တိုမာဟော့စ် ခရုဒုံးကျည်တွေက ယူကရိန်းစစ်ကို အပြောင်းအလဲဖြစ်စေမလား

ဓာတ်ပုံ ရင်းမြစ်, Mark Wilson/Getty Images
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သောကြာနေ့ တွေ့တဲ့အချိန်မှာ တိုမာဟော့ခ် တာဝေးပစ်ခရုဒုံးကျည်ကိစ္စက အလေးပေးဆုံးအရာဖြစ်လာနိုင်ပါတယ်။
အဆင့်မြင့်လက်နက်တွေကို ကိယက်ဗ်ကိုပေးဖို့ ဇလန်းစကီးရဲ့ အစောပိုင်းတောင်းဆိုမှုကို သူ့အနေနဲ့ သဘောတူနိုင်တယ်လို့ ထရမ့်က မကြာသေးခင်က ပြောထားပါတယ်။
ရုရှားကိုပြန်တုံ့ပြန်နိုင်မယ့် စစ်ဘက်ရေးရာအားကောင်းတဲ့ ထောက်ပံ့မှုမျိုး အတွက် ယူကရိန်းသမ္မတက ပုံမှန်တိုက်တွန်းနေပြီး အခုအစည်းအဝေးကနေသတင်းကောင်းကို မျှော်လင့်နေပါတယ်။
ဇလန်းစကီးရဲ့ အခုအိမ်ဖြူတော်ခရီးစဥ်ဟာ ဒီနှစ်ထဲမကုန်ခင်ကို သုံးကြိမ်မြောက် ရှိလာတာပါ။
လတ်တလောမှာတော့ ယူကရိန်းက သူ့ကိုယ်ပိုင်တာဝေးပစ်ဒုံးကျည်ကို တပ်ဖြန့်ချထားတယ်လို့ ပြောထားပါတယ်။
ဖလာမင်ဂိုဒုံးကျည်တွေ ကို တပ်ဖြန့်ထားပေမယ့်လည်း ရုရှားရဲ့ကျူးကျော်စစ်ကို တန်ပြန်တဲ့ စစ်အရှိန် ပြတ်ပြတ်သားသားပြောင်းလဲအောင် တိုမားဟော့စ်တွေလိုအပ်တယ်လို့ ယုံကြည်ထားဆဲပါ။
ဒါဖြင့် အစွမ်းထက်လှတဲ့ဒုံးကျည်တွေကို အမေရိကန်က ယူကရိန်းကို ဘာလို့ အရင်ကတည်းက မပေးခဲ့တာပါလဲ။
ဘာကြောင့် တိုမာဟော့စ်လဲ
၂၀၂၂ ခုနှစ်၊ ရုရှားရဲ့ အလုံးစုံကျူးကျော်စစ်စတင်ကတည်းက တာဝေးပစ်ဒုံးကျည်တွေပေးဖို့အတွက် ယူကရိန်းက မကြာခဏဆိုသလို တောင်းဆိုခဲ့ပါတယ်။ တစစနဲ့ ရှည်ကြာလာနေတဲ့ ပဋိပက္ခမှာ ရှေ့တန်းစစ်မျက်နှာပြင်ကနေ ဝေးတဲ့ ရုရှားမြို့ကြီးတွေနဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ယူကရိန်းဘက်က အကျိုးအပြစ်ကို ချိန်နေရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဝါရှင်တန်အနေနဲ့ တာဝေးပစ်ဒုံးကျည်တွေ ကိယက်ဗ်ကို ထောက်ပံ့မပေးဖို့ မော်စကိုက အရင်ကတည်းက သတိပေးခဲ့ပါတယ်။ အမေရိကန်ဟာ ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေပေးလိုက်ရင် ပဋိပက္ခ ပိုမိုပြင်းထန်လာပြီး အမေရိကန်နဲ့ရုရှားဆက်ဆံရေးကို ထိခိုက်သွားမယ်လို့ ရုရှားက ပြောဆိုထားပါတယ်။
အမေရိကန်တပ်ဖြန့်ချထားဖူးတဲ့ တိုမာဟော့စ်အမျိုးအစားအချို့ဟာ ကီလိုမီတာ ၂၅၀၀(၁,၅၅၀ မိုင်) အထိပစ်ခတ်နိုင်ပြီး ယူကရိန်းနယ်မြေထဲကနေ မော်စကိုထိရောက်အောင် အေးအေးဆေးဆေး ပစ်ခတ်နိုင်ပါတယ်။
