ်။

သူတို့ သားအမိ ဘယ်အချိန်ပြန်ဆုံနိုင်ပါမလဲ။ 

သူ့လိုပဲ ထိန်းသိမ်းစခန်းထဲမှာ ပိတ်မိနေကြသူတွေက သူတို့လွတ်မြောက်ရေးအတွက် အကူအညီတောင်းခံလာကြတာတွေ ရှိပါတယ်။

ထိန်းသိမ်းရေးစခန်းတွေမှာ နှစ်ချီပိတ်မိနေကြသူတွေ

မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ နှစ်ချီချုပ်နှောင်ခံထားရတဲ့ မြန်မာလုပ်သား တချို့ဟာနေရပ်ပြန်ချင်နေကြပြီး ပြည်တွင်းမှာရှိနေတဲ့မိသားစုဝင်တွေဆီကို နီးစပ်ရာကတဆင့် အကူအညီ တောင်းခံလာတယ်လို့ မိသားစုတွေက ပြောပါတယ်။ 

သူတို့တွေဟာ အာဏာသိမ်းစတုန်းက မလေးရှားရောက် မြန်မာတွေကို မြန်မာရေတပ်စစ်သင်္ဘောတွေနဲ့ပြန်ခေါ်ယူခဲ့ပေမဲ့ ကျန်ခဲ့သူတွေဖြစ်ပြီး ဒီကနေ့အချိန်အထိ နေရပ်ပြန်မရ ဖြစ်နေတာလို့ ဆိုပါတယ်။

ဘယ်လို အခက်အခဲ ကြုံနေလဲ

ပြန်လွတ်လာသူကနေတစ်ဆင့် မိသားစုဆီ ဆက်သွယ်လာတဲ့ အမျိုးသမီးတစ်ဦးရဲ့စာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပြန်လွတ်လာသူကနေတစ်ဆင့် မိသားစုဆီ ဆက်သွယ်လာတဲ့ အမျိုးသမီးတစ်ဦးရဲ့စာ

မလေးရှားနိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးစည်းကမ်းနဲ့ ငြိစွန်းတာကြောင့် အကျဉ်းချခံရပြီး လွတ်ရက်စေ့သူ မြန်မာနိုင်ငံသားအယောက် ၁၀၀၀ ကျော် ကို ပြီးခဲ့တဲ့နှစ် အာဏာသိမ်းစတုန်းက စစ်ကောင်စီ က သင်္ဘောနဲ့ ပြန်ခေါ်တာ ရှိခဲ့ပါတယ်။

အဲဒီအချိန်တုန်းက မလေး‌ရှားရောက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက မလေးရှားအစိုးရ အနေနဲ့ မြန်မာစစ်ကောင်စီထံကို ဒီလူတွေကို အတင်းအကျပ် လွှဲပြောင်းပို့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားရုံးမှာ မလေးရှားအစိုးရ ကို အမှုဖွင့်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

တရားရုံးကနေ စစ်အာဏာသိမ်းထားတဲ့ မြန်မာပြည်ကို ပြန်လွှတ်တာကို ဆိုင်းငံ့ဖို့ဆုံးဖြတ်ခဲ့ပေမဲ့ မလေးအာဏာပိုင်တွေ ဘက်က ပြန်ပို့မယ့်စာရင်း ၁၂၀၀ ထဲက ကိုဗစ်ကင်းရှင်းသူ အယောက် ၁၀၈၆ ဦးကို မြန်မာရေတပ် သင်္ဘောတွေပေါ် တင်ပေးခဲ့ပါတယ်။

