လေရူးသုန်သုန်၊ ကွေးမြစ်ပေါ်က တံတား၊ ကျွန်တော့်ပျိုချော၊ ဂေ့ါဖားသား၊ နောက်ဆုံးဧကရာဇ်၊ တိုက်တန်းနစ်၊ လက်စွပ်များရဲ့အရှင်နဲ့ ကပ်ပါးပိုး

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၃၉ က လေရူးသုန်သုန်

အမေရိကန် အော်စကာရုပ်ရှင်ဆုပေးပွဲကို ၁၉၂၇-၂၈ က စပြီး ကျင်းပခဲ့ပေမယ့် မြန်မာပရိသတ်တွေကြားမှာ ဒီကနေ့ထက်ထိ လူသိများဆဲ အစောပိုင်း အော်စကာကားက ၁၉၃၉ က ရိုက်တဲ့ လေရူးသုန်သုန် ဖြစ်ပါတယ်။ အမေရိကန် ပြည်တွင်းစစ်နောက်ခံ ဇာတ်ကားရဲ့ မူရင်းဝတ္ထုကို ၁၉၇၈ မှာ မြသန်းတင့်က ပြန်ဆိုပြီး ဘာသာပြန်ဆု ရခဲ့တဲ့အတွက်လည်း ဒီဇာတ်ကားကို လူသိများပါတယ်။

သူ့အရင် ၁၉၃၄ နဲ့ ၁၉၃၅ မှာ အကောင်းဆုံးဇာတ်ကားဆုတွေရခဲ့ကြတဲ့ တညချမ်းမှာ ဖြစ်ပျက်သမျှနဲ့ ဘောင်တီသင်္ဘော သူပုန်ထမှု ဇာတ်ကားတွေကလည်း ခေတ်ဟောင်း ရုပ်ရှင် ဝါသနာရှင်တွေ အကြိုက်တွေ့တဲ့ ကားတွေ ဖြစ်ပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၄၃ က ကာဆာဘလန်ကာ

ဒုတိယကမ္ဘာစစ်အတွင်းက အာဖရိကကို ရှောင်တိမ်းပြေးကြတဲ့ ပြင်သစ် ဖက်ဆစ်ဆန့်ကျင်ရေးသမားတွေအကြောင်း ရိုက်တဲ့ ၁၉၄၃ က ကာဆာဘလန်ကာ ဇာတ်ကားကိုလည်း ကနေ့ထက်ထိ မြန်မာနဲ့ ကမ္ဘာရုပ်ရှင်ဝါသနာရှင်တွေကြား တတမ်းတတနဲ့ ပြန်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

၁၉၄၆ က ရိုက်တဲ့ ဒုတိယကမ္ဘာစစ်ပြန်တွေအကြောင်း ကျွန်ုပ်တို့ဘဝ၏ အကောင်းဆုံးနှစ်များနဲ့ ၁၉၄၈ က ရှိတ်စပီးယားပြဇာတ်ကို ရိုက်တဲ့ ဟင်းမလက် ဇာတ်ကားတွေကလည်း ကျော်ကြားလှပါတယ်။

၁၉၅၀ ပြည့်လွန်နှစ်များ

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၅၃ က ဤမြေမှသည် ထာဝရတည်ရာသို့

ဟောလီးဝုဒ်ရုပ်ရှင်ရဲ့ ရွှေရောင်နှစ်တွေလို့ တင်စားကြတဲ့ ၁၉၅ဝ ပြည့်လွန်နှစ်တွေမှာတော့ မြန်မာပရိသတ်တွေ အမှတ်ရနေဆဲ အော်စကာဆုရ ရုပ်ရှင်ကားကြီးတွေ များပါတယ်။ ၁၉၅၁ က ရိုက်တဲ့ ပဲရစ်ရောက် အမေရိကန်တယောက် ဂီတဇာတ်မြူး၊ ၁၉၅၃ က ရိုက်တဲ့ ဤမြေမှသည် ထာဝရတည်ရာသို့ စစ်အချစ်ဇာတ်ကား၊ ၁၉၅၆ က ရိုက်တဲ့ ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် ဇာတ်ကားတွေကို ကနေ့ထက်ထိ လူသိများဆဲ ဖြစ်ပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၅၇ က ကွေးမြစ်ပေါ်ကတံတား

