ရေနံစျေး ချပြီး အနောက်နိုင်ငံတွေက စစ်အေးကို အနိုင်ယူလိုက်တယ်ဆိုတဲ့သီအိုရီက ထရမ့်အတွက်ရော အသုံးတည့်နိုင်မလား

- ရေးသားသူ, အက်နာစတာရှာ ဇန်နူဒါ
- ရာထူးတာဝန်, ဘီဘီစီသတင်း ယူကရိန်း
ရုရှားရဲ့ "စစ်ယန္တရား" ကို ထောက်ပို့ပေးနေတဲ့ အကြီးဆုံးရေနံ ကုမ္ပဏီတွေထဲက ၂ ခုကို အမည်မည်း စာရင်းသွင်းပြီး "အားကောင်းတဲ့" ပိတ်ဆို့မှုအသစ်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပါတယ်။
ကရင်မလင်ကတော့ ရုရှားဟာ ဒီဆန်ရှင်တွေရဲ့ ဒဏ်ကို ခံရမယ့် "ဘေးမရှိဘူး" လို့ ဆိုပါတယ်။ ဒါပေမဲ့ ထရမ့်အနေနဲ့ ရေနံကို သုံးပြီး ငြိမ်းချမ်းရေးကို ကြားဝင်စေ့စပ်နိုင်စွမ်းရှိနိုင်တဲ့ နောက်ထပ်နည်းလမ်းကို သမိုင်း သင်ခန်းစာတခုက ဖော်ညွှန်းပြသနေပါတယ်။
ပိုလန်က တက်ကြွလှုပ်ရှားသူ သတင်းထောက်တယောက် ဖြစ်ခဲ့တဲ့ အက်ဒမ် မစ်ခ်နစ်ခ်က "အခြေအနေတချို့က ကွန်မြူနစ်တွေ လက်တွေ့ကျကျ ပြုမူနိုင်အောင်၊ ညှိနှိုင်းချက်တွေကို လက်ခံနိုင်အောင် တွန်းအားပေးခဲ့တဲ့သမိုင်း ရှိခဲ့ဖူးတယ်" လို့ တခါတုန်းက ပြောခဲ့ဖူးပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း တည်ငြိမ်လာတဲ့ ကာလ ၁၉၇၀ - ၈၀ နှစ်တွေအတွင်း ဆိုဗီယက်ပြည်ထောင်စု (Union of Soviet Socialist Republics - USSR) အတွက် ရေနံစျေးက တမဟုတ်ချင်း ပြောင်းသွားတဲ့ အခြေအနေတခုကို ကြုံခဲ့ရပါတယ်။
၁၉၇၃ - ၇၄ နဲ့ ၁၉၇၈ - ၈၀ စတဲ့ကာလတွေမှာ ရေနံစျေး ထိုးတက်သွားတာကြောင့် အမေရိကန်နဲ့ အနောက် ဥရောပတို့မှာဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှု မီးကြီးကို ထပ်ပြီးလောင်စာပေးသလို ဖြစ်ခဲ့ပါတယ်။ အဲဒီနိုင်ငံတွေမှာ အလုပ်လက်မဲ့ကျဆင်းဖို့ လုပ်နေတာတွေကို နှောင့်နှေးစေတာ၊ စီးပွားရေး တိုးတက်မှု နှေးကွေးတာတွေ ဖြစ်ကုန်ပြီး အကြွေးတွေ ပိုထူသွားပါတယ်။
အဲဒီအချိန်မှာ ဆိုဗီယက်ပြည်ထောင်စုက ထုတ်ကုန်တွေ ပိုမို ပို့နိုင်ပြီး သူ့စီးပွားရေးကို တည်ငြိမ်အောင် ထိန်းထားနိုင်ရုံသာမက စက်မှုပိုင်းနဲ့ စစ်ရေးပိုင်းက အခြေခံအဆောက်အအုံတွေဘက်မှာ ပိုပြီး ထောက်ပံ့ပေးနိုင်တာကြောင့် အာဖရိကနဲ့ အာရှဘက်မှာ သူတို့ သြဇာပိုလွှမ်းနိုင်ခဲ့တဲ့အပြင် လက်နက်ယှဉ်ပြိုင်မှုမှာလည်း သူတို့ ပိုပြီး အားသွန်နိုင်ခဲ့ပါတယ်။
စစ် နဲ့ ငြိမ်းချမ်းရေး

ဓာတ်ပုံ ရင်းမြစ်, GPO / Getty Images