မြန်မာရေတပ်သုံး ပင်လယ်ပြင် ရွေ့လျားဆေးရုံ သံလွင် (ညာ) နဲ့ ဖရီဂိတ်စစ်သင်္ဘော ဆင်ဖြူရှင်တို့ကို ကွာလာလမ်ပူမြို့ အပြင်ဘက် လူမွတ် ဆိပ်ကမ်းမှာတွေ့ရစဥ် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာရေတပ်သုံး ပင်လယ်ပြင် ရွေ့လျားဆေးရုံ သံလွင် (ညာ) နဲ့ ဖရီဂိတ်စစ်သင်္ဘော ဆင်ဖြူရှင်တို့ကို ကွာလာလမ်ပူမြို့ အပြင်ဘက် လူမွတ် ဆိပ်ကမ်းမှာတွေ့ရစဥ် (ပုံဟောင်း)

 အဲ့ဒီထဲက ကိုဗစ်တွေ့ရှိတာကြောင့် ကျန်ရစ်ခဲ့သူ မြန်မာ ၁၁၄ ဦးဟာ ဒီကနေ့ သြဂုတ် ၆ရက်အထိ မလေးရှားနိုင်ငံတဝန်းက ထိန်းသိမ်းရေးစခန်း တွေမှာ ဆက်လက်ထိန်းသိမ်း ခံနေရဆဲဖြစ်တယ်လို့ မိသားစုဝင်တချို့ကပြောပါတယ်။

ဒီပိတ်မိနေသူ ၁၁၄ ဦး နေရပ်ပြန်နိုင်ရေးအတွက် မြန်မာသံရုံးဘက်က စာရွက်စာတမ်းတွေ ပြင်ဆင်ထားပြီး ဖြစ်ပေမဲ့ လူ့အခွင့်အရေးတက်ကြွသူတွေက တရားစွဲ ထားတာကြောင့် ပြန်လိုမရတာလို့ မြန်မာသံရုံးတာဝန်ရှိသူတွေက ဆိုပါတယ်။

တက်ကြွလှုပ်ရှားသူတွေဘက်ကလည်း ဒါဟာ မလေးရှား တရားရုံးရဲ့ ပြန်လွှတ်ဖို့ ဆိုင်းငံ့ အမိန့်ကြောင့်သာဖြစ်တယ်လို့ တုံ့ပြန်ကြပြန်ပါတယ်။

ဒီလို တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲမှုတွေရှိနေပြီး လက်တွေ့မှာတော့ ကိုဗစ်ကာလရော စစ်အာဏာသိမ်းမှုကြောင့်ပါ ဒီ မြန်မာနိုင်ငံသား ၁၁၄ ဦးဟာ မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာ အနည်းဆုံး နှစ်နှစ် နီးပါး ပိတ်မိနေကြပြီ ဖြစ်ပါတယ်။

နေရပ်ပြန်ဖို့ ဘယ်လိုဖြေရှင်းရမလဲ

ပြစ်ဒဏ်ကျခံပြီးနောက် သြဂုတ်လ ၄ ရက်နေ့က ကွာလာလမ်ပူ လေဆိပ်ကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် မြန်မာ ၉၈ ဦး

ဓာတ်ပုံ ရင်းမြစ်, Myanmar Embassy in Kuala Lumpur, Malaysia

ဓာတ်ပုံ ပုံစာ, ပြစ်ဒဏ်ကျခံပြီးနောက် သြဂုတ်လ ၄ ရက်နေ့က ကွာလာလမ်ပူ လေဆိပ်ကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် မြန်မာ ၉၈ ဦး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပိတ်မိနေသူ ၁၁၄ ဦးဟာ ဘယ်လိုလုပ်ဆောင်မှသာ နေရပ်ပြန်နိုင်မှာလဲ၊ ဒီဆိုင်းငံ့အမိန့်ထုတ်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလှုပ်ရှားခဲ့သူတစ်ဦးဖြစ်တဲ့ မလေးရှားရောက် မြန်မာလုပ်သား အရေးဆောင်ရွက်သူ ဒေါ်သူဇာမောင်က အခုလို ပြောပြပါတယ်။

မိသားစုတွေက ပြန်ချင်တယ်ဆိုတဲ့ တောင်းဆိုချက်တွေကို အန်ဂျီအိုတွေနဲ့ ဒေသခံအသိုင်းအဝိုင်းတွေဆီကို စာတင်မှ တောင်းဆိုပေးလို့ရမယ်လို့ ဆိုပါတယ်။ 