၁၉၅၇ မှာ ဆုရတဲ့ ကွေးမြစ်ပေါ်က တံတားရုပ်ရှင်ကတော့ ထိုင်း-မြန်မာနယ်စပ်အကြောင်း ရိုက်ကူးတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံကားဖြစ်လို့ မြန်မာတွေကြား အထူးစိတ်ဝင်စားမှု များပါတယ်။ အဲဒီဇာတ်ကားမှာ မြန်မာထဘီဝတ်ပြီး ရေချိုးနေကြတဲ့ အမျိုးသမီးတစုက ချမ်းတယ်ဟေ့ ချမ်းတယ်လို့ အော်တဲ့အကြောင်း ပြောစမှတ်ဖြစ်ခဲ့ပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၅၉ က ဘင်ဟာ

၁၉၅၉ မှာတော့ ခရစ်ယာန်သမိုင်းကို ရိုက်ကူးတဲ့ ဘင်ဟာဇာတ်ကား ဆုရပြီး ခမ်းနားလှပတဲ့ နောက်ခံဆက်တင်အခမ်းအနားတွေနဲ့ သရုပ်ဆောင်မှုတွေကြောင့် ကျော်ကြားခဲ့ပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်များ

၁၉၆၄ က ကျွန်တော့် ပျိုချော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၆၄ က ကျွန်တော့် ပျိုချော

၁၉၆၄ က ဆုရတဲ့ ၁၉၆၄ က ကျွန်တော့် ပျိုချောဇာတ်ကားကို ဗြိတိသျှစာရေးဆရာကြီး ဘားနတ်ရှောရဲ့ ပြဇာတ်ကို အခြေခံလို့ လူသိများသလို မင်းသမီး အော်ဒရီဟပ်ဘန်းရဲ့အလှနဲ့ သရုပ်ဆောင်မှုကြောင့်လည်း ထင်ရှားပါတယ်။

၁၉၆၅ မှာ ဆုရတဲ့ ဂီတတေးသံဇာတ်ကားကလည်း ဒုတိယကမ္ဘာစစ်နောက်ခံ မိသားစုဂီတဇာတ်မြူးဖြစ်ပြီး ပန်းကလေးများ မနွမ်းစေချင်အမည်နဲ့ မြန်မာမှုပြုခဲ့ပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၆၅ က ဂီတတေးသံ

၁၉၆၇ က ဆုရတဲ့ ညရဲ့အပူရှိန်အောက်မှာနဲ့ ၁၉၆၉ က ဆုရတဲ့ ညသန်းခေါင်ကောင်းဘွိုင်ဇာတ်ကားတွေလည်း ထင်ရှားပြီး အဲဒီခေတ်က မြန်မာရုပ်ရှင်ကြည့်ညွှန်းသမားတွေနဲ့ စာပေသမားတွေကြား လူကြိုက်များတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်များ

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၇၂ က ဂေ့ါဖားသား

၁၉၇၂ က ဆုရတဲ့ အီတာလျံ မားဖီးယားလူဆိုးဂိုဏ်းတွေအကြောင်း ဂေါ့ဖားသားဇာတ်ကားနဲ့ သူ့ရဲ့ နောက်ဆက်တွဲ ၁၉၇၄ က ဂေါ့ဖားသားအပိုင်း ၂ ဇာတ်ကားနှစ်ကားလုံး မြန်မာနဲ့ ကမ္ဘာပရိသတ်တွေကြား ခုထိ လူကြိုက်များဆဲ ဖြစ်ပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၇၆ က ရော့ကီ

၁၉၇၆ က မင်းသား ဆီလ်ဗက်စတာ စတားလုံးရဲ့ ရော့ကီ လက်ဝှေ့ကားကိုလည်း မြန်မာပရိသတ်တွေ ဆယ်စုနှစ်တွေနဲ့ချီပြီး ကြိုက်ခဲ့ကြပါတယ်။