၁၉၇၃ အောက်တိုဘာ ၆ ရက် စနေနေ့မှာ အီဂျစ်နဲ့ ဆီးရီးယား ဦးဆောင်တဲ့ အာရပ်နိုင်ငံ ညွန့်ပေါင်းတပ်က အစ္စရေးကို ရုတ်တရက်တိုက်ပြီး ယွန်ကစ်ပူးလ်လို့ အမည်ရတဲ့ စစ်ပွဲကို စတင်ခဲ့ကြပါတယ်။
ဆိုဗီယက်ပြည်ထောင်စုက အာရပ်နိုင်ငံတွေကို ထောက်ခံပြီး အမေရိကန်က အစ္စရေးဘက်က ရပ်ပါတယ်။ အာရပ် ရေနံထုတ်နိုင်ငံတွေက ရေနံထုတ်လုပ်မှုတွေကို လျှော့ချပြီး အမေရိကန်ကို ရေနံတင်သွင်းမှု ပိတ်ပါတယ်၊ ရေနံစျေးတွေလည်း ထိုးတက်သွားပါတယ်။
"၁၉၇၃ ရေနံပိတ်ပင်တာက ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီစျေးကွက်ကို တုန်လှုပ်သွားစေပါတယ်" လို့ The Quest and The Prize: The Epic Quest for Oil, Money, and Power စာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာ ဒန်နီယယ် ယာဂင်က ပြောပါတယ်။
"ဒါက ပထဝီနိုင်ငံရေးကို ပုံစံအသစ်ပြန်ချတာ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို အခင်းအကျင်းအသစ် လုပ်လိုက်တာ၊ စွမ်းအင် ခေတ်သစ်ကို ဖွင့်လှစ်ပေးလိုက်တာပါ။"
၁၉၇၉ မှာ အီဂျစ် - အစ္စရေး ငြိမ်းချမ်းရေး စာချုပ်ချုပ်ခဲ့တဲ့အချိန် အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေးက ဒုတိယ ရေနံအကျပ်အတည်းကို ဖြစ်လာစေခဲ့ပါတယ်။
နိုင်သူ နဲ့ ရှုံးသူ

ဓာတ်ပုံ ရင်းမြစ်, Keystone-France/Gamma-Keystone via Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေ စီးပွားရေး ကျဆင်းနေချိန်မှာ ဆိုဗီယက်ပြည်ထောင်စုဟာ အထိုက်အလျောက် စီးပွားရေးတည်ငြိမ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အဲဒီခေတ်ကို ရပ်တန့် နေတဲ့ ကာလလို့ ဆိုစမှတ်ပြုခဲ့ကြပါတယ်။
ဆိုက်ဘေးရီးယားက ရေနံသိုက်တွေကြောင့် ကမ္ဘာမှာ ပင်လယ်ကွေ့နိုင်ငံတွေ ပြီးရင် ဆိုဗီယက်က အကြီးဆုံးသော ရေနံသိုက်ကို ပိုင်ဆိုင်ခဲ့ကာ ရေနံစျေးအမြင့်က သူတို့အတွက် သိပ်ကို အမြတ်ထွက်ခဲ့ပါတယ်။ ၁၉၈၀မှာ ဆိုဗီယက်ပြည်ထောင်စုဟာ ကမ္ဘာမှာ ရေနံအတင်ပို့ဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ အရှေ့ ဥရောပ မဟာမိတ်နိုင်ငံတွေ၊ ကျူးဘား၊ ဗီယက်နမ် စတဲ့နိုင်ငံတွေအတွက် ဆိုဗီယက်က ရေနံကို လျှော့စျေးနဲ့ ပေးကာ "မှီခိုခံ ကွန်ရက်" ကို တည်ဆောက်နိုင်ခဲ့ပါတယ်၊ တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေကို ရေနံတင်ပို့ပြီး ဆိုဗီယက်က ငွေမာကို ရှာနိုင်ခဲ့ပါတယ်။
