ရဟတ်ယာဥ်နဲ့ အမြောက်တွေသုံးနေတဲ့ ကလေးမြို့အနီးက တိုက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်းကလေးမြို့တောင်ပိုင်း မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား ရက်ဆက်တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒီကနေ့ မှာစစ်ကောင်စီဘက်က ရဟတ်ယာဥ်နဲ့ ပစ်ခတ်နေသလို အမြောက်တွေသုံး ပြီးပစ်ခတ်နေတယ်လို့ ကလေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ကလေးမြို့ တောင်ပိုင်း မြို့နဲ့ ၃ မိုင်လောက်ဝေးတဲ့ သာစည်ရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေတာဖြစ်ပြီးတော့ ဒီကနေ့ မနက်ပိုင်း ရဟတ်ယာဥ် ကောင်းကင်နေ ခေါင်းစိုက်ပြီး ပစ်နေတာကို ကလေးမြို့ပေါ်ကနေ မြင်နေရတယ်လို့ သူက ပြောပါတယ်။
ဒေသခံလက်နက်ကိုင် PDF တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကလေးမြို့ ကျေးလက် လမ်းဦးစီးက ကားတစ်စီးကို လုယူသွားပြီးတဲ့နောက် အခုလို စစ်ကောင်စီနဲ့ ဒေသခံလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာလို့ သိရပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့ မနက်မှာတော့ စစ်ကောင်စီက အင်အား ရာဂဏန်းနဲ့ သာစည်ရွာအနီးကို ဝင်ပြီးတိုက်ခိုက်ခဲ့တာမှာ ရဟတ်ယာဥ်နဲ့ ကူပြီး ပစ်ခတ်ခဲ့တာလို့ ကလေးမြို့ဒေသခံက ပြောပြပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့ ညပိုင်း အထိ လက်နက်ကြီးပစ်သံတွေ ကလေးမြို့ပေါ်က ကြားနေရဆဲဖြစ်တယ်လို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်အုပ်စုရဲ့ လေကြောင်းက ပစ်ခတ်မှုကြောင့် သာစည်ကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦး ထိမှန် ဒဏ်ရာရထားပြီး နေအိမ်တချို့ ပျက်စီးဆုံးရှုံးမှု ရှိတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။
တိုက်ပွဲဖြစ်နေတာကြောင့် သာစည်၊ ချင်းဆိုင်၊ ဇင်းကလင်း၊ သာယာကုန်း၊ စက္ကန့်၊ မြို့လှ၊ ထိုမာ စတဲ့ ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ပြောပါတယ်။
တချို့ကလည်း ကလေးမြို့ဘက်ကို စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာကြတယ်လို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ကလေးမြို့ပေါ်မှာတော့ လူတွေက ထိတ်လန့်နေကြပြီးတော့ အပြင်မထွက်ရဲကြဘဲ လမ်းတွေပေါ်မှာ လူသွားလူလာနည်းနေတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကလေးမြို့တောင်ပိုင်းကို အခုလိုစစ်ကောင်စီဘက်က တိုက်ခိုက်နေတာဟာ ကလေးမြို့ကို တောင်ဘက်ပိုင်းက လာတဲ့လမ်းကြောင်းမှာ PDF တွေက နယ်မြေစိုးမိုးထားလို့ ကလေးမြို့ကို လာလို့ မရတာကြောင့် စစ်ကောင်စီဘက်ကို ဆရာတော်တစ်ပါးက စာရေး အကူအညီတောင်းခံမှုနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။
