ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆားဘီးယားမှာ ပစ်ခတ်မှု ၂ ကြိမ် ကြုံပြီးနောက် သေနတ်တွေ လာအပ်ကြ
ဒီလအစောပိုင်း ဆားဘီးယားမှာ လူအစုအလိုက် အပြုံလိုက် ပစ်ခတ် ခံရမှု ၂ ကြိမ် ကြုံခဲ့ရပြီးနောက်မှာ ဆာဘီးယား ပြည်သူတွေ အကြား စိုးရိမ်ထိတ်လန့်မှုတွေ ရှိလာခဲ့နိုင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အမျက်ဒေါသ ထွက်လာကြပါတယ်။ ဘဲလ်ဂရိတ်မြို့တော်မှာ ၂ ကြိမ် လူထောင်သောင်းချီပြီး ပါဝင်ဆန္ဒပြခဲ့ကြသလို တခြား မြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။
ဘဲလ်ဂရိတ်မြို့တော်နဲ့ နောက်တရက်အကြာ မြို့တော်ရဲ့ တောင်ပိုင်းက မလာဒီနိုဗက်မှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် ဆားဘီးယားက အကြမ်းဖက်မှုကို ဆန့်ကျင်တယ် ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး အကြမ်းဖက် အားပေးတဲ့ ယဉ်ကျေးမှုကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
အဲဒီနောက်မှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်ခဲ့ပြီးနောက် အစိုးရလည်း လှုပ်ခါလာခဲ့ရပါတယ်။ သြဇာရှိသူတွေက ဆန္ဒပြသူတွေရဲ့ အင်အားကို ခပ်ပေါ့ပေါ့ ရည်ညွှန်းပြီးတဖက်မှာ စည်းလုံးညီညွတ်မှုအတွက် ဆန္ဒပြပွဲတွေ ပြန်ကျင်းပကြပါတယ်။
ဒါပေမယ့် ဆန္ဒပြသူတွေရော အာဏာပိုင်တွေပါ သဘောတူကြတဲ့ အချက်တချက်တော့ ရှိပါတယ်။ သေနတ်ကိုင်မှုတွေ ထိန်းချုပ်ဖို့ပါ။
ဘဲလ်ဂရိတ် လုံခြုံရေး မူဝါဒဆိုင်ရာ စင်တာက လက်နက်ရေးရာ ကျွမ်းကျင်သူ ဘိုယန် အယ်လက်ခ်က ဆားဘီးယားမှာ သေနတ်ကိုင်ဆောင်ရေးအတွက် တောင်းဆိုလှုပ်ရှားသူ တယောက်မှ မရှိဘူးလို့ ဆိုပါတယ်။ အမျိုးသား သေနတ်ကိုင်ဆောင်သူများ အစည်းအရုံး ဆိုတာ ရှိပေမယ့် အမေရိကန် ပြည်ထောင်စုက အမျိုးသား ရိုင်ဖယ် အစည်းအရုံးနဲ့ ဘာမှ မတူပါဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးနောက် သမ္မတ အလက်ဇန်းဒါး ဗူးချစ်ချ် က နိုင်ငံတွင်းမှာ လက်နက်ဖြုတ်သိမ်း မှုတွေ လုပ်မှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ သူက တရားမဝင် ကိုင်ဆောင်ထားတဲ့ လက်နက်တွေကို တလအတွင်း လာရောက်အပ်နှံကြရင် အပစ်လွှတ်ပေးမယ်၊ အဲဒီနောက်မှ မှတ်ပုံမတင်ဘဲ သေနတ်ကိုင်ထားတယ် ဆိုရင်တော့ ကြီးလေးတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရမယ်လို့ သတိပေးခဲ့ပါတယ်။ သမ္မတ ကိုယ်တိုင်လည်း တရားဝင် လက်နက်ကိုင်ဆောင်ထားပါတယ်။ မစ္စတာ ဗူးချစ်ချ်က လက်နက်ပါမစ် သစ်တွေ ချပေးတာကို ခေတ္တ ရပ်ဆိုင်းပြီး လက်ရှိ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်နဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်မယ်လို့လည်း ကြေညာခဲ့ပါတယ်။
ဒီလို လုပ်ဖို့ ဆိုတာ ဆားဘီးယားလို သေနတ် ကိုင်ဆောင်မှု စိုးရိမ်စရာ ကောင်းလောက်အောင် မြင့်မားနေတဲ့ နိုင်ငံမှာတော့ အတော်ကို ကြီးလေးတဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ က ဆွဇ်ဇာလန်က လက်နက်ငယ် ဆိုင်ရာ လေ့လာမှု အဖွဲ့က အရပ်လူထုရဲ့ လက်နက်ကိုင်ဆောင်မှု အဆင့်မှာ ဆားဘီးယားကို ကမ္ဘာပေါ်မှာ တတိယ အများဆုံး နိုင်ငံအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဆားဘီးယားမှာ လူ ၁၀၀ တိုင်းမှာ ၃၉ ယောက်က သေနတ်ကိုင်ထားကြတာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုလို အဲဒီ နိုင်ငံစာရင်းရဲ့ ထိပ်ဆုံးက နိုင်ငံမျိုးမှာ လက်နက်တွေ ဖြုတ်သိမ်းဖို့ လုပ်မယ် ဆိုရင် လူထုနဲ့ နိုင်ငံရေး လောကရဲ့ တုံ့ပြန်မှုတွေ ဘယ်လို ဖြစ်လာမယ်ဆိုတာ မှန်းဆကြည့်လို့ ရပါတယ်။ ဒါပေမယ့် ဆားဘီးယားမှာတော့ ဒီလို ကြုံလာမှာ မဟုတ်ဘူးလို့ ဘိုယန် အယ်လက်ခ်က ပြောပါတယ်။
အခုပေးထားတဲ့ လက်နက်အပ်ရေး လွတ်ငြိမ်းခွင့်ကို အပြုသဘောနဲ့ လက်ခံ ကြတာကို တွေ့ရတယ်၊ ဒုတိယ နေ့မှာတင် လာအပ်ကြတဲ့ သေနတ်နဲ့ ခဲယမ်းမီးကျောက်တွေဟာ အရင် လွတ်ငြိမ်းခွင့် ၃ခါ ပေါင်းတာထက်တောင် များနေတယ်လို့ သူက ဆိုပါတယ်။
တရားမဝင် ကိုင်ဆောင်တဲ့ လက်နက်တွေဟာ အရေအတွက် အားဖြင့်တော့ နည်းသွားပြီ၊ လာအပ်ကြတဲ့ အထဲမှာ အရင် ဒုတိယ ကမ္ဘာစစ်က သုံးခဲ့တဲ့ လက်နက်တွေတောင် ပါသေးတယ်လို့ ပြောပါတယ်။ ခက်နေတာက အရင်က အပြင်မှာ လက်နက်တွေဟာ အရေအတွက် အားဖြင့် ဘယ်လောက် ပမာဏ ရှိတယ်ဆိုပြီး မပြောနိုင်တော့ အခုလည်း ဘယ်လောက် ကျန်နေသေးတယ် ဆိုတာ သိဖို့ ခက်တယ်လို့ ဆိုပါတယ်။
အဲဒီမှာ မေးစရာ ဖြစ်လာတာက အရပ်ထဲမှာ ရောက်နေတဲ့ လက်နက်တွေကို ထိန်းချုပ်နိုင်ဖို့ အစိုးရရဲ့ ခပ်သွက်သွက် ဆောင်ရွက်မှုတွေ၊ ဒီ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ကန့်ကွက်တာမျိုး သိပ်မရှိကြတဲ့ ကြားမှာပဲ ဘာကြောင့် လူတွေ ထောင်သောင်းချီပြီး ဆက်ပြီး လမ်းတွေပေါ် ထွက် ဆန္ဒပြနေကြလဲ ဆိုတာ ဖြစ်ပါတယ်။
