ရာရှိုမွန် ၊ ဂန္ဓီ၊ ချောင်းနေတဲ့ကျားနဲ့ ဂျက်ကီချန်း - အာရှနွယ်ဖွား အော်စကာဆုရှင်များ

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂန္ဓီအဖြစ် သရုပ်ဆောင်တဲ့ ဘန်ကင်းစလေ

မီရှယ်ယိုးနဲ့ ကေဟွီးကွမ်းတို့ ဒီနှစ် အော်စကာဆုရပြီးနောက် အာရှနွယ်ဖွားတွေရဲ့ ကမ္ဘာ့ရုပ်ရှင်လောကမှာ တွင်ကျယ်လာမှုကို ပို သတိထားမိလာကြပါတယ်။ တချိန်က အာရှမှာသာမက ကမ္ဘာ့ရုပ်ရှင်စင်မြင့်မှာတောင် ဂန္ထဝင်ဒါရိုက်တာကြီးတွေအဖြစ် စံထားခဲ့ရတဲ့ ဂျပန်က အာကီရာ ကူရိုဆာဝါနဲ့ အိန္ဒိယက ဆတ္တရာဂျစ်ရေးတို့ကိုတောင် ဂုဏ်ထူးဆောင်ဆုပဲ ချီးမြှင့်ခဲ့တဲ့ ဟောလီးဝုဒ်စင်မြင့်မှာ အနောက်တိုင်းသားမဟုတ်သူတွေကို ပိုအရေးပေးလာတာပါ။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပထမဆုံး အင်္ဂလိပ်စကားပြောမဟုတ်တဲ့ ဇာတ်ကားဆု ကပ်ပါးပိုးက ရခဲ့

ဇာတ်ကားများ

အာရှခေတ်မဆန်းမီ အရင်ကလည်း အနောက်တိုင်းက လက်ဘနွန်နွယ်ဖွားထုတ်လုပ်သူ နှစ်ယောက် ဇာတ်ကားဆုတွေ ရခဲ့ဖူးပါတယ်။ ၁၉၈ဝ မှာ သာမန်လူများ ဇာတ်ကားနဲ့ ဆုရတဲ့ ရိုနယ် အယ်လ် ရွှယ်ရီနဲ့ ၂ဝ၁၁ မှာ အနုပညာရှင်ဇာတ်ကားနဲ့ ဆုရတဲ့ သောမတ် လန်မန်တို့ပါ။

အဲဒီနောက် ၂ဝ၁၉ မှာ ကပ်ပါးပိုးဇာတ်ကားနဲ့ ကိုရီးယားက ဒါရိုက်တာနဲ့ ထုတ်လုပ်သူ ဘွန်ဂျွန်ဟိုး ဆုလေးဆု ရရှိခဲ့ပါတယ်။ အကောင်းဆုံး ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ နိုင်ငံခြားဇာတ်ကားဆုနဲ့ မူရင်းဇာတ်ညွှန်းဆုတွေ ဖြစ်ပါတယ်။ ဒါဟာ ပထမဆုံး အရှေ့အာရှက ရတဲ့ အော်စကာဇာတ်ကားဆု ဖြစ်သလို အင်္ဂလိပ်စကားပြောမဟုတ်တဲ့ ဇာတ်ကားတွေထဲက ပထမဆုံးရတဲ့ ဇာတ်ကားဆုလည်း ဖြစ်ပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြည်ကြီးသူ ဒါရိုက်တာ ကလိုဝီဂျောင်

၂ဝ၂ဝ မှာ ဇာတ်ကားဆုရတဲ့ ရွှေ့ပြောင်းသွားလာသူတို့နယ်မြေ ဇာတ်ကား ထုတ်လုပ်သူ တရုတ်အမျိုးသမီး ကလိုဝီဂျောင်ကလည်း အာရှသူ ဖြစ်ပြီး ဇာတ်ကားဆုနဲ့ ဒါရိုက်တာဆုတွေ ရရှိခဲ့ပါတယ်။ အာရှသူနဲ့ အသားအရောင်ပါတဲ့ အမျိုးသမီးတွေထဲက ပထမဆုံး ဒါရိုက်တာဆုရသူ ဖြစ်ပါတယ်။

အဲဒီနောက် ၂ဝ၂၂ အတွက် ဇာတ်ကားဆုကို နေရာတကာမှာ အရာရာအားလုံး ချက်ချင်းဇာတ်ကားနဲ့ ဒန်နီယယ်ကွမ်နဲ့ ဂျွန်နသန်ဝမ်တို့ ရရှိခဲ့ပါတယ်။ ဟောင်ကောင်နဲ့ ထိုင်ဝမ်နွယ်ဖွား တရုတ်အမေရိကန်တွေ ဖြစ်ကြပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အနုပညာ ထိပ်တန်းကျတဲ့ ရာရှိုမွန်

ဒီလို အာရှနွယ်ဖွားတွေ ထိပ်တန်းဆုတွေ မရခင် ၁၉၅၁ က ကမ္ဘာကျော် ရာရှိုမွန် ဇာတ်ကားနဲ့ ဒါရိုက်တာ ကူရိုဆာဝါ ၊ ၁၉၅၄ မှာ ငရဲတံခါးဝ ဇာတ်ကားနဲ့ ဒါရိုက်တာ ကီနူဂါဆာ၊ ၁၉၅၅ မှာ ဆာမူရိုင်း ၁ ဇာတ်ကားနဲ့ ဒါရိုက်တာ အီနာဂါကီတို့ အထူးဆုတွေ ရခဲ့ကြပြီး ဂျပန်ကားတွေချည်း ဖြစ်ပါတယ်။

၂ဝဝဝ ပြည့်နှစ်မှာ ထိုင်ဝမ် ဒါရိုက်တာ အန်းလီရဲ့ ချောင်းနေတဲ့ကျား၊ ပျောက်နေတဲ့နဂါး ဇာတ်ကားက အကောင်းဆုံးနိုင်ငံခြားဇာတ်ကားဆု ရခဲ့ပြီး အာရှကားတွေထဲက ပထမဆုံး ရခဲ့တာ ဖြစ်ပါတယ်။ ၂ဝဝ၈ မှာ ဂျပန်က တာကီတာရဲ့ ထွက်ခွာခြင်းများ၊ ၂ဝ၁၁ နဲ့ ၂ဝ၁၆ မှာ အီရန်က ဖာဟီဒါရဲ့ ပြတ်စဲခြင်းနဲ့ အရောင်းသမား၊ ၂ဝ၂၁ မှာ ဂျပန်က ဟာမာဂူချီရဲ့ ငါ့ကားကိုမောင်းပါ ဇာတ်ကားတွေကလည်း အကောင်းဆုံး နိုင်ငံခြားဇာတ်ကားဆုတွေ ရခဲ့ပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းဘုရင်အသွင် ယူးလ်ဘရိုင်နာ

ဇာတ်ဆောင်များ

၁၉၅၆ မှာ ဘုရင်နဲ့ကျွန်မဇာတ်ကားနဲ့ မင်းသားဆုရတဲ့ ယူးလ်ဘရိုင်နာ ဟာ ဆိုက်ဘေးရီးယားမှာ မွေးတဲ့ ရုရှား မွန်ဂိုကပြားဖြစ်ပြီး ထိုင်းဘုရင်မောင်းကွတ်အခန်းမှာ သရုပ်ဆောင်ပြီး အော်စကာဆု ရခဲ့ပါတယ်။

သူ့နောက် နှစ်တွေအကြာကြီးနေမှ ၁၉၈၂ မှာ ဂန္ဓီ ဇာတ်ကား နဲ့ ဗြိတိသျှအိန္ဒိယနွယ်ဖွား ဘန်ကင်းစလေ မင်းသားဆု ရပါတယ်။

၁၉၈၄ က အာမေးဒီးယပ်စ် ဇာတ်ကားမှာ မင်းသားဆုရတဲ့ အက်ဖ် မာရေး အေဘရာဟမ် ကတော့ ဆီးရီးယားနွယ်ဖွား အမေရိကန်ဖြစ်ပါတယ်။ ကမ္ဘာကျော် သြစတြီးယား ဂီတစာဆိုကျော် မိုးဇက်အကြောင်း ဇာတ်ကားမှာ အီတာလျံ တေးပြုစာဆို အန်တိုနီယို ဆယ်လီယာရီအဖြစ် သရုပ်ဆောင်ပြီး အော်စကာဆုကို သူ ဆွတ်ခူးခဲ့ပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အော်စကာဆုရုပ်နဲ့ ရှယ်

၁၉၈၇ မှာ မွန်းစထရပ်ဇာတ်ကားနဲ့ မင်းသမီးဆုရတဲ့ ရှယ်က အာမေနီးယားနွယ်ဖွား အမေရိကန်ရုပ်ရှင်မင်းသမီးဖြစ်ပြီး ၂ဝ၁ဝ မှာ ငန်းနက် ဇာတ်ကားနဲ့ ဆုရတဲ့ နာတာလီပို့တ်မန်းက အစ္စရေးမှာမွေးတဲ့ အမေရိကန် မင်းသမီး ဖြစ်ပါတယ်။

၂ဝ၂၂ မှာ နေရာတကာမှာ အရာရာအားလုံး ချက်ချင်း ဇာတ်ကားနဲ့ မင်းသမီးဆု ရတဲ့ မလေးတရုတ်လူမျိုး မီရှယ်ယိုး ကတော့ ပထမဆုံး မင်းသမီးဆုရတဲ့ အရှေ့တောင် အာရှနွယ်ဖွား ဖြစ်ပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပထမဆုံး အာရှသရုပ်ဆောင်ဆုရ ယူမီကီ

ဇာတ်ပို့များ

ဆာယိုနာရာ ဇာတ်ကားနဲ့ ၁၉၅၇ မှာ ဇာတ်ပို့ဆု ဆွတ်ခူးခဲ့တဲ့ မီယိုရှီ ယူမီကီ ဟာ ပထမဆုံးအာရှသူထဲက သရုပ်ဆောင်ဆု ဆွတ်ခူးခဲ့သူဖြစ်ပြီး အဆိုတော်လည်း ဖြစ်ခဲ့ပါတယ်။

၁၉၈၄ မှာ လူသတ်ကွင်းများ ဇာတ်ကားနဲ့ ဇာတ်ပို့ဆုရတဲ့ ဟိုင်းငေါ် ဟာ ကမ္ဘောဒီးယား ပြည်တွင်းစစ်ဒဏ်ကို ကြုံခဲ့ရတဲ့ ဆရာဝန်တဦးဖြစ်ပါတယ်။ သရုပ်ဆောင်အစစ်မဟုတ်ဘဲ အပျော်တမ်းပါဝင်သူထဲက ဒုတိယမြောက် အော်စကာဆုရသူပါ။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူသတ်ကွင်းများ ဇာတ်ကားက ဟိုင်းငေါ်

ကိုရီးယားမင်းသမီး ယွန်ယော့ဂျောင်က မီနာရီ ဇာတ်ကားနဲ့ ၂ဝ၂ဝ မှာ ဇာတ်ပို့ဆုရပြီး ပထမဆုံး အော်စကာဆုရတဲ့ ကိုရီးယား ဇာတ်ဆောင် ဖြစ်ပါတယ်။

ဗီယက်နမ်က ကလေးဘဝက စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကေဟွီးကွမ်းက ၂ဝ၂၂ နေရာတကာမှာ အရာရာအားလုံး ချက်ချင်းဇာတ်ကားနဲ့ ဇာတ်ပို့ဆု ဆွတ်ခူးပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာရှဒါရိုက်တာထဲက ပထမဆုံး အော်စကာရတဲ့ အန်းလီ

ဒါရိုက်တာများ

လိင်တူစွဲလမ်းမှုတောင်တန်း ဇာတ်ကားနဲ့ ၂ဝဝ၅၊ ပိုင်ရဲ့ဘဝ ဇာတ်ကားနဲ့ ၂ဝ၁၂ တွေမှာ ဒါရိုက်တာ ဆုရတဲ့ ထိုင်ဝမ်သား အန်းလီဟာ အာရှသားတွေထဲက ပထမဆုံး ဒါရိုက်တာဆုရသူ ဖြစ်ပါတယ်။

သူ့နောက်မှာ ဘွန်ဂျွန်ဟိုးက ၂ဝ၁၉ မှာ ကပ်ပါးပိုး ၊ ကလိုဝီဂျောင်က ၂ဝ၂ဝ မှာ ရွှေပြောင်းသွားလာသူတို့နယ်မြေ ဇာတ်ကားတွေနဲ့ ဒါရိုက်တာဆုတွေ ထပ်ရကြပြီး ၂ဝ၂၂ မှာ ဒန်နီယယ် ကွမ်က နေရာတကာမှာ အရာရာအားလုံး ချက်ချင်းဇာတ်ကားနဲ့ ဒါရိုက်တာဆု ဆွတ်ခူးသွားပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ငယ်နုစဉ်က ဂျက်ကီချန်း

အသံ၊ တည်းဖြတ်၊ ဂီတ၊ သီချင်း စတဲ့ တခြား အော်စကာဆုရ အာရှသားနဲ့ အာရှနွယ်ဖွားတွေလည်း ရှိပါတယ်။ ဂုဏ်ထူးဆောင်ဆုအနေနဲ့ ဂျပန်က ကူရိုဆာဝါကို ၁၉၈၉၊ အိန္ဒိယက ဆတ္တရာဂျစ်ရေးကို ၁၉၉၁၊ ဂျပန်ကာတွန်းရုပ်ရှင် ဒါရိုက်တာ ဟာယောင် မီယာဇာကီကို ၂ဝ၁၄ နဲ့ နာမည်ကျော် ဟောင်ကောင်မင်းသား ဂျက်ကီချန်းကို ၂ဝ၁၆ မှာ ချီးမြှင့်ခဲ့ပါတယ်။ မီယာဇာကီကိုယ်တိုင်လည်း ၂ဝဝ၁ က ဝေးလွင့်ဝိညာဉ် ဇာတ်ကားနဲ့ ကာတွန်းရုပ်ရှင်ဆု ဆွတ်ခူးခဲ့ပါတယ်။

oscar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာကျော် ဒါရိုက်တာ ဆတ္တရာဂျစ်ရေး