၁၉၇၇ က ဆုရတဲ့ အချစ်ဟာသကား အန်နီဟောနဲ့ ၁၉၇၉ က ဆုရတဲ့ ကရာမာနဲ့ ကရာမာ အိမ်ထောင်ရေးကားတွေကိုလည်း မြန်မာပရိသတ်တွေ ကြိုက်နှစ်သက်ကြပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်များ

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၈၆ က တပ်စု

၁၉၈၂ က ရိုက်တဲ့ အိန္ဒိယ လွတ်လပ်ရေး ခေါင်းဆောင်ကြီးအကြောင်း ဂန္ဓီဇာတ်ကားကို မြန်မာတွေ အထူးစိတ်ဝင်စားကြသလိုပဲ ၁၉၈၆ က ရိုက်တဲ့ ဗီယက်နမ်စစ်နောက်ခံ တပ်စု ဇာတ်ကားလည်း ထင်ရှားပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၈၇ က နောက်ဆုံးဧကရာဇ်

၁၉၈၇ ကရိုက်တဲ့ တရုတ်နောက်ဆုံးဧကရာဇ်ရဲ့ ဘဝဇာတ်ကားကိုလည်း ရုပ်ရှင်ပညာအရရော ဇာတ်ကားအရပါ လူကြိုက်များပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်များ

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၉၄ က ဖောရက်စ်ဂမ့်

၁၉၉၀ က ဆုရတဲ့ ဝံပုလွေများနှင့် ကခုန်ခြင်း အမေရိကန် ကောင်းဘွိုင်ကားကို မြန်မာပရိသတ်တွေ အားပေးကြပါတယ်။ အဲဒီနောက် ၁၉၉၁ က သိုးများရဲ့ တိတ်ဆိတ်မှု စိတ္တဇ သည်းထိတ်ရင်ဖိုကားနဲ့ ၁၉၉၃ က ရိုက်တဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ ဂျူးလူမျိုးတွေအကြောင်း ရှင်းဒလားရဲ့ စာရင်းဇာတ်ကားတွေလည်း ထင်ရှားပါတယ်။

၁၉၉၄ မှာ ရိုက်တဲ့ ဖောရက်စ်ဂမ့် ဇာတ်ကားကတော့ ခုထိ ရုပ်ရှင်ပရိသတ် မြန်မာလူငယ်တွေကြားမှာ ပြန်ပြောင်း ရည်ညွှန်းနေရတဲ့ ဟာသ လူမှုသရုပ်ဖော် ဇာတ်ကား ဖြစ်ပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၉၇ က တိုက်တန်းနစ်

၁၉၉၅ က ဆုရတဲ့ စကော့အမျိုးသားရေးအာဇာနည် ဝီလျံဝေါလေ့စ်အကြောင်း ရဲရင့်နှလုံးသား ဇာတ်ကားနောက် မြန်မာပြည်မှာ အကြီးအကျယ် လူကြိုက်များတဲ့ကားကတော့ ၁၉၉၇ က တိုက်တန်းနစ်ဇာတ်ကား ဖြစ်ပါတယ်။ ကွန်ပျူတာနည်းပညာသုံးပြီး တိုက်တန်းနစ်သင်္ဘောအကြောင်း ရိုက်တဲ့ကားဖြစ်လို့ နာမည်ကြီးတာအပြင် လီယိုနာဒို ဒီကက်ပရီယိုနဲ့ ကိတ်ဝင်းစလက်တို့ရဲ့ သရုပ်ဆောင်ကောင်းမှု၊ ရုပ်ရည်ချောမောမှုတွေကြောင့်လည်း အချစ်အလွမ်းဇာတ်ကားကောင်းအဖြစ် လူကြိုက်များခဲ့တာ ဖြစ်ပါတယ်။