နိုင်ငံရေး လေ့လာသူ ဘော့စ်ကို ယတ်ခ်ဆစ်ချ်က လက်နက်ကိုင်ဆောင်မှု လွတ်ငြိမ်းခွင့်က အဓိက အကြောင်းအရာ မဟုတ်ဘူးလို့ ယူဆပါတယ်။ သူက သမ္မတ ဗူးချစ်ခ်က သေနတ်တွေကို ထိန်းဖို့ သိမ်းဖို့ ခပ်မြန်မြန် လုပ်တယ်။ စနစ်တကျနဲ့ အလုပ်လည်း ဖြစ်နေတယ်၊ ဒီလို လုပ်နေတဲ့ ကြားမှာပဲ ဆန္ဒပြနေကြတာ ဘာကြောင့်လဲ၊ သူတို့ ဘာလိုချင်တာလဲ ဆိုတာ သိဖို့ပဲ ဖြစ်တယ်လို့ ပြောပါတယ်။
တကယ်တော့ ဆန္ဒပြသူတွေက သေနတ်တွေ လက်နက်တွေထက်ကျော်ပြီး ဒီပစ်ခတ်မှုတွေကို ဖြစ်စေခဲ့တဲ့ အရင်းခံ ပြဿနာတွေကို ရှင်းဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အဲဒီ အကြောင်းအရာတွေထဲမှာ အစိုးရထဲက အကြီးတန်း အရာရှိကြီး ၂ ယောက် နုတ်ထွက်ပေးဖို့နဲ့ အစိုးရယိမ်းတဲ့ သတင်းဌာန ၂ ခုကို ချပေးလိုက်တဲ့ လိုင်စင်တွေကို ပြန်ရုပ်သိမ်းပစ်ဖို့ လည်း ပါဝင်ပါတယ်။ ဆန္ဒပြသူတွေက ပြီးခဲ့တဲ့ ၂၀၁၂ က ဆားဘီးယား တိုးတက်ရေး ပါတီ အာဏာရလာပြီး နောက်ပိုင်းမှာ ဖြစ်လာတဲ့ ကိုယ်ရော နှုတ်ပါ အကြမ်းဖက်တဲ့ ဘက်ကို အသားပေးလာနေတဲ့ လူမှုပုံစံ တခုတွက် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ဘဲလ်ဂရိတ် မြို့ခံ အဲလ်လက်ခ်စ်က သူတို့ကို အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာရော၊ နိုင်ငံရေးဆိုင်ရာ ဆက်သွယ်ပြောဆိုမှုတွေမှာရော၊ ပါလီမန်တွင်းနဲ့ ရုပ်မြင်သံကြားပေါ်က အစီအစဉ်တွေပါ မကျန်အောင် အကြမ်းဖက်မှုတွေက ဝန်းရံနေတယ်။ လူကြီးလူကောင်း ဆန်ဆန် ပြောဆို ဆွေးနွေးမှုတွေ လုပ်တဲ့ ယဉ်ကျေးမှုက လုံးဝပျောက်ကွယ်နေတယ်လို့ ပြောပါတယ်။
ဆန္ဒပြသူ နောက်တဦး ဖြစ်တဲ့ မီးလော့စ်ကလည်း ဒီလိုပဲ ခံစားမိပါတယ်။ သူက အပြင်လောကမှာ ဆိုတာထက် မီဒီယာ တွေပေါ်မှာ ပြောနေ လုပ်နေကြတဲ့ အကြမ်းဖက်ဆန်တဲ့ အပြုအမူတွေ အမြင့်ဆုံးကို ရောက်လာနေတာကြောင့် ဒီလို ဝမ်းနည်းစရာ အဖြစ်တွေ ကြုံလာရတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဒီဆန္ဒပြသူတွေထဲက ဘယ်သူကမှ ဆာဘီးယားမှာလည်း အမေရိကန် ပြည်ထောင်စုမှာ ကြုံခဲ့ တဲ့ ပစ်ခတ်အကြမ်းဖက်မှု မျိုးတွေ ကြုံလာရနိုင်တယ်လို့ မယူဆကြပါဘူး။ အစိုးရဘက်က တော့ အနောက်နိုင်ငံတွေရဲ့ လူနေမှု ပုံစံတွေကိုပဲ အပစ်ဆိုနေကြပါတယ်။ ဒီမှာ ကြုံနေရတာတွေက အနောက်တိုင်း စံနှုန်းတွေနဲ့ ဘာမှ မဆိုင်ပါဘူး။ ဆားဘီးယား အစိုးရ ကိုယ်တိုင် ချမှတ်ပေးခဲ့တဲ့ စံနှုန်းတွေကြောင့်သာ ကြုံလာရတာ ဖြစ်ပါတယ်လို့ ဆိုကြပါတယ်။
