သင်္ဘောတွေ ပိတ်ဆို့ဖို့ ထရမ့် အမိန့်ကို စစ်ခင်းလိုတဲ့ ခြိမ်းခြောက်မှုအဖြစ် ဗင်နီဇွဲလား ရှုတ်ချ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, အီဖာ ဝေါ့လ်ရှ်နဲ့ ဂျိမ်းစ် ဖစ်ဇ်ဂျရယ်
ဗင်နီဇွဲလားကို အဝင်အထွက် လုပ်နေပြီး ဒဏ်ခတ်ပိတ်ဆို့ထားရတဲ့ ရေနံတင်သင်္ဘော မှန်သမျှကို အပြီးတိုင် ပိတ်ဆို့ဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အမိန့်ထုတ်လိုက်ပြီး ဒါကို စစ်ခင်းလိုတဲ့ ခြိမ်းခြောက်မှုအဖြစ် ဗင်နီဇွဲလားက ရှုတ်ချခဲ့ပါတယ်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုရဲ့ အစိုးရကို မူးယစ် မှောင်ခိုမှု၊ လူကုန်ကူးမှုတွေနဲ့ ပတ်သက်တဲ့ နိုင်ငံခြား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်းလည်း ထရမ့်က ရေးပါတယ်။
ဗင်နီဇွဲလား ကမ်းလွန်မှာ အရင်ပတ်က ရေနံတင်သင်္ဘောတစင်းကို အမေရိကန် ထိန်းသိမ်းခဲ့ပြီးနောက် ထရမ့်က ဒီလို ပြောကြားခဲ့တာပါ။ ဗင်နီဇွဲလားရဲ့ ရေနံအပေါ် မှီခိုရမှုကြောင့် ဒီလို ဖမ်းဆီးမှုကို အရေးကြီးတယ်လို့ ယူဆကြပါတယ်။
ဗင်နီဇွဲလားက မူးယစ်မှောင်ခိုလုပ်တယ် ဆိုတဲ့ သင်္ဘောတွေကိုလည်း အမေရိကန်က မကြာခင်က တိုက်ခိုက်ခဲ့ပြီး အနီးတဝိုက်မှာလည်း အမေရိကန် ရေတပ်ကို တိုးချထားပါတယ်။
ရေနံတင်သင်္ဘောတွေကို ဘယ်လို ကျယ်ကျယ်ပြန့်ပြန့် ဒဏ်ခတ် ပိတ်ဆို့မလဲ ဆိုတာကိုတော့ ထရမ့်ရဲ့ ရေးသားမှုမှာ အသေးစိတ် မဖော်ပြပါဘူး။
အရင်ပတ်ကထိ ဗင်နီဇွဲလား ရေပြင်နဲ့ အနီးတဝိုက်က သင်္ဘောအစီး ၈ဝ ထဲက ၃၀ ကျော်ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း TankerTrackers.com ဝက်ဆိုက်က ပြုစုတဲ့ အချက်အလက်တွေအရ သိရပါတယ်။
ရေနံတင်သင်္ဘောကို ဖမ်းဆီးပြီးနောက် ဗင်နီဇွဲလားက ရေနံသယ်တယ် ဆိုတဲ့ သင်္ဘောတွေအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုအသစ် အများအပြား ချမှတ်ခဲ့ပါတယ်။ သမ္မတ မာဒူရိုရဲ့ ဆွေမျိုးတချို့နဲ့ သူ့အစိုးရနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ်မှာလည်း အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ခဲ့ပါတယ်။
ဗင်နီဇွဲလားကို တောင်အမေရိကသမိုင်းမှာ အကြီးဆုံး ရေတပ်ကြီးနဲ့ လုံးဝ ဝိုင်းပတ်ထားကြောင်း Truth Social လူမှုကွန်ရက်မှာ ထရမ့်က ရေးပါတယ်။ ဒီပိတ်ဆို့မှုက ပိုကြီးလာဖို့ပဲ ရှိပြီး ဒါမျိုးကို ကြုံဖူးမှာလည်း မဟုတ်ဘူးလို့ သူက ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မာဒူရိုအစိုးရက ခိုးထားတဲ့ ရေနံတွေကို သူတို့ကိုယ်ကျိုးအတွက် သုံးနေသလို မူးယစ် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ လူသတ် ပြန်ပေးဆွဲတာတွေ လုပ်တယ်ဆိုပြီး ထရမ့်က စွပ်စွဲပါတယ်။
ဗင်နီဇွဲလားက မူးယစ်မှောင်ခိုလုပ်နေတယ်ဆိုပြီး အမေရိကန်သမ္မတက ထပ်တလဲလဲ စွပ်စွဲခဲ့ပါတယ်။ စက်တင်ဘာလဆန်းကစပြီး ဖန်တနဲလ်နဲ့ တခြား မူးယစ်ဆေးတွေ အမေရိကန်ကို သယ်လာတယ်ဆိုတဲ့ သင်္ဘောတွေကို အမေရိကန်စစ်တပ် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၉၀ သေဆုံးခဲ့ပါတယ်။
ဒီသင်္ဘောတွေက မူးယစ်ဆေးတွေကို သယ်လာတဲ့ သက်သေအထောက်အထားတွေကိုတော့ အမေရိကန်က လူသိရှင်ကြား ထုတ်မပြခဲ့ပါဘူး။ ဖန်တနဲလ် ဆိုရင်လည်း မက္ကဆီကိုမှာ အဓိက ထုတ်တာ ဖြစ်ပါတယ်။
