ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှုနဲ့ မြန်မာ့စီးပွားရေးကျဆင်းမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗြိတိန်နိုင်ငံမှာ ၂၀၂၂ ခုနှစ်ကစပြီး စီးပွားရေးကျဆင်းမှုကြီးဖြစ်ပေါ်တော့မယ်လို့ အင်္ဂလန်ဗဟိုဘဏ်က ခန့်မှန်းလိုက်ပါတယ်။
တကမ္ဘာလုံး နေရာအနှံ့အပြားမှာလည်း စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုကြီး ဖြစ်လာတော့မယ်လို့ နိုင်ငံတကာစီးပွားရေးပညာရှင်တွေက ခန့်မှန်းသုံးသပ်ကြပါတယ်။
စီးပွားရေးကျဆင်းမှုဆိုတာဘာလဲ
သာမန်အချိန်မှာ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဟာ တဖြည်းဖြည်း ပုံမှန်ဖွံ့ဖြိုးလေ့ရှိပါတယ်။ ပျမ်းမျှနိုင်ငံသားအများစုဟာ အနည်းငယ် ချမ်းသာလာတတ်ပါတယ်။ အဲဒါကို တိုင်းပြည်တွင်းစုစုပေါင်းထုတ်ကုန် ဂျီဒီပီ Gross Domestic Product နဲ့တိုင်းတာပါတယ်။ ဂျီဒီပီဟာ ပြည်တွင်းမှာထုတ်လုပ်တဲ့ စုစုပေါင်းထွက်ကုန်နဲ့စုစုပေါင်းဝန်ဆောင်မှုအားလုံးကို ပေါင်းထားတာပါ။ ဒါပေမဲ့ တခါတရံမှာ ဂျီဒီပီဟာ အကြောင်းတခုခုကြောင့် ကျဆင်းတတ်ပါတယ်။ ဂျီဒီပီကို ၃ လတကြိမ်တိုင်းလောက်မှာ တွက်ချက်လေ့ရှိပါတယ်။ ၃ လတကြိမ် ဂျီဒီပီဟာ ဆက်တိုက်ကျလာရင် စီးပွားရေး ကျဆင်းလာပြီလို့ ခေါ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးဆိုးလာပြီလို့ သတ်မှတ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ ၂၀၂၀ ကိုဗစ်ကာလဟာ နောက်ဆုံးအကြိမ် စီးပွားရေးကျဆင်းမှုနွံထဲကျရောက်တာ ဖြစ်ပါတယ်။
ဘာ့ကြောင့်အရေးကြီးသလဲ
စီးပွားရေးဖွံ့ဖြိုးမှုဟာ လူအများစုအတွက် ယေဘုယျအားဖြင့်ကောင်းပါတယ်။ စီးပွားရေးဖွံ့ဖြိုးရင် အလုပ်အကိုင် ပိုပေါလာတယ်။ ကုမ္ပဏီတွေ၊ အလုပ်ရှင်တွေ အမြတ်ပိုရတယ်။ အလုပ်သမား ပိုလိုအပ်လာရင် လုပ်အားစျေးကွက်မှာ တောင်းဆိုမှုများလာရင် လုပ်ခပိုရလာနိုင်ခြေရှိသလို ကုမ္ပဏီပိုင်ရှင်၊ ရှယ်ယာပိုင်ရှင်တွေ ပိုချမ်းသာလာပါတယ်။ အစိုးရအတွက် အခွန်ပိုရပါတယ်။ အစိုးရကောင်းတွေဟာ ပြည်သူပြည်သားတွေအတွက် လူမှုဖူလုံရေး၊ ကျန်းမာရေး၊ ပညာရေးတွေမှာ ပိုသုံးချင်ရင် သုံးစရာဝင်ငွေ တိုးလာပါတယ်။
စီးပွားရေးကမဖွံ့ဖြိုးဘဲ ကျုံ့သွားခဲ့ရင်တော့ အဲဒါတွေအားလုံး ပြောင်းပြန်ဖြစ်ပါတယ်။
စီးပွားရေးကျဆင်းတော့မှာလား
ဗြိတိန်နိုင်ငံမှာ စီးပွားရေးကျဆင်းမှု တကျော့ပြန်ရောက်လာတော့မယ်လို့ အင်္ဂလန်ဗဟိုဘဏ်က ခန့်မှန်းပါတယ်။ အဲဒီကျဆင်းမှုဟာ ကြာလည်းကြာမယ်လို့ ခန့်မှန်းပါတယ်။ ရှေ့လာမဲ့ ၃ လပတ်ကာလ စီးပွားရေး ပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒုတိယ ၃ လပတ်ကာလ စီးပွားရေးပမာဏထက် ၁ ရာနှုန်းလောက် ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ကုန်စျေးနှုန်းဟာ ဆိုးဆိုးဝါးဝါး မြင့်တက်နေပါတယ်။ အထူးသဖြင့် လောင်စာဆီစျေးနှုန်းက ပိုဆိုးပါတယ်။ တက်လာတဲ့ကုန်စျေးနှုန်းကို လူတွေရဲ့ဝင်ငွေက လိုက်မမီဘဲ တောက်လျှောက်ကျဆင်းနေပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ကထက် ငွေဖောင်းပွမှုနှုန်းဟာ ၁၃ ရာနှုန်းအထိမြင့်တက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ နှစ်မကုန်သေးတဲ့အခုအချိန်မှာ ငွေဖောင်းပွမှုနှုန်းဟာ ၉ ရာနှုန်းအထိ ရောက်နေပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာတလွှားအခြေအနေ
တခြားနိုင်ငံအများအပြားရဲ့ စီးပွားရေးအခြေအနေကလည်း ပြင်းပြင်းထန်ထန် ကြိုးစားရုန်းကန်နေရတဲ့ အခြေအနေပါ။ ကမ္ဘာ့စီးပွားရေးဟာ မှေးမှိန်ဖျော့တော့လာပြီး မသေချာမှုများစွာနဲ့ ရင်ဆိုင်နေရပြီလို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ထုတ်ပြန်တဲ့ နောက်ဆုံးစီးပွားရေးစစ်တမ်းမှာ ဖော်ပြထားပါတယ်။ အဲဒီစစ်တမ်းမှာ အဓိကအားဖြင့် ဒေသ ၃ ခုကို မီးမောင်းထိုးဖော်ပြပါတယ်။ တရုတ်ရဲ့ စီးပွားရေးဟာ အကျဘက်ကိုဦးတည်နေတယ်လို့ဆိုပါတယ်။ အမေရိကန်နဲ့ဥရောပတို့မှာလည်း ငွေကြေးဖောင်းပွမှုဟာ ခန့်မှန်းထားတာထက် အများကြီး ပိုဆိုးနေတယ်လို့ ဆိုပါတယ်။
ဒီလိုဖြစ်ပွားရတဲ့ အကြောင်းရင်းအဖြစ် အဓိကအားဖြင့် အကြောင်း ၂ ကြောင်းကို အပြစ်တင်ထားပါတယ်။ ပထမတကြောင်းက ရုရှား၊ ယူကရိန်းစစ်ပွဲပါ။ ရုရှား၊ ယူကရိန်းစစ်ပွဲကြောင့် လောင်စာဆီစျေးနှုန်း တက်ပါတယ်။ စားသောက်ကုန်စျေးနှုန်း တက်ပါတယ်။ ဒုတိယတကြောင်းက ကိုဗစ်ကပ်ရောဂါကြောင့်ပါ။
စီးပွားရေးဖွံ့ဖြိုးမှုနှုန်း
၂၀၂၂ ခုနှစ် ဧပြီလ နောက်ပိုင်းမှာ ကမ္ဘာကြီးဟာ ပိုပြီး မှောင်မည်းလာတယ်လို့ IMF ရဲ့စီးပွားရေးအကြံပေးနဲ့ သုတေသနညွှန်ကြားရေးမှူး ပီယဲအိုလီဗာဂိုရင်ချာက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ကပဲ စီးပွားရေးကျဆင်းမှုကြီးဖြစ်ခဲ့တဲ့ ကမ္ဘာကြီးဟာ မကြာခင်မှာ နောက်တကြိမ် စီးပွားရေးကျဆင်းမှု ချောက်ကမ်းပါးကြီးရဲ့ အစွန်းကို ရောက်တော့မယ်လို့ ဆိုပါတယ်။ ကမ္ဘာ့စီးပွားရေးဟာ ပြီးခဲ့တဲ့နှစ်မှာ ၆.၁ ရာခိုင်နှုန်း လျော့ကျပြီး ဒီနှစ်မှာ ၃.၂ ရာခိုင်နှုန်းလျော့ကျမယ်လို့ ခန့်မှန်းထားပါတယ်။ လက်တွေ့ဒီနှစ်ဧပြီလမှာ ခန့်မှန်းထားတာထက် ဝ.၄ ရာခိုင်နှုန်းပိုလျော့ကျခဲ့ပါတယ်။
အမေရိကန်အိမ်ထောင်စုတွေရဲ့ ဝယ်နိုင်စွမ်းအားတွေ သိသိသာသာ ကျဆင်းသွားပါတယ်။ ဝယ်နိုင်စွမ်းအားကျဆင်းတယ်ဆိုတာ အိမ်ထောင်စုဝင်ငွေဟာ ငွေကြေးကိန်းဂဏန်းအရ လျော့နည်းမသွားဘဲ ကုန်စျေးနှုန်းတွေတက်လာတဲ့အတွက် ကုန်ပစ္စည်းအရ နည်းသွားတာကို ဆိုလိုပါတယ်။ ဝင်ငွေက ဒီဝင်ငွေပေမဲ့ ပစ္စည်းအရ နည်းသွားပါတယ်။ ကိုယ့်အိတ်ထဲကငွေဟာ အလိုလို သေးသွားပါတယ်။ အဲသလို ကိုယ့်အိတ်ထဲကငွေ ကျုံ့သွားတဲ့နှုန်းဟာ ဒီနှစ်မှာ ၂.၃ ရာခိုင်နှုန်းဖြစ်ပြီး နောက်နှစ်မှာ ၁ ရာခိုင်နှုန်းလျော့ကျမယ်လို့ ခန့်မှန်းထားပါတယ်။