ရေနံကနေ ရုတ်တရက် စီးဝင်လာတဲ့ငွေကြေးတွေကြောင့် ဆိုဗီယက်ပြည်ထောင်စုဟာ သူ့ရဲ့ ဆိုရှယ်လစ်စီးပွားရေးမှာ မထုတ်လုပ်တော့တဲ့အရာအားလုံးကို ပြည်ပကနေ သွင်းဖို့ ဖြစ်စေခဲ့ပါတယ်။ သီးနှံက အစ စက်မှုကုန်အလယ် နည်းပညာ အဆုံး အကုန်တင်သွင်းရပါတယ်။
တဖက်မှာလည်း ဒါဟာ ဆိုဗီယက်ပြည်ထောင်စုအတွက် စနစ်ပိုင်းမှာ ပိုနက်ရှိုင်းတဲ့ ပြဿနာတွေကို အပေါ်ယံ ဖုံးခဲ့သလိုဖြစ်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဆိုဗီယက်မှာ တခြားကဏ္ဍတွေကနေ ရင်းမြစ်တွေကို ထုတ်ပြီး ရေနံလုပ်ငန်းမှာပဲ ပုံအော ရင်းနှီးကြပါတယ်။ အရင်းအမြစ် သိပ်ပြန်မဆွဲထုတ်တာဆိုလို့ ကာကွယ်ရေး အသုံးစားရိတ်ပဲ ကျန်ရှိတာပါ။
အနောက်က စီးပွားရေးမှာ ပြန်ကောင်းလာအောင် လုပ်လာပါတယ်။ ဆိုဗီယက် အခြေအနေက ''ဘာကီနာ ဖာဆိုမှာ ရော့ကတ်ဒုံးကျည်တွေ ပိုင်သလိုမျိုး" ဆိုပြီး ဆင်းရဲရဲ့ အနောက် အာဖရိကနိုင်ငံ ဘာကီနာ ဖာဆိုနဲ့ ဂျာမနီ ဝန်ကြီးချုပ် ဟဲမွတ်ခိုးလ်က ခိုင်းနှိုင်း ပြောဆိုတဲ့အထိ ဖြစ်ပါတယ်။
အချိန် နဲ့ ငွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၇၉ မှာ ဆိုဗီယက်တို့ အာဖဂန်နစ္စတန်ကို ဝင်ကျူးကျော်တော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ဆိုဗီယက်ကို နည်းပညာတွေ မတင်ပို့ဖို့ ဆန်ရှင်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒါကြောင့် ဆိုဗီယက်ရဲ့ ရေနံထုတ်လုပ်မှုကို ချက်ချင်းဆိုသလို ထိခိုက်ခဲ့ပါတယ်။
၁၉၈၀ နှစ်တွေ အစောပိုင်းမှာတော့ ကမ္ဘာတဝန်း ရေနံ သုံးစွဲမှုက စကျလာပြီး ရေနံစျေးလည်း ကျလာပါတယ်။ ရွှေမည်းနဲ့ ရထားတဲ့ဘဏ္ဍာသိုက်က ဆိုဗီယက်မှာ စပြီး ခန်းခြောက်လာပါတော့တယ်။
ဆိုဗီယက် ခေါင်းဆောင်တွေ အနေနဲ့ ရေနံစျေးကို မြှင့်တင်လို့မရတော့တာနဲ့ အတူ ပိုလန်မှာဆိုရင် ဆန္ဒပြပွဲတွေ၊ သပိတ်မှောက်ပွဲတွေကြောင့် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ရတဲ့အထိ ဖြစ်လာပါတယ်။
ဒီတော့ ပိုပြီး အဟကြီးလာတဲ့ အသုံးစရိတ်လိုငွေပြမှုအတွက် ငွေစက္ကူတွေ ပိုထုတ်လာရပါတယ်။
Postwar: A History of Europe Since 1945 စာအုပ်မှာဆိုရင် စာရေးဆရာ တိုနီ ဂျတ်တ်က ဆိုဗီယက် အုပ်စုဟာ ချေးထားတဲ့ ငွေပေါ်မှာ နေနေတာတင် မဟုတ် ချေးထားတဲ့ အချိန်တွေ ပေါ်မှာပါ နေနေတာပါတဲ့။
