အိမ်ကို ဆုအများဆုံးသယ်သွားတဲ့ Anora ရုပ်ရှင်နဲ့ ၉၇ ကြိမ်မြောက်အော်စကာ

အကောင်းဆုံးအမျိုးသား/အမျိုးသမီး ဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံးအမျိုးသား/အမျိုးသမီးဇာတ်ပို့ဆုရှင်များ ( ဝဲမှယာ)

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အကောင်းဆုံးအမျိုးသား/အမျိုးသမီး ဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံးအမျိုးသား/အမျိုးသမီးဇာတ်ပို့ဆုရှင်များ ( ဝဲမှယာ) - အေဒရီယံ ဘရိုဒီ၊ မိုက်ကီ မက်ဒီဆင်၊ ဇိုဝီ ဆော်ဒါးနား၊ ကီရင် ကော်လ်ကင်

၉၇ ကြိမ်မြောက် အော်စကာဆုပေးပွဲကတော့ မတ် ၂ ရက် မှာ အမေရိကန်ပြည်ထောင်စု၊ လောစ့်အိန်ဂျလိစ်မြို့ ဟောလီးဝုဒ်က ဒိုလ်ဘီ (Dolby Theatre) ဇာတ်ရုံကြီးမှာ ကျင်းပပြီးစီးသွားပြီဖြစ်ပါတယ်။ဟောလိဝုဒ်ငွေကြယ်ပွင့်တွေရဲ့ စိတ်လှုပ်ရှားမှုတွေ၊ မျက်ရည်တွေ၊ ခမ်းနားမှုတွေနဲ့ ၃ နာရီခွဲ ကြာအောင် ကျင်းပခဲ့တဲ့အော်စကာညဖြစ်ခဲ့ပါတယ်။

Anora ရုပ်ရှင်နဲ့ တစ်ဦးတည်း ဆု‌လေးဆုရ ဒါရိုက်တာ Sean Baker

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အနော်ရာ (Anora) ရုပ်ရှင်နဲ့ တစ်ဦးတည်း ဆု‌လေးဆုရ ဒါရိုက်တာ ရှောင်ဘိတ်ကာ (Sean Baker)

၂၀၂၄ ခုနှစ်အတွင်းထွက်ခဲ့တဲ့ ရုပ်ရှင်တွေထဲက အော်စကာ ဆန်ခါတင်စာရင်းရုပ်ရှင်ဇာတ်ကား ၂၃ ကားရှိခဲ့တဲ့အထဲမှာ Anora ရုပ်ရှင်ဇာတ်ကားက အဓိကဆုကြီး ၅ ဆု အထိရခဲ့ပြီး အခုနှစ် အော်စကာပေးပွဲမှာ ဆုအများဆုံးရရှိတဲ့ ရုပ်ရှင် ဇာတ်ကားဖြစ်ခဲ့ပါတယ်။

အနော်ရာ (Anora) ရုပ်ရှင်ရဲ့ ဒါရိုက်တာ ရှောင်ဘိတ်ကာ (Sean Baker)ကတော့ တစ်ဦးတည်းနဲ့ အိမ်ကို ဆု ၄ ဆုပိုက်ပြန်သွားခွင့်ရပြီဖြစ်ပါတယ်။

Anora ရုပ်ရှင်က အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကိုရသလို အဲဒီဇာတ်ကားရဲ့ ဒါရိုက်တာ ရှောင် ဘိတ်ကာက ဒါရိုက်တာဆုအပြင် ဇာတ်ညွန်းဆု၊ တည်းဖြတ်ဆု တို့ကိုရခဲ့တာကြောင့် သူတစ်ဦးတည်း ဆု ၄ ဆု ရရှိတာဖြစ်ပြီး အော်စကာသမိုင်းမှာ တစ်ကားတည်းကနေ တစ်ဦးတည်း ဆုအများဆုံးရသူဖြစ်လာပါတယ်။

Anora ရုပ်ရှင်ဟာ ကန်းစ်ရုပ်ရှင်ပွဲတော် (Cannes Film Festival) ရဲ့ အမြင့်ဆုံးဆု ပါလ်မဒေါ (Palme d'Or) ဆုကို ရရှိခဲ့တဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။ အဖော်အချွတ်ကလပ်တစ်ခုက လိင်အလုပ်သမ တစ်ဦးရဲ့ ဘဝနဲ့ အိမ်ထောင်တစ်ခုကို လွယ်လွယ်တည်ဆောက်လို့မရတဲ့အကြောင်း မီးမောင်းထိုးပြထားတာဖြစ်ပါတယ်။

ဇာတ်လမ်းက ရိုးရှင်းတဲ့ အချစ်နဲ့ ဒရာမာ အမျိုးအစားဖြစ်ပေမဲ့ ဆင်းရဲချမ်းသာကွာဟမှုတွေကြားက လူ့စိတ်သဘောတွေကို ထင်ဟပ်ပေါ်လွင်အောင် ဖော်ကျူးထားနိုင်တဲ့ဇာတ်ကားဖြစ်ပါတယ်။

Anora ဇာတ်ကားနဲ့အမျိုးသမီးဇာတ်ဆောင်ဆုရ တက်သစ်စ မင်းသမီး Mikey Madison

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, Anora ဇာတ်ကားနဲ့အမျိုးသမီးဇာတ်ဆောင်ဆုရ တက်သစ်စ မင်းသမီး မိုက်ကီ မက်ဒီဆန် (Mikey Madison)

Anora ဇာတ်ကားနဲ့ပဲ တက်သစ်စ မင်းသမီး မိုက်ကီ မက်ဒီဆင် (Mikey Madison) ကလည်း အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့လို့ Anora ရုပ်ရှင်က ၂၀၂၄ ခုနှစ်ရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် မိုက်ကီ မက်ဒီဆင်က The Substance ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရဖို့ တစ်ပြေးခဲ့တဲ့ ၆၂ နှစ်အရွယ် မင်းသမီးကြီး ဒယ်မီမိုးကို ကျော်ပြီး အဲဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

လိင်အလုပ်သမတွေရဲ့ ဘဝကို ဖော်ကျူးရိုက်ကူးထားတဲ့ Anora ဇာတ်ကားနဲ့ ဇာတ်ဆောင်ဆုရတဲ့ မိုက်ကီ မက်ဒီဆင် ကတော့ '' ဒီဆုနဲ့အတူ လိင်အလုပ်သမအသိုင်းအဝိုင်းကို ကျွန်မက အသိအမှတ်ပြုဂုဏ်ပြုချင်ပါတယ်။ သူတို့ကို အားပေးကူညီမှုတွေ ကျွန်မဆက်လုပ်ပါမယ်။ သူတို့အတွက် မဟာမိတ်သဖွယ် ဆက်ရှိနေပါမယ်။ မယုံကြည်နိုင်လောက်တဲ့ သန်မာမှုရှိတဲ့ ဒီအသိုင်းအဝိုင်းက အမျိုးသမီးတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒီဇာတ်ကားက သူတို့ဘဝတွေကို မီးမောင်းထိုးပြမှုတွေထဲက တစ်ခုပါ'' လို့ သူ့ရဲ့ အော်စကာဆုယူချိန် ကျေးဇူးတင်စကားမှာ ထည့်ပြောခဲ့ပါတယ်။

ဒါတင်မက ဇာတ်ကားရဲ့ ဒါရိုက်တာ ရှောင်ဘိတ်ကာကို ကျေးဇူးတင်စကားထည့်ပြောခဲ့ပါတယ်။

''အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာတာပါပဲ။ မနက်ဖြန် အိပ်ရာက နိုးရင် ဒါတကယ်ဖြစ်ခဲ့တာပါလားဆိုပြီးဖြစ်နေမှာပါ။ ကျေးဇူးတင်ပါတယ် ရှောင်ရေ ချစ်တယ်။ ဒီဆုကိုရတာ ရှင့်ကြောင့်ပဲ။''

The Brutalist ရုပ်ရှင်နဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရ Adrien Brody