ဘိုယန် အယ်လက်ခ်ရဲ့ အမြင်ကတော့ နည်းနည်း ပိုပြီး ကျယ်ပြန့်ပါတယ်။ အမေရိကန် ပြည်ထောင်စုလိုဖြစ်လာမှာကိုတော့ စိုးရိမ်မှုတွေ ရှိကြပါတယ်။ ဒါပေမယ့် အစိုးရကလည်း အဲဒီ အကြောက်တရားကို နင်းပြီး ရာဇဝတ်ပြစ်မှု မြောက်တဲ့ အသက်အရွယ်ကို ၁၂ နှစ် အထိ လျှော့ချတာနဲ့ ရဲတွေကို တရားရုံးက အမိန့်မပါဘဲ လူနေအိမ်တွေထဲ ဝင်ခွင့်ပြုတာမျိုးတွေလို ပြဿနာဖြစ်နိုင်တဲ့ အစီအမံတွေ ချဖို့ လုပ်နေတယ်လို့ ပြောပါတယ်။
ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကိုတော့ အကောင်အထည် ဖော်ပေးတာ မတွေ့ရသေးပါဘူး။ ဒါပေမယ့် အစိုးရယိမ်း Pink TV သတင်းဌာနကတော့ ဝေဖန်ပြစ်တင်မှုတွေ ခံနေရပြီး ကိုယ်ရော နှုတ်နဲ့ပါ အကြမ်းဖက်မှုတွေကို လက်ခံထားတဲ့ သူတို့ရဲ့ အငြင်းပွားဖွယ် ရုပ်သံ အစီအစဉ်တခုကို ဖျက်သိမ်းမယ်လို့ ကြေညာခဲ့ပြီးဖြစ်ပါတယ်။
တချိန်တည်းမှာပဲ သမ္မတ ဗူးချစ်ချ်ကလည်း ဆန္ဒပြပွဲတွေရဲ့ အရေးပါမှုတွေကို မှေးမှိန်စေဖို့ ပြောလာပြန်ပါတယ်။ သူက အတိုက်အခံ ပါတီတွေက တမျိုးသားလုံးအတွက် ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တွေကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေတယ်ဆိုပြီး စွပ်စွဲပါတယ်။ ဒါပေမယ့် တဖက်မှာလည်း သူကိုယ်တိုင် ဒီလကုန်ပိုင်းမှာ ဆန္ဒထုတ်ဖော် ပွဲလုပ်မယ်၊ နောက်တရက်မှာ သူတို့ တိုးတက်ရေး ပါတီ ရဲ့ အထူး ညီလာခံ ကျင်းပမယ်လို့ ကြေညာသွားခဲ့ပြန်ပါတယ်။
ဘော့စ်ကို ယတ်ခ်စ်ချ်က ဘဲလ်ဂရိတ်နဲ့ တခြားမြို့ကြီးတွေက လမ်းတွေပေါ်မှာ လူတွေ စုရုံး ချီတက် ဆန္ဒပြနေကြတာက သမ္မတ ဗူးချစ်ချ် တုန်လှုပ်စေတယ်လို့ ဆိုပါတယ်။ အခုလုပ်မယ့် ညီလာခံတွေဆိုတာက ပိုပြီး အစွန်းရောက်စေနိုင်တယ်။ ငွေသန်းနဲ့ချီ သုံးပြီး ဘဲလ်ဂရိတ်ကို လူတွေကို ခေါ်၊ ကျွေးမွေးပြီး စုရုံးစေမယ့် အစား ရုပ်မြင်သံကြားပေါ်ကပဲ မိန့်ခွန်းပြောလို့ မရဘူးလား။ ဒါက စုစည်းညီညွတ်မှုထက် အရှိန်အဝါကို ထုတ်ပြတာ၊ ဆားဘီးယားမှာ သွေးစည်းညီညွတ်ရှိအောင် လုပ်တာမဟုတ်ဘဲ ပိုပြီး သွေးကွဲအောင် လုပ်နေတာလို့ ထောက်ပြပါတယ်။
အဲဒါကြောင့်ပဲ မကြာခင် သီတင်းပတ်တွေ အတွင်း ဘဲလ်ဂရိတ်မြို့တော်က လမ်းတွေပေါ်မှာ နောက်ထပ် လူတွေ အများအပြား ရောက်လာကြတာကို ထပ်ပြီး မြင်လာရဖို့ ပဲ ရှိပါတယ်။