သဘောတူမလား မတူဘူးလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၈၀ နဲ့ ၁၉၈၆ ခုနှစ်ကြားမှာ ရေနံစျေးက တစည်ကို ၃၅ ဒေါ်လာကနေ ၁၀ ဒေါ်လာ - ၁၅ ဒေါ်လာ အထိ ကျဆင်းသွားပါတယ်။
အနောက်နိုင်ငံတွေအနေနဲ့ အရှေ့အလယ်ပိုင်းက ရေနံတင်သွင်းမှုတွေကို ဖြတ်တောက်နိုင်အောင် စွမ်းအင် သုံးစွဲမှု ချွေတာတာ၊ စွမ်းအင်ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ရေနံကနေ လျှပ်စစ်ဘက်ကို ပြောင်းတာ၊ ပြည်တွင်းရေနံ ထုတ်လုပ်မှုကို မြှင့်တင်တာ စတာတွေကို အလေးထား လုပ်ကိုင်ခဲ့ကြပါတယ်။
ထို့အတူ အဲဒီအချိန်ကာလမှာ "ရေနံစျေးကိုချ၊ ရေနံတွေ ပိုထုတ်လုပ်ပြီး ဝင်ငွေရှာနေတဲ့မော်စကို ဘဏ္ဍာရေးကို လျှော့ချနိုင်ဖို့ အခွင့်အရေးကို ရခဲ့တယ်" လို့ ယူကရိန်း သမ္မတရုံး အကြီးအကဲ အန်ဒရေ ယာမက်ခ်က ထောက်ပြပါတယ်။
"၁၉၈၆ မှာ သမ္မတ ရော်နယ် ရေဂင်နဲ့ ဆော်ဒီအာရေဗျ ဘုရင် ဖာအက်တို့ ရေနံစျေးကို ချဖို့ အစီအစဉ်ကို ဆွဲခဲ့ကြတယ်" လို့ ယာမက်ခ်က ဝေါလ် စထရိ ဂျာနယ်မှာ ရေးပါတယ်။
"ရေနံစည် တစည်စျေး ၁၀ ဒေါ်လာ လျော့ကျသွားတာက တနှစ်ကာလအတွင်း ဆိုဗီယက်တို့ ဒေါ်လာ ၁၀ ဘီလျံ ဆုံးရှုံးသွားတာနဲ့ ညီပါတယ်။"
"ရေနံထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများအဖွဲ့ အိုပက် (OPEC) မှာ သြဇာအကြီးဆုံးနိုင်ငံဖြစ်တဲ့ ဆော်ဒီ အာရေဗျက အိုပက်နိုင်ငံတွေအားလုံးကို သဘောတညီတည်းဖြစ်စေကာ ရေနံထုတ်လုပ်မှုကို မြှင့်လိုက်ပါတယ်"
"အမေရိကန်ကလည်း ရေနံတိုးပြီးထုတ်တယ်၊ ဆိုဗီယက်ကို နည်းပညာ တင်ပို့မှုတွေ ပိတ်ပင်လိုက်တယ်"
"ရေနံစျေးက အရင်မှန်းထားကြတာထက်တောင် ထိုးကျသွားပြီး တစည်ကို ၁၂ ဒေါ်လာထိကို ကျသွားတယ်။"
"ဒီလို အကြီးအမားဆုံးရှုံးမှုနဲ့ စစ်ရေး အသုံးစားရိတ် ကြီးမြင့်လွန်းနေတာရယ် ပေါင်းလိုက်တော့ ဆိုဗီယက် စီးပွားရေးက ထိခိုက်သွားပါတယ်"
"နောက်ဖြစ်လာတာကတော့ လူသိများကြပါတယ်။ ၁၉၉၁ မှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားတာပါ။ ကမ္ဘာမှာ နျူကလီယားလက်နက်တွေ အများဆုံးပိုင်ဆိုင်ပေမယ့် ဒီအချက်နဲ့ မကယ်တင်နိုင်ခဲ့ပါဘူး။"
ဒါပေမဲ့လည်း ရေဂင်အစိုးရက သူတို့ အဲဒီလို သဘောတူညီမှု လုပ်ခဲ့တယ်ဆိုတာကို မဟုတ်ကြောင်း ပယ်ချခဲ့ပါတယ်။ လုပ်ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းအပေါ်မှာတော့ ဒီနေ့အထိ စီးပွားရေး ပညာရှင်တွေ၊ သမိုင်းပညာရှင်တွေ၊ သံတမန်တွေ ဆွေးနွေးငြင်းခုန်ကြတုန်းပါ။