တရုတ်ရဲ့စီးပွားရေးဟာလည်း ကြိုတင်ခန့်မှန်းထားတာထက် ပိုကျဆင်းပါတယ်။ အဲသလိုကျဆင်းရတာဟာ ကိုဗစ် ၁၉ ကပ်ရောဂါကာကွယ်ရေး လော့ဒေါင်းချတာတွေကြောင့် တကြောင်း၊ ရုရှား၊ယူကရိန်းစစ်ပွဲကြောင့် တကြောင်းလို့ဆိုပါတယ်။ ဒီနှစ်မှာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ ၃.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။
ဥရောပရဲ့စီးပွားရေးက ဒီနှစ်မှာ ၂.၆ ရာခိုင်နှုန်းကျဆင်းပြီး ၂၀၂၃ ခုနှစ်မှာ ၁.၂ ရာခိုင်နှုန်းကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။
ငွေကြေးဖောင်းပွမှု
စီးပွားရေးကျနေတာနဲ့ တပြိုင်နက်မှာ ငွေကြေးဖောင်းပွမှုက တရိပ်ရိပ်တက်နေပါတယ်။ ဒီနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းဟာ ဖွံ့ဖြိုးနိုင်ငံတွေမှာ ၆.၆ ရာခိုင်နှုန်းမြင့်တက်လာပြီး ဖွံ့ဖြိုးမှုနိမ့်နိုင်ငံတွေမှာ ၉.၅ ရာခိုင်နှုန်းမြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာ့စီးပွားရေးကျဆင်းမှု
မြန်မာ့စီးပွားရေးဟာ အထိမခံရွှေပန်းကန် အခြေအနေကိုရောက်နေပြီလို့ ကမ္ဘာ့ဘဏ်ရဲ့ ဇူလိုင်လ ၂၁ ရက်ထုတ်အစီရင်ခံစာက မှတ်ချက်ပေးထားပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၂၂ ခုနှစ်အတွက် စုစုပေါင်းထွက်ကုန်တန်ဖိုး ဂျီဒီပီဟာ ၂၀၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း လျော့ကျသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အဓိပ္ပာယ်ကတော့ သာမန်လူတန်းစားလူအများရဲ့ စီးပွားရေးဟာပိုပြီးကျပ်တည်းလာမယ်ဆိုတာပါပဲ။ မြန်မာတနိုင်ငံလုံးရှိ လူဦးရေစုစုပေါင်းရဲ့ ထက်ဝက်နီးပါး (၄၀ ရာခိုင်နှုန်း) ဟာ ကုလသမဂ္ဂကသတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှုမျဥ်းရဲ့အောက်မှာ ကျရောက်နေပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုဟာ ပြီးခဲ့တဲ့ ၁၀ နှစ်လုံးလုံးကြိုးစားထူထောင်လာတဲ့ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်ကို ဖျက်ဆီးပစ်လိုက်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မနှစ်က ၂၀၂၁ ခုနှစ်ထက် ဒီနှစ်မှာ ပိုဆိုးလာတာက လောင်စာဆီစျေးနှုန်း အဆမတန်မြင့်တက်လာတဲ့ အချက်ဖြစ်ပါတယ်။ ဒေါ်လာစျေး၊ ရွှေစျေးမတည်ငြိမ်မှုက မနှစ်ကနဲ့အလားတူဖြစ်ပါတယ်။