၁၉၉၈ မှာ ဆုရတဲ့ အချစ်နယ်ထဲက ရှိတ်စပီးယားဇာတ်ကားကိုလည်း လူကြိုက်များကြပါတယ်။

၂၀၀၀ ပြည့်လွန်နှစ်များ

oscar

ဓာတ်ပုံ ရင်းမြစ်, New Line Cinema

ဓာတ်ပုံ ပုံစာ, ၂၀၀၃ က လက်စွပ်များရဲ့အရှင်၊ ဘုရင်ရဲ့အပြန်

၂၀၀၀ ပြည့်နှစ်က ဆုရတဲ့ ရောမခေတ်နောက်ခံ ဂလက်ဒီယေတာကားနောက်ပိုင်း မြန်မာပြည်နဲ့ ကမ္ဘာမှာ အကြီးအကျယ် လူကြိုက်များတဲ့ ကားကတော့ ၂၀၀၃ က ဆုရတဲ့ လက်စွပ်များရဲ့အရှင်၊ ဘုရင်ရဲ့အပြန်ဇာတ်ကား ဖြစ်ပါတယ်။ စိတ်ကူးယဉ် လူငယ်ကြိုက်ဇာတ်လမ်းဖြစ်ပေမယ့် ဇာတ်လမ်းဇာတ်အိမ် ခိုင်မာမှုနဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်ကားဆု ဆွတ်ခူးခဲ့ပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၈ က ပျံကျသန်းကြွယ်သူဌေး ရုပ်ရှင်ကြော်ငြာ

၂၀၀၈ ခုနှစ်က ဆုရတဲ့ ပျံကျသန်းကြွယ်သူဌေး ဇာတ်ကားကတော့ အိန္ဒိယက အခြေအနေမဲ့ ဆင်းရဲသား ကလေးငယ်တွေအကြောင်း ရိုက်ကူးထားပြီး မြန်မာနဲ့ ကမ္ဘာတလွှားမှာ လူကြိုက်များတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

၂၀၁ဝ ပြည့်လွန်နှစ်များ

oscar

ဓာတ်ပုံ ရင်းမြစ်, Curson International / CJ Entertainment

ဓာတ်ပုံ ပုံစာ, ၂၀၁၉ က ကပ်ပါးပိုးဇာတ်ကား

၂၀၁ဝ က ဆုရတဲ့ ဘုရင့်မိန့်ခွန်းဇာတ်ကားက ဆဌမဂျော့ဘုရင်ရဲ့ စကားပြောအားနည်းမှုကို ပြုပြင်တဲ့အကြောင်း ဇာတ်ကားဖြစ်ပြီး အဲဒီနောက် ၂၀၁၃ မှာ ဆုရတဲ့ ၁၂ နှစ်ကြာ ကျွန်ဘဝဇာတ်ကားကတော့ အမေရိကန် လူမည်းကျွန်တယောက်ရဲ့ ဘဝဖြစ်ပါတယ်။

၂၀၁၉ မှာ ဆုရတဲ့ ကပ်ပါးပိုးဇာတ်ကားကတော့ အာရှရုပ်ရှင်ကားထဲက ပထမဆုံး ဟောလီးဝုဒ်မှာ ဇာတ်ကားဆုရတဲ့ ကိုရီးယားဇာတ်ကားဖြစ်ပြီး လူတန်းစားကွာဟမှုကို ဖော်ကျူးပါတယ်။ ဒီကားကိုလည်း ကိုရီးယားရုပ်ရှင်ကြိုက်တဲ့ မြန်မာနဲ့ ကမ္ဘာတလွှားမှာ အားပေးကြပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပထမဆုံး ဇာတ်ကားဆုရတဲ့ ၁၉၂၇ က တောင်ပံများ

နှစ် ၉ဝ ကျော်အတွင်း ဆုရခဲ့တဲ့ အချစ်အလွမ်းအသောအကြမ်း စတဲ့ စုံလင်ထွေပြားတဲ့ အမေရိကန် ဟောလီးဝုဒ်ဇာတ်ကားတွေဟာ မြန်မာအပါအဝင် ကမ္ဘာတလွှားက ရုပ်ရှင်ပရိသတ်တွေကို ခုထိ ဖမ်းစားနိုင်ဆဲ ဖြစ်သလို ကမ္ဘာ့ရုပ်ရှင်လောကနဲ့ နိုင်ငံတကာ ယဉ်ကျေးမှုကိုပါ လွှမ်းမိုးသက်ရောက်နိုင်တာကို တွေ့ရပါတယ်။