ဥရောပ အခြေစိုက် Center for Analysis and Strategies သင့်ခ်တင့်ခ်က ဒါရိုက်တာ ဒီမီထရီ နက်ခ်ခရာဆော့ဗ်ကတော့ ဒီ လျှို့ဝှက်ကြံစည်လုပ်ကိုင်မှု သီအိုရီက "အသေအချာ ဆန်းစစ်ကြည့်ရင် ဘာမှ ယုံကြည်နိုင်စရာ မရှိပါဘူး"လို့ ဆိုကာ ပယ်ချပါတယ်။
တူ တံဇဉ်

ဓာတ်ပုံ ရင်းမြစ်, Dirck Halstead / Getty Images
မီခေးလ် ဂေါ်ဘာချော့ဗ်က ၁၉၈၅ မှာ ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင်ဖြစ်လာတော့ သူ့အနေနဲ့ ရေနံ ဘဏ္ဍာငွေတွေကနေ သူ့ရဲ့ ပေါ်လစီတွေဖြစ်တဲ့ ဂလတ်စ်နော့ - ပွင့်လင်းတဲ့ ထုတ်ဖော်ပြောဆိုမှု၊ ပီရက်စ်ထရွိုက်ကာ - စီးပွားရေး ဖွင့်ပေးမှု စတာတွေကို အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ကမ္ဘာမှာ အဲဒီအချိန်က ရေနံအထုတ်လုပ်ဆုံးနိုင်ငံဖြစ်တဲ့ ဆိုဗီယက်ဟာ သူ့ ပြည်တွင်းနဲ့ သူ့ ကို မှီခိုနေရတဲ့ မဟာမိတ်နိုင်ငံတွေရဲ့ရေနံလိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ ရေနံကို မဟာမိတ်နိုင်ငံတွေကို ရောင်းရတဲ့အခါ ကမ္ဘာ့စျေးကွက်မှာ ပေါက်တဲ့စျေးထက် လျှော့ပြီး အထူးနှုန်းနဲ့ ပေးရတာပါ။
သက်သာတဲ့စျေးနဲ့ ရောင်းတာ၊ အမတော်ကြေးတွေ ထုတ်ပေးတာစတာတွေကို ဆိုဗီယက်က အဆုံးသတ်လိုက်တဲ့အခါ ဆိုဗီယက် စနစ်တခုလုံးက စပြီး ပျက်ယွင်းလာပါတယ်။
၁၉၈၀ နှောင်းပိုင်းနှစ်တွေမှာ အရှေ့ဥရောပတလွှား တော်လှန်ရေးတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ကရင်မလင်မှာ လွင့်ပျံနေတဲ့ တူ တံဇဉ်အလံအစား နောက်ဆုံးမှာ ရုရှားရဲ့ ၃ ရောင်ခြယ်အလံက ၁၉၉၁ ဒီဇင်ဘာ ၂၅ ရက်မှာ အစားထိုး ဝင်ရောက်လာပါတော့တယ်။
ဆိုဗီယက် ပြည်ထောင်စုလိုပဲ ဒီနေ့ခေတ် ရုရှားစီးပွားရေးက စွမ်းအင်လောင်စာ တင်ပို့မှုကို အားကိုးနေဆဲပါ။
"ရုရှားရဲ့ စီးပွားရေးက ဆိုဗီယက် ခေတ်ကာလတုန်းကလိုပဲ သူ့ရဲ့ သဘာဝ အရင်းအမြစ်ကို အားကိုးထားဆဲပါ" လို့ ယာမက်ခ်က ရေးပါတယ်။
"မကြာသေးတဲ့ နှစ်ပိုင်းတွေအတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့တင်ပို့မှုက ရုရှားရဲ့ စုစုပေါင်း တင်ပို့မှုရဲ့ ၆၀% ရှိပြီး အဲဒီကရတဲ့ ဘဏ္ဍာငွေက နိုင်ငံဝင်ငွေရဲ့ ၄၀% ရှိပါတယ်။"