အဲဒီတိုမာဟော့စ်ဒုံးကျည်တွေဟာ အသံရဲ့အမြန်နှုန်းအောက်သာ ပျံသန်းနိုင်ပြီး ခပ်နိမ့်နိမ့်သာဖြစ်တဲ့ မြေပြင်အထက် ၁၀ မီတာကနေ ပျံသန်းပြီး ကြားဖြတ်ပစ်ချဖို့အလွန်ခက်ခဲတဲ့အရာတွေပါ။
သူတို့ရဲ့အဆင့်မြင့် လမ်းညွှန်မှုစနစ်ကြောင့် ပစ်မှတ်ကို ပစ်ခတ်ရာမှာ တိကျမှုမြင့်မားတဲ့ စွမ်းဆောင်ရည်ရှိတယ်လို့ ဘီဘီစီ ရုရှားကာကွယ်ရေးဆိုင်ရာသတင်းထောက် ပါဗဲလ် အက်ဆီနို့ဗ် ကပြောပါတယ်။
ဒါပေမဲ့ တိုမာဟော့စ်တွေ ယူကရိန်းကိုပို့ဆောင်ဖို့ အဓိကအဟန့်အတားကတော့ သင့်တော်တဲ့ ပစ်လွှတ်စင် ကိုရှာဖွေရေးဖြစ်ပါတယ်။
အဲဒီဒုံးကျည်တွေဟာ ရေတပ်သုံးဒုံးကျည်မျိုးဖြစ်တာကြောင့် ရေငုပ်သင်္ဘောနဲ့ သင်္ဘောတွေပေါ်မှာ တင်ဆောင်ပစ်ခတ်ကြတာဖြစ်ပါတယ်။ ယူကရိန်းမှာတော့ တိုမာဟော့စ် ဒုံးကျည်ပစ်ခတ်နိုင်ဖို့ သင့်တော်တဲ့ ရေယာဥ်မျိုး ရှိမနေပါဘူး။
အမေရိကန်စစ်တပ်ကတော့ မြေပြင်အခြေစိုက် ဒုံးပစ်လောင်ချာတွေကို မကြာသေးခင်က ဖန်တီးလိုက်ပေမဲ့ လတ်တလောမှာ ကိယက်ဗ်တပ်ဖွဲ့ဝင်တွေအဲဒါတွေကို အသုံးမပြုခင်မှာ ပြင်းထန်တဲ့လေ့ကျင့်မှုတွေလိုအပ်ပါလိမ့်မယ်။

ဓာတ်ပုံ ရင်းမြစ်, Alex Wong/Getty Images
အမေရိကန် ယူဆောင်လာနိုင်တဲ့အရာ
တိကျပြီး တာဝေးပစ်နိုင်တဲ့ ဒုံးကျည်တွေကို ထိထိရောက်ရောက်အသုံးပြုနိုင်ဖို့ အမေရိကန် ဘက်က သေချာတဲ့ ထောက်လှမ်းမှုမျိုး လိုအပ်ပါလိမ့်မယ်။
ပစ်မှတ်တွေသိရှိနိုင်တဲ့ အချက်အလက်တွေအတွက် ယူကရိန်းရဲ့ အမေရိကန်အပေါ် အားထား ရမှုဟာ မတ်လအတွင်းမှာ ပိုပြီးသိသိသာသာရှိလာခဲ့ပါတယ်။
အဲဒီအချိန်က အမေရိကန်ဟာ သတင်းအချက်အလက်မျှဝေမှုကို ခေတ္တခဏရပ်ဆိုင်းတာမျိုးကိုလုပ်ခဲ့တာပါ။
အမေရိကန်ထောက်လှမ်းရေးက ကိယက်ဗ်ကိုအချက်အလက်ဝေမျှမှု တိုးမြှင့်လိုက်ချိန်မှာ ရေနံချက်တဲ့စက်ရုံတွေအပါအဝင် ရုရှားအတွင်းပိုင်းက အရေးကြီးတဲ့စွမ်းအင်ဆိုင်ရာ ပစ်မှတ်တွေအပေါ် တိုက်ခိုက်နိုင်ခဲ့တယ်လို့ The Financial Times က ရေးသားပါတယ်။
စစ်ဆင်ရေးတွေရဲ့ လမ်းကြောင်း၊ အမြင့်၊ အချိန်နဲ့ နည်းဗျူဟာတွေကို ကိယက်ဗ်ကဆုံးဖြတ်ဖို့ အမေရိကန်ထောက်လှမ်းရေးကကူညီတာလို့ အဲဒီအခြေအနေတွေနဲ့ နီးစပ်တဲ့အာဏာပိုင်တွေ အဆိုအရ သိရပါတယ်။
အဲဒီလိုခွင့်ပြုမှုတွေကနေ ယူကရိန်းတိုက်ခိုက်ရေးဒရုန်းတွေကို ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ရှောင်လွှဲနိုင်ကြတာမျိုးပါ။