လောလောဆယ်မှာ အဲဒီစခန်းတွေကို ကုလဒုက္ခသည်အကူအညီပေးရေးအဖွဲ့တွေ အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေ ဝင်ရောက်ခွင့်မပြုဘူးလို့ မလေးရှား အစိုးရက ကန့်သတ်ထားတဲ့အတွက် ကူညီလုပ်ကိုင်ခွင့်မရဘူး ဖြစ်နေတယ်လို့ ဆိုပါတယ်။

 ဒီလိုမိသားစုဝင်ကိုယ်တိုင်ကနေ ပိတ်မိနေသူတွေ ပြန်လွတ်မြောက်ဖို့ ကြိုးစားရမယ်လို့ ဆိုရာမှာလည်း ဒီ ၁၁၄ ဦးရဲ့ မိသားစုအများစုက ဆက်သွယ်လာတာမျိုး မရှိဘူးလို့ မလေးရှားရောက် မြန်မာလုပ်သားအရေး လိုက်ပါဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေကနေ သိရပါတယ်။

ဒါ့အပြင် အခုပိတ်မိနေသူတွေအနေနဲ့ စခန်းတွေကနေ လွတ်မြောက်ရေးအပြင် နေရပ်ပြန်မယ်၊မပြန်မယ် ဒါမှမဟုတ် တခြားဘယ်လို ဆန္ဒတွေ ရှိနေသလဲဆိုတာကိုတော့ ကာယကံရှင်တွေ၊ သူတို့မိသားစုတွေနဲ့ အဆက်အသွယ် မရတဲ့အတွက် မသိနိုင်ဘူးလို့ ဒေါ်သူဇာမောင်က ပြောပါတယ်။

 ပိတ်မိနေသူတွေ လွတ်မြောက်ရေးကို မြန်မာသံရုံးနဲ့ချိတ်ဆက်ဆောင်ရွက်နေတဲ့ ဒေသခံအကူအညီပေးနေသူတစ်ဦးကတော့ သူတို့ထဲက ၁၈ ဦးလောက်က နေရပ်ပြန်ရေး အကူအညီ တောင်းခံထားတာရှိတယ်လို့ ပြောပါတယ်။

တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်သူ မြန်မာလုပ်သားသိန်းနဲ့ချီရှိနေတဲ့ မလေးရှားနိုင်ငံမှာ အခုလို မလေးရှားတရားရုံးအမိန့် ကြောင့် နေရပ်ပြန်လို့မရသူတွေအပြင် အကျဉ်းထောင်တွေထဲမှာ နေရပ်ပြန်ဖို့ စောင့်ဆိုင်းနေရဆဲ မြန်မာ ပြည်သား ၅၀၀၀ နီးပါးရှိတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ညီမလွတ်မြောက်ပြီး အမေဆီပြန်လာနိုင်ဖို့ ကြိုးပမ်းနေတဲ့ အစ်ကို ဖြစ်သူကတော့ “ရာဇဝတ်မှု အကြီးကြီးလည်း မဟုတ်ဘဲ လူ့အခွင့်အရေး ချိုးဖောက်ထားပြီးတော့ ထိန်းသိမ်းထားတဲ့အခါကျတော့ တစ်ယောက်ပြီး တစ်ယောက်လွတ်သွားတယ်။ သူတို့ ဘယ်တော့ လွတ်မလဲ၊ သူတို့ကို ဘယ်သူက လာကယ်မလဲ၊ သူတို့ကို ဘာကြောင့် ဖမ်းထားတယ်ဆိုတာ မသိဘူးပေါ့နော်" လို့ ပြောပါတယ်။

ညီမရဲ့ စာတိုတွေ ထဲမှာတော့ " ...အမေ အားမငယ်ပါစေနဲ့။ ညီမလေးကို ကူပါ။... အမေ့မပြောနဲ့" လို့ ဆိုနေပါတယ်။