အမေရိကန်ဟာ အရင်က မာဒူရိုတယောက်ကိုပဲ စွပ်စွဲနေရာက အစိုးရတဖွဲ့လုံးကို ထည့်သွင်းစွပ်စွဲလာကြောင်း ထရမ့်ရဲ့ ရေးသားချက်က ပြနေပါတယ်။
ဗင်နီဇွဲလားက Cartel de los Soles အုပ်စုကို ပြည်ပ အကြမ်းဖက်အဖွဲ့ အဖြစ် အမေရိကန်က အရင်လက တရားဝင် စွပ်စွဲခဲ့ပါတယ်။ ဒီလို သတ်မှတ်တာက ဒီအုပ်စု ခေါင်းဆောင်လို့ စွပ်စွဲခံရတဲ့ မာဒူရိုကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်တာဖြစ်ပါတယ်။ ဒီစွပ်စွဲချက်ကိုလည်း မာဒူရိုက ပယ်ချပါတယ်။
အမေရိကန်ရဲ့ လတ်တလော လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ ကမ္ဘာ့အကြီးဆုံး ရေနံသိုက်တွေ ရှိတဲ့ ဗင်နီဇွဲလားကလည်း အမေရိကန်က သူ့ဆီက ရင်းမြစ် သယံဇာတတွေကို ခိုးယူဖို့ ကြိုးစားတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗင်နီဇွဲလား စီးပွားရေးက ရေနံတင်ပို့မှုကို အများကြီး မှီခိုနေတာပါ။ ဗင်နီဇွဲလားမှာ ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီးတွေ ရှိပေမဲ့လည်း ထုတ်ယူတဲ့ ပမာဏက နည်းပါတယ်။
ဗင်နီဇွဲလား ကမ်းလွန်မှာ အရင်ပတ်က ရေနံတင်သင်္ဘောကို သိမ်းဆည်းကြောင်း ကြေညာချိန်က Skipper လို့ ခေါ်တဲ့ ဒီသင်္ဘောက တရားမဝင် ရေနံ တင်ပို့မှုမှာ ပါဝင်ခဲ့ပြီး ဒီသင်္ဘောကို အမေရိကန် ဆိပ်ကမ်းတခုဆီ ယူဆောင်သွားမယ်လို့ အိမ်ဖြူတော်က ပြောကြားပါတယ်။
အမေရိကန်က သင်္ဘောသားတွေကို ပြန်ပေးဆွဲပြီး သင်္ဘောကို ခိုးကြောင်း မာဒူရိုက ပြောသလို ဗင်နီဇွဲလားအစိုးရကလည်း ရှုတ်ချပါတယ်။
ဒီကိစ္စ မဖြစ်ခင် လတွေနဲ့ချီပြီး ဗင်နီဇွဲလား မြောက်ဘက်က ကာရစ်ဘီယံပင်လယ်မှာ အမေရိကန်က စစ်အင်အား တည်ဆောက်နေတာပါ။
ကမ္ဘာ့အကြီးဆုံး ဂျယ်ရယ်ဖို့ဒ် လေယာဉ်တင်သင်္ဘောကြီးနဲ့တကွ ထောင်နဲ့ချီတဲ့ တပ်သားတွေကို ဗင်နီဇွဲလား အနီးတဝိုက်မှာ အမေရိကန်က ချထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တက္ကဆက်ပြည်နယ်က ဒီမိုကရက် အောက်လွှတ်တော်အမတ် ဝါကင်း ကက်စထရိုကလည်း ထရမ့်ရဲ့ ရေတပ်ပိတ်ဆို့မှုက စစ်ခင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း မေးခွန်းထုတ်စရာမလိုဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ဗင်နီဇွဲလားနဲ့ အချင်းများနေတာတွေ အဆုံးသတ်ဖို့ သမ္မတကို ညွှန်ကြားတဲ့ အဆိုကိုကြာသပတေးနေ့မှာ အမေရိကန် လွှတ်တော်အမတ်တွေ မဲခွဲဆုံးဖြတ်မယ်လို့ ဆိုပါတယ်။
ဂျိုးဘိုင်ဒန်နဲ့ ထရမ့် သမ္မတနှစ်ယောက်လုံး လက်ထက်မှာ မာဒူရို အစိုးရကို ဖယ်ရှားဖို့ အပြင်းအထန် ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြပါတယ်။
မာဒူရိုအစိုးရကို လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး နိုင်ငံတကာက နှစ်ချီ စွပ်စွဲခဲ့ကြပါတယ်။ ဗင်နီဇွဲလား အတိုက်အခံတွေနဲ့တကွ အမေရိကန်အပါအဝင် နိုင်ငံအများအပြားကလည်း မနှစ်က ဗင်နီဇွဲလား ရွေးကောက်ပွဲကို မဲခိုးတယ် ဆိုပြီး ရှုတ်ချခဲ့ကြသလို သူ့အစိုးရကို တရားမဝင်ဘူးလို့ ပြောကြပါတယ်။
ဗင်နီဇွဲလားမှာ အရပ်ဘက် အဖွဲ့အစည်းတွေကို ဖိနှိပ်မှု ပြင်းထန်လာလို့ ပြည်သူ့လွတ်လပ်ခွင့်တွေ ဖိနှိပ်ခံနေရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက သတိပေးခဲ့ပါတယ်။