အဲဒီ စာဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့ နေ့စွဲနဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာဖြစ်ပြီးတော့ ကလေးမြို့နဲ့ ဂန့်ဂေါမြို့ကြားက စစ်ကောင်စီထောက်ခံတဲ့ ပြည်သူ့စစ်ရွာတွေဖြစ်တဲ့ ကျောက်ပြုတ်၊ ကြံသာ၊ အင်းကျွန်း၊ ကျောက်ဆည်၊ မန္တာ၊ သာယာဝတီ၊ လယ်ကြီး၊ မြောက်ခင်ရန်း၊ ဟံသာဝတီ စတဲ့ကျေးရွာတွေက အိမ်ထောင်စု ၇၀၀၀ ကျော်ဟာ စက်သုံးဆီ လူသုံးကုန်တွေ ပြတ်နေတာ ၆ လလောက်ရှိပြီး ဒီကျေးရွာတွေဟာ ကလေးမြို့နဲ့ မိုင် ၅၀ လောက်အကွာမှာရှိပေမယ့် ကလေးမြို့ကို ကောက်ပဲသီးနှံသွားရောင်းရင်ဖြစ်စေ စျေးဝယ်ရင်ဖြစ်စေ ပစ္စည်းတွေကို PDF တွေက လမ်းကနေ သိမ်းယူပြီး လူတွေကို သတ်ဖြတ်မှုတွေ လုပ်နေလို့ နယ်မြေရှင်းလင်းပေးဖို့ဆိုပြီး တောင်းခံခဲ့တာ ဖြစ်ပါတယ်။
ပြည်သူစစ်တွေရှိတဲ့ ကျေးရွာတွေဟာ ကလေးမြို့ကို သွားရောက်ပြီးစျေးဝယ်လို့ မရတာကြောင့် စက်သုံးဆီ တစ်ဂါလံကို ခြောက်သောင်းကျော်၊ သကြားတစ်ပိဿကို လေးသောင်းကျော်အထိစျေးတက်နေပြီးတော့ ကုန်ပစ္စည်းတွေ ဝယ်မရတာကြောင့် အလွန်ဆင်းရဲကျပ်တည်းနေကြတယ်လို့ စာထဲမှာဖော်ပြပါရှိပါတယ်။
ပြည်သူ့စစ် အင်အား ၈၀၀ ကျော်ရှိတဲ့ ဒီရွာတွေမှာလက်နက် အင်အားမပြည့်စုံလို့ လက်နက်တပ်ဆင်ပေးဖို့ကိုလည်း တောင်းဆိုထားတာ တွေ့ရပါတယ်။
ဒီရွာတွေဟာ ကလေးမြို့တောင်ပိုင်း နဲ့ ဂန့်ဂေါနယ်ဘက်ကို စစ်ကောင်စီက စစ်ကြောင်းတွေထိုးပြီး ရွာတွေမီးရှို့စဥ်မှာ လိုက်လံကူညီပေးတာ တိုက်ခိုက်ပေးတာရှိပြီး အခုတော့ အငတ်ဘေးဆိုက်လို့ စစ်ကောင်စီကို အကူအညီတောင်းလို့ တိုက်ပွဲတွေ ဖြစ်တာလို့လည်း ဒေသခံအချို့က ပြောဆိုကြပါတယ်။
ပျူ ရွာ လို့ ခေါ်တဲ့ စစ်ကောင်စီထောက်ခံတဲ့ကျေးရွာတွေဟာ ဂန့်ဂေါမြို့ဘက်ကို လည်း သွားလာလို့မရတာကြောင့် ကလေးနယ်နဲ့ ဂန့်ဂေါနယ်ကြားမှာ ပိတ်မိပြီး စားသောက်ကုန် လူသုံးကုန်တွေရှားပါးနေတာလို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မိုင် ၉၀ ခန့် ရှိတဲ့ ကလေး ဂန့်ဂေါလမ်းပိုင်းဟာ PDF တွေဘက်က စိုးမိုးထားတာ နှစ်နဲ့ချီနေပြီး ဒီလမ်းကို စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပါတယ်။
ကလေး ဂန့်ဂေါလမ်းပိုင်းမှာ ကလေးမြို့က နေ ၁၅ မိုင်ခန့်ဝေးတဲ့ နတ်ချောင်းကို ကျော်သွားရင် အသွားအလာ ကန့်သတ်ထားပြီး ကုန်ပစ္စည်းတွေရှားပါးတာကြောင့် စျေးတွေဟာ ကလေးမြို့ပေါက်စျေးထက် နှစ်ဆနီးပါးဖြစ်နေတယ်လို့ ဆိုပါတယ်။
ကလေးမြို့ အဝင်ကို စစ်ကောင်စီက ထိန်းချုပ်ထားပေမယ့်လည်း ကလေးမြို့အနီး ကျေးရွာချင်းဆက်လမ်းတွေကတစ်ဆင့် ဒေသခံလက်နက်ကိုင်တွေက ဝင်ရောက်တိုက်ခိုက်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကလေးမြို့တာဟန်း မှာရှိတဲ့ စစ်ကောင်စီ စခန်းတစ်ခုတိုက်ခိုက်ခံရပါတယ်။
စစ်ကောင်စီက မြို့လှ၊ စက္ကန့် စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးတာရှိပြီး မကြာသေးခင်က စစ်ကောင်စီ စစ်ကြောင်းထိုးအပြီး မီးရှို့သတ်ထားခဲ့တဲ့ သားအမိ ရုပ်အလောင်းနှစ်ဦးကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းက ဒီကနေ့ ကလေး-ဂန့်ဂေါလမ်းပေါ်က သာစည်ရွာကို တိုက်တာဟာ စစ်ကောင်စီထောက်ခံတဲ့ ကျေးရွာတွေကို ပိတ်ဆို့ထားလို့ တိုက်ခိုက်တာဖြစ်နိုင်သလို ဒေသလက်နက်ကိုင်တွေခိုအောင်းနေတယ်လို့ ယူဆရလို့ တိုက်ခိုက်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ