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, The Brutalist ရုပ်ရှင်နဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရ အေဒရီယံ ဘရိုဒီ (Adrien Brody)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမျိုးသားဇာတ်ဆောင်ဆုကိုတော့ The Brutalist ရုပ်ရှင်နဲ့ အသက် ၅၁ နှစ်အရွယ် မင်းသား အေဒရီယံ ဘရိုဒီ (Adrien Brody) က ဆွတ်ခူးခဲ့ပါတယ်။ အေဒရီယံ ဘရိုဒီအတွက် ဒုတိယမြောက် အော်စကာဆုဖြစ်ပြီး ဒီဇာတ်ကားထွက်ကတည်းက ပရိသတ်တွေက အော်စကာရမယ်လို့ ထင်ကြေးပေးခဲ့တဲ့အထိ အေဒရီယံ ဘရိုဒီရဲ့ သရုပ်ဆောင်ချက်တွေက ပြောင်မြောက်ခဲ့ပါတယ်။ The Brutalist ရုပ်ရှင်က နောက်ခံတေးဂီတဆုကိုလည်း ရခဲ့ပါတယ်။

The Brutalist က ဟန်ဂေရီကနေ အမေရိကကို ရွှေ့ပြောင်းလာတဲ့ သူတစ်ယောက်ရဲ့ ငွေရှိသူတို့ရဲ့ ငွေကြေးအာဏာ၊ ဘဝရည်မှန်းချက်နဲ့ ဗိသုကာအနုပညာအကြောင်း ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အနုပညာရှင်တွေကို ငွေကြေးနဲ့ အာဏာရှိတဲ့သူတွေအသုံးချတတ်တဲ့အကြောင်း ဖော်ကျူးထားတာဖြစ်ပါတယ်။

'' အမေနဲ့ အဖေကိုလည်း ကျေးဇူးတင်ရပါတယ်။ ကျွန်တော်ဆိုပြီးဖြစ်လာမယ့် အခြေခံအုတ်မြစ်ကို သူတို့ကဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ကြင်ကြင်နာနာနဲ့ ပြုစုစောင့်ရှောက်ပေးခဲ့ကြပြီး အံ့သြစရာကောင်းတဲ့ ပံ့ပိုးမှုတွေနဲ့ ကျွန်တော့်ရဲ့ ဒီအိပ်မက်နောက်ကိုလိုက်ဖို့ ခွန်အားတွေကို သူတို့ပေးခဲ့ပါတယ်'' လို့ အေဒရီယံက ကျေးဇူးတင်စကားမှာ ပြောပါတယ်။

'' ကိုးကွယ်ယုံကြည်မှုတွေ၊ လူမျိုးရေးတွေ အပေါ် ဆန့်ကျင်ခွဲခြားမှုတွေ မရှိကြဖို့ မျှော်လင့်မိသလို ပိုကျန်းမာပြီး ပျော်ရွှင်ဖွယ်ရာ ကမ္ဘာကြီးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ အတိတ်က အဆိုးတွေက ကျွန်တော်တို့ကို ပိုကောင်းဖို့ သင်ပေးမှာပါ'' လို့ နိဂုံးချုပ်စကားမှာ အေဒရီယံက ထည့်ပြောပါတယ်။

အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရတဲ့ Zoe Saldana

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရတဲ့ ဇိုဝီ ဆော်ဒါးနား (Zoe Saldana)

ရေပန်းစားသူများလို့ အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုနေရာကို ဆွတ်ခူးခဲ့တဲ့ ဇိုဝီ ဆော်ဒါးနား (Zoe Saldana) ကတော့ မက္ကဆီကို ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦး အဖမ်းအဆီးမခံရအောင် လိင်ပြောင်းခွဲစိတ်မှု ပြုလုပ်နိုင်ဖို့ ကူညီပေးတဲ့အကြောင်း ဇာတ်အိမ်ပြု ရိုက်ကူးထားတဲ့ Emilia Pérez မှုခင်းဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

ဇိုဝီဟာ အော်စကာဆုကိုရတဲ့ ပထမဆုံး အမေရိကန်ဖွား ဒိုမီနီကန်နွယ်ဝင်ဖြစ်ပါတယ်။

အသက် ၄၆ နှစ်အရွယ် အမေရိကန် - ဒိုမီနီကန်နွယ်ဖွား မင်းသမီးက အမေရိကန် - ဒိုမီနီကန်နွယ်ဖွားထဲမှာ ပထဆုံးအော်စကာရသူဖြစ်လာခဲ့ပြီး အမေရိကမှာ အောင်မြင်တဲ့ သရုပ်ဆောင်အသက်မွေးဝမ်းကြောင်းကို လမ်းခင်းပေးခဲ့တဲ့ သူရဲ့ ဘိုးဘေးတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