ဘဏ်တွေရဲ့ငွေကြေးလည်ပတ်စီးဆင်းမှုက မနှစ်ကထက်ပိုပြီးကောင်းလာပါတယ်။ ဘဏ်တွေကို ငွေအပ်သူပြန်ရှိလာပါတယ်။ ဘဏ်တွေပြိုလုလု အခြေအနေကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ငွေစက္ကူသစ်များစွာကို အဆက်မပြတ် ရိုက်ထုတ်ခဲ့တယ်လို့ ဝါဇီစက်ရုံဝန်ထမ်းတဦးနဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။ ကျပ် ၁ သောင်းတန်ကို အများဆုံး ရိုက်နှိပ်ပြီး၊ ကျပ် ၅၀၀၀ တန်နဲ့ ကျပ် ၁၀၀၀ တန်တွေကိုလည်း ရိုက်နှိပ်တယ်လို့ ဆိုပါတယ်။ သိပ်မကြာခင်ကပဲ ၁ သောင်းတန်ငွေစက္ကူ ၂ ခန်းနဲ့ ၅ ထောင်တန်ငွေစက္ကူ ၃ ခန်း၊ ၁ ထောင်တန်ငွေစက္ကူ ၁ ခန်းရိုက်နှိပ်တယ်လို့ ဆိုပါတယ်။ ဝါဇီမှာ ငွေစက္ကူရိုက်ရုံပဲရိုက်ပြီး ဗဟိုဘဏ်ရောက်မှ နံပါတ်ထိုးတာဖြစ်တဲ့အတွက် ရိုက်နှက်တဲ့ ငွေပမာဏအတိအကျကိုတော့ ဝန်ထမ်းတွေသိခွင့်မရဘူးလို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ စစ်ပွဲကြောင့် ကုန်ထုတ်လုပ်မှု ကျဆင်းနေပါတယ်။ မနှစ်က ဘဏ်လုပ်ငန်း အကျပ်အတည်း၊ စီးပွားရေး အကျပ်အတည်းကြောင့် စီးပွားရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းတချို့ ရပ်နားလိုက်ရတာတွေလည်း ရှိပါတယ်။ ရုရှား၊ ယူကရိန်းစစ်ပွဲကြောင့် လောင်စာဆီစျေး တက်နေပါတယ်။ ဓာတ်မြေသြဇာစျေးလည်း တက်ပါတယ်။ ငွေစက္ကူ အများအပြား ရိုက်နှိပ်ခြင်း၊ လောင်စာဆီ စျေးတက်ခြင်း၊ ကုန်ထွက် ကျဆင်းခြင်း အကြောင်း ၃ ရပ်စလုံးဟာ ကုန်စျေးနှုန်းတက်စေတဲ့ အကြောင်းတွေချည်းပဲ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းအားလုံးရဲ့ ၅ ပုံ ၁ ပုံနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေရဲ့ ၅ ပုံ ၂ ပုံက လုပ်ငန်းလုပ်ကိုင်ရာမှာ စစ်ရေးပဋိပက္ခတွေက စိန်ခေါ်ချက်တွေဖြစ်နေတယ်လို့ ထုတ်ဖော်ပြောဆိုကြကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြင်ပဝယ်လိုအားအပေါ်မှီခိုနေရတဲ့ အထည်ချုပ်လုပ်ငန်းတွေ ပြန်လည် လည်ပတ်လာနိုင်တာကို ဒီနှစ်ထဲမှာတွေ့ရတယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ဒီအစီရင်ခံစာပြုစုပြင်ဆင်ပြီးတဲ့ နောက်မှာမှ ဒေါ်လာစျေးနှုန်း နှုန်းသေသတ်မှတ်မှုအမျိုးမျိုး ထွက်ပေါ်လာပါတယ်။ ပြည်ပဒေါ်လာကြွေးမြီမဆပ်ဖို့ တိုက်တွန်းချက်လိုမျိုး ထွက်ပေါ်လာပါတယ်။ ဒါတွေဟာ ပြည်ပကုန်သွယ်ရေးအတွက် ကြီးကြီးမားမား အနှောင့်အယှက်ဖြစ်နိုင်တဲ့အချက်တွေပါ။
ကမ္ဘာ့စီးပွားရေးကလည်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဆုတ်ယုတ်မှုဆီကို သေသေချာချာ ဦးတည်နေပါတယ်။ မြန်မာ့စီးပွားရေးအပေါ်မှာလည်း ကမ္ဘာ့စီးပွားရေး၊ ကမ္ဘာ့နိုင်ငံရေးရဲ့ သြဇာသက်ရောက်မှုကကြီးသလို မိမိပြည်တွင်းက အရင်းခံနိုင်ငံရေး၊ စစ်ရေး အကြောင်းတရားတွေကလည်း သမိုင်းတလျှောက်မှာ တခါမှမကြုံဖူးတဲ့ပုံစံမျိုးနဲ့ ကြီးမားနေပါတယ်။ ဒါ့ကြောင့်ရှေ့လာမဲ့ မြန်မာ့စီးပွားရေးအလားအလာဟာ ကောင်းစရာထက် စိုးရိမ်စရာတွေက တော်တော်များနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