အခုအချိန်မှာ အနောက်နိုင်ငံတွေက မော်စကိုကို ဆန်ရှင်လုပ်နေကြပေမယ့် ရုရှားက ရေနံကနေ ဒေါ်လာ ဘီလျံပေါင်း ဆယ်ချီ ရနေဆဲပါ။ ဒီငွေတွေနဲ့ ယူကရိန်းက စစ်ပွဲကို သူတို့ ထောက်ပို့နေပါတယ်။ ရုရှားဆီက ရေနံဝယ်တဲ့ နိုင်ငံတွေထဲမှာ ကမ္ဘာမှာ လူဦးရေ အများဆုံး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ၊ နောက်ပြီး တူရကီတို့လည်း ပါဝင်ပါတယ်။
တူးသာ တူး စမ်းပါ - 'Drill, baby, drill'
၂၀၂၅ ဇန်နဝါရီမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ရာထူးစယူတဲ့ အဖွင့်မိန့်ခွန်းမှာ ရေနံ တူးသာ တူးကြစမ်းပါ -"Drill, baby, drill" လို့ ကြေညာတဲ့အခါ တချို့က ရေဂင်ရဲ့ လမ်းကို လိုက်တယ်လို့ ခန့်မှန်းကြပါတယ်။ ရေဂင်က ဆိုဗီယက်ကို မိစ္ဆာအင်ပါယာလို့ သမုတ်ခဲ့ပြီး ယာမက်ခ်ရဲ့ စကားလုံး အတိုင်းပြောရရင် "ရေနံစျေးတွေကိုချ၊ ရေနံတွေ ပိုထုတ်ပြီး မော်စကို ဘဏ္ဍာရေးကို ချိနဲ့အောင်လုပ်ကြ" လို့ ဆိုလိုက်တဲ့ သဘောလို့ ယူဆကြတာပါ။
အခုကတော့ အဲဒီတုန်းကလို မဟုတ်တော့ပါဘူး၊ ထရမ့်ရဲ့ ရုရှား ဆန်ရှင်ကြေညာချက် ထွက်လာပြီးနောက်မှာ ရေနံစျေးက တက်သွားပြီး ဘရန့် ရေနံစိမ်း စျေးနှုန်းက ၅% တက်သွားပြီး တစည်ကို ၆၅ ဒေါ်လာ ဖြစ်သွားပါတယ်။
ဒါပေမဲ့ ရုရှားရဲ့ အခြေခံ ရေနံစိမ်းစျေး ယူရယ်က ဘရန့်စျေးထက် ပိုစျေးပေါပါတယ်၊ ဆန်ရှင်ကြောင့် ဝယ်သူတွေ အခက်အခဲဖြစ်လာမှာနဲ့ အညီ ရုရှားက သူ့ရေနံစျေးကို ထပ်ပြီးချနိုင်ပါတယ်။
အတိတ်ကနေ ပြန်လာခြင်း
အခုလောလောဆယ်ကာလမှာတော့ ယူကရိန်းက ရုရှားရဲ့ ရေနံချက် စက်ရုံတွေ၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါတယ်။
ဒါပေမဲ့ ဒီလို အားထုတ်မှုတွေက ရုရှားအတွက် စစ်စားရိတ် မတတ်နိုင်အောင်အထိ ထိခိုက်မယ်၊ မထိခိုက်ဘူးဆိုတာက စောင့်ကြည့်ရဦးမှာပါ။
ရုရှား စီးပွားရေးဟာ စွမ်းအင် တင်ပို့မှုကို အားထားနေဆဲဖြစ်ပေမဲ့ ဒီခေတ် ရုရှား စီးပွားရေးဟာ ဆိုဗီယက်ခေတ်ကနဲ့ မတူတော့ပါဘူးလို့ ဘီဘီစီ ရုရှား ဘာသာဌာနက စီးပွားရေး အယ်ဒီတာ အော်ဂါ ရှမီနာက ထောက်ပြပါတယ်။
အတိတ်တုန်းက ရေနံစျေး ထိုးကျသွားတာ ဖြစ်ခဲ့သလို ဆိုဗီယက် စီးပွားရေး စနစ်ရဲ့ ဗဟိုချက်က ပြဿနာကလည်း အကြီးအမားရှိနေခဲ့ပြီးသားပါ။ ဒါတွေနဲ့ မတူဘဲ ရုရှားစီးပွားရေးက ယူကရိန်း စစ်ပွဲ မတိုင်မီမှာ အတော်လေး တည်ငြိမ်ထားပါတယ်။