''ကျွန်မအဘွားက အမေရိကန်ကို ၁၉၆၁ ခုနှစ်မှာ ရောက်လာတယ်။ ကျွန်မက ရွှေ့ပြောင်းနေထိုင်သူမိဘတွေရဲ့ ဂုဏ်ယူစရာကလေးတစ်ယောက်ပါ။ အိပ်မက်တွေ၊ ဂုဏ်သိက္ခာတွေနဲ့ အလုပ်ကြိုးစားတဲ့လက်တွေနဲ့ အကယ်ဒမီဆုကို လက်ခံတဲ့ ဒိုမီနီကန်နွယ်ဖွား ပထမဆုံး အမေရိကန်လူမျိုးဖြစ်ပါတယ်။ ကျွန်မက နောက်ဆုံးဖြစ်မှာမဟုတ်ဘူးဆိုတာ သိသလို နောက်ထပ်သူတွေ အတွက်လည်း မျှော်လင့်မိပါတယ်။ ဒီဆုက အဖွားအတွက်ပါပဲ။ စပိန်ဘာသာနဲ့ သီချင်းဆိုရတဲ့ ဒီဇာတ်ရုပ်နဲ့ ဆုရတော့ သူသာ ဒီမှာရှိရင် ဝမ်းသာမှာပါ'' လို့ ဇိုဝီက ပြောပါတယ်။

အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရ Kieran Culkin

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရ ကီရင် ကော်လ်ကင် (Kieran Culkin)

အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုတော့ ကီရင် ကော်လ်ကင် (Kieran Culkin) က A Real Pain ရုပ်ရှင်ဇာတ်ကားနဲ့ ရခဲ့ပါတယ်။ A Real Pain ရုပ်ရှင်ဟာ အော်စကာ ၂ ထပ်ကွမ်းမင်းသမီး အမ်မာစတုန်းထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ကီရင် ကော်လ်ကင်ဟာ အမ်မာစတုန်းရဲ့ ရည်းစားဟောင်းလည်းဖြစ်ပါတယ်။

အသက် ၄၂ နှစ်အရွယ် မင်းသား ကီရင် ကော်လ်ကင်က ''ပြောဖို့ ပြင်ဆင်ထားတဲ့ စကားတွေက စက္ကန့် ၂၀ အတွင်းမှာ ပျောက်ကုန်ပြီ'' လို့ ဆိုပြီး ဇနီးဖြစ်သူ Jazz Charton ကို ကျေးဇူးတင်စကားထဲမှာ အသိအမှတ်ပြုထည့်ပြောခဲ့ပါတယ်။

"၄ ယောက်မြောက်ကလေး လိုချင်တယ်ပြောတော့ ကျွန်တော့်ဇနီးက အော်စကာရရင် မွေးပေးမယ်လို့ ကတိပေးထားပါတယ်။ အခု အော်စကာရခဲ့ပါပြီ။ ငါ့ ချစ်ဇနီးရေ'' လို့ ကီရင် ကော်လ်ကင်က ကျေးဇူးတင်စကားမှာ အရွှန်းဖောက်ပြောပါတယ်။

ကမ္ဘာတဝန်းသာမက မြန်မာပရိသတ်ကြိုက်တဲ့ Home Alone ရုပ်ရှင်မှာ ကယ်ဗင် (Kevin) ရဲ့ ညီဖြစ်သူအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ကီရင် ကော်လ်ကင်ဟာ နှစ်ပေါင်း ၃၀ ကျော်အကြာမှာ အော်စကာဆုပိုင်ရှင်ဖြစ်လာခဲ့တာလို့ ရုပ်ရှင်သတင်းတွေကဖော်ပြပါတယ်။

အကောင်းဆုံးဝတ်စုံဒီဇိုင်း costume design ဆုရ Paul Tazewell

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အကောင်းဆုံးဝတ်စုံဒီဇိုင်း costume design ဆုရ ပေါလ် တေ့စ်ဝဲ (Paul Tazewell)

၉၇ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ ဆန်ခါတင်ဆု ၁၃ ဆုဝင်ခဲ့တဲ့ Emilia Pérez က ဆု ၂ ဆု၊ ဆန်ခါတင် ၁၀ ဆုဝင်တဲ့ Wicked က ၂ ဆု၊ ဆန်ခါတင်ဆု ၁၀ ခုဝင်ခဲ့တဲ့ The Brutalist က ၃ ဆု၊ ဆန်ခါတင်ဆု ၈ ခုဝင်ခဲ့တဲ့ A Complete Unknown ကတော့ တစ်ဆုမှ မရခဲ့ပါဘူး။ ဆန်ခါတင်ဆု ၁၀ ခုဝင်ခဲ့တဲ့ Conclave က ဆု ၁ ဆုနဲ့ ဆန်ခါတင်ဆု ၆ ဆု ဝင်ခဲ့တဲ့ Anora က ဆု ၅ ဆုနဲ့ ဆုအများစု ဆွတ်ခူးခဲ့ပါတယ်။

Wicked ဇာတ်ကားနဲ့ အကောင်းဆုံးဝတ်စုံဒီဇိုင်း costume design ဆုကို ပေါလ် တေ့စ်ဝဲ (Paul Tazewell) က ဆွတ်ခူးခဲ့ပြီး သူက costume design ဆုရတဲ့ ပထမဆုံး လူမည်းဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေကဖော်ပြပါတယ်။

အကောင်းဆုံးအန်နီမေးရှင်းဆုရ "Flow" ဇာတ်ကားဖန်တီးသူများ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အကောင်းဆုံးအန်နီမေးရှင်းဆုရ "Flow" ဇာတ်ကားဖန်တီးသူများ

တခြားဆုတွေအနေနဲ့ Best animated feature အကောင်းဆုံး အန်နီမေးရှင်းဆု ကို "Flow" ဇာတ်ကားနဲ့ အကောင်းဆုံး အန်နီမေးရှင်းဇာတ်ကားတို Best animated short ဆုကို "In the Shadow of the Cypress" ဇာတ်ကား၊

Best original song ကို "El Mal'' တေးသီချင်းနဲ့ Clement Ducol ၊ Camille နဲ့ Jacques Audiard တို့ဆုရရှိ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, Best original song ကို "El Mal'' တေးသီချင်းနဲ့ Clement Ducol ၊ Camille နဲ့ Jacques Audiard တို့ဆုရရှိ

အကောင်းဆုံး မှီငြမ်း ဇာတ်ညွှန်း - Best adapted screenplay ဆုကို "Conclave," ဇာတ်ကားနဲ့ Peter Straughan၊ Best makeup and hairstyling (အကောင်းဆုံးမိတ်ကပ်နဲ့ဆံပင်ဖန်တီးမှု) ဆုကို "The Substance" ဇာတ်ကားက ရရှိပါတယ်။ အကောင်းဆုံးထုတ်လုပ်မှုဒီဇိုင်း Best production design ဆုကို "Wicked" ဇာတ်ကားနဲ့ Nathan Crowley, Lee Sandales တို့က ပူးတွဲရရှိပါတယ်။

အကောင်းဆုံးဇာတ်ဝင်တေးသီချင်းဆု Best original song ကို "El Mal'' တေးသီချင်းနဲ့ "Emilia Pérez" ဇာတ်ကားက Clement Ducol ၊ Camille နဲ့ Jacques Audiard တို့က ရရှိပါတယ်။

အကောင်းဆုံးမှတ်တမ်းရုပ်ရှင်တိုဆု Best documentary short ကို "The Only Girl in the Orchestra" က ဆွတ်ခူးပါတယ်။ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု Best documentary feature ကိုတော့ "No Other Land," ဇာတ်ကားနဲ့ Basel Adra ၊ Hamdan Ballal ၊ Yuval Abraham နဲ့ Rachel Szor တို့က ပူးတွဲရရှိပါတယ်။

အကောင်းဆုံးအသံဆု Best soundနဲ့ Best visual effects အထူးပြုလုပ်ချက်ဆု ကို "Dune: Part Two" ဇာတ်ကားကရရှိပါတယ်။ Best live-action short ဆုကို "I'm Not a Robot" ဇာတ်ကား၊ အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဆု Best international feature ကို "I'm Still Here," ဇာတ်ကားနဲ့ Walter Salles နဲ့ အကောင်းဆုံးနောက်ခံတေးသီးချင်းဆု Best original score ဆုကို "The Brutalist" ဇာတ်ကားနဲ့ Daniel Blumberg ကရရှိပါတယ်။