တကယ်လို့ တိုမာဟော့စ်တွေ ယူကရိန်းကိုထောက်ပံ့ခဲ့မယ်ဆိုရင် ဒုံးကျည်ပြင်ဆင်မှုတွေနဲ့ ပျံသန်းမယ့် လမ်းကြောင်းအစီအစဥ်ချတာမျိုးလိုကိစ္စတွေအတွက် အမေရိကန်ကျွမ်းကျင်သူတွေက ထဲထဲဝင်ဝင် ပါဝင်ရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက အကြုံပြုကြပါတယ်။
အမေရိကန်ရဲ့လက်နက်တိုက်ထဲမှာ တိုမာဟော့ဒုံးကျည်တွေ ထောင်ပေါင်းများစွာ ပိုင်ဆိုင်ထားပေမဲ့ ကြီးမားတဲ့စစ်အင်အားပိုင်ဆိုင်ထားတဲ့ နိုင်ငံကြီးတစ်နိုင်ငံနဲ့ ပဋိပက္ခဖြစ်ရင် လက်နက်တွေအများကြီးသုံးဖို့ လိုအပ်နေတယ်ဆိုတာကို ယူကရိန်းစစ်က ပြသနေပါတယ်။
တရုတ်နဲ့ ဖြစ်နိုင်ခြေရှိတဲ့ စစ်ပွဲကြောင့် ဝါရှင်တန်အနေနဲ့လည်း စစ်ရေးစစ်ရာပစ်မှတ်တွေကို ဖျက်ဆီးရုံသက်သက်နဲ့ စစ်ပွဲအဖြေပြောင်းလဲနိုင်ဖို့ လိုအပ်တဲ့ဒုံးကျည်အရေအတွက်ယူကရိန်းကို ထောက်ပံ့နိုင်မယ်ပုံမပေါ်ပါဘူး။
ဒါပေမဲ့လည်း ဒါဇင်နဲ့ချီတဲ့ ဒုံးကျည်တွေ ယူကရိန်းကိုပို့ပေးပြီး အခြားရည်ရွယ်ချက်မျိုးနဲ့ ပေါင်းစပ်အသုံးပြုရင်တော့ စစ်ပွဲရဲ့အခြေအနေကိုပြောင်းလဲနိုင်တဲ့ သိသာတဲ့ အခန်းကဏ္ဍအဖြစ် လုပ်ဆောင်နိုင်တယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။
ရုရှားကိုယ်တိုင်ကလည်း အဲဒီလိုနည်းလမ်းမျိုးနဲ့ မျိုးကွဲစုံလှတဲ့ ခရုဒုံးကျည်တွေကို ဒရုန်းတွေနဲ့ ပေါင်းစပ်ပြီးတော့ ယူကရိန်းကို ထိရောက်စွာတိုက်ခိုက်နေတာမျိုးပါ။
ရေနံချက်စက်ရုံတွေအပါအဝင် အရေးပါတဲ့နေရာတွေကို တိကျတဲ့တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ အတွင်း စီးပွားရေးအခြေအနေဟာ လတ်တလောမှာ ခက်ခဲရှုပ်ထွေးစေခဲ့ပါတယ်။ ပြီးတော့ တိုမာဟော့စ်တွေကလည်း အဲဒီလိုအရာမျိုးကို ပိုပြီးဖြစ်စေနိုင်အောင် ကိယက်ဗ်ရဲ့ လုပ်ဆောင် နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်ပါတယ်။
စိတ်သဘောထား ပြောင်းလဲခြင်း

ဓာတ်ပုံ ရင်းမြစ်, Reuters
ဗလာဒီမာပူတင်ရဲ့ ကိယက်ဗ်နဲ့အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို ရောက်ရှိအောင် ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်းတို့နဲ့အတူ သည်းမခံနိုင်မှုတွေတိုးပွားလာပြီးနောက် မကြာသေးမီလတွေမှာ ရုရှားအပေါ် ထားရှိတဲ့ ထရမ့်ရဲ့သဘောထား တင်းမာလာခဲ့ပါတယ်။
"ရုရှားကိုကျွန်တော်ပြောနိုင်ပါတယ်။ စစ်ပွဲနဲ့ပတ်သက်ပြီး အပစ်အခတ်မရပ်စဲဘူးဆိုရင် ကျွန်တော်တို့က တိုမာဟော့စ်တွေကို ကိယက်ဗ်ကိုပို့နိုင်ပါတယ်။ မပို့နိုင်တာလဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပို့တာလည်း ဖြစ်နိုင်ပါတယ်" လို့ တနင်္ဂနွေနေ့မှာ သူကပြောခဲ့ပါတယ်။
"ရုရှားတွေဟာ တိုမာဟော့စ်တွေကို သူတို့ထဲကိုပစ်ခံစေချင်နေကြတာလား။ အဲလိုမျိုးတော့ ကျွန်တော်မထင်ပါဘူး" လို့ အမေရိကန်သမ္မတက ထပ်လောင်းပြောဆိုပါတယ်။
အဲဒီလိုပြောဆိုမှုအပေါ် ရုရှားကပြင်းပြင်းထန်ထန်ကို တုန့်ပြန်ခဲ့ပါတယ်။
တိုမာဟော့စ်ဟာ "အလွန်အမင်းစိုးရိမ်စရာ"ဖြစ်တယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။
"အခုအချိန်ဟာ ဒရာမာဆန်တဲ့ အခိုက်အတန့်ပါ။ ဘက်ပေါင်းစုံမှာ တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန်မျိုးပါ" လို့ သူကပြောပါတယ်။
စစ်ပွဲရဲ့ လားရာပုံစံကို သူတို့ကပြောင်းလဲ နိုင်စွမ်းရှိမှာ မဟုတ်ဘူးလို့ တိုမာဟော့စ်ဒုံးကျည် ခြိမ်းခြောက်မှုကို အထင်အမြင်သေးကာ စက်တင်ဘာလတုန်းကတော့ ပတ်စ်ကော့ဗ်ဟာ ပြောခဲ့ပါတယ်။
ဒါပေမယ့် လတ်တလောသူ့ရဲ့ မှတ်ချက်တွေမှာကျတော့ အဲဒီဒုံးကျည်တွေနဲ့ ရုရှားကိုပစ်ခဲ့တယ် ဆိုရင် ရုရှားအနေနဲ့ နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်မလားဆိုတာ မပြောနိုင်ဘူးလို့ ပြောလာခဲ့ပါတယ်။
"ရုရှားအနေနဲ့ ဘာကိုစဥ်းစားသင့်လဲ။ ဘယ်လိုမျိုးပြန်တုံ့ပြန်သင့်လဲဆိုတာမျိုးပေါ့" လို့ သူကပြောပါတယ်။
ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဒ်ဗီဒက်ဗ်ကတော့ ပတ်စ်ကော့စ်ရဲ့ မှတ်ချက်ကို နှစ်ဆပိုပြော ခဲ့ပါတယ်။
"ရုရှားကဘယ်လိုတုန့်ပြန်သင့်လဲဆိုတာက....အသေအချာပါပဲ" လို့ မက်ဒ်ဗီဒက်ဗ် က ဆိုရှယ်မီဒီယာ ကတဆင့် ပြောခဲ့ပါတယ်။
"အဲဒီဒုံးကျည်တွေပေးပို့တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ အားလုံးအတွက် ဆိုးဝါးတဲ့အဆုံးသတ်ကိုဖြစ်နိုင်ပါတယ်။ ပြီးတော့ အားလုံးထဲကမှ ပထမဆုံးအနေနဲ့က ထရမ့်ကိုယ်တိုင်အတွက်ပါ"
မက်ဒ်ဗီဒက်ဗ်ဟာပြီးခဲ့တဲ့နှစ်အနည်းငယ်အကျော်က စလို့ ပိုပြီးရန်လိုတဲ့ခေါင်းဆောင်တစ်ယောက် အဖြစ်ကို ကြီးထွားလာခဲ့ပါတယ်။ တရားဝင်ရုရှားအစိုးရ အဖွဲ့ထဲကလူတွေထက် ပိုပြီးပြင်းထန်တဲ့ အနေအထားမျိုးကို ဆိုရှယ်မီဒီယာကနေ မကြာခဏဆိုသလို ထောက်ခံအားပေးသူပါ။
သူက ထရမ့်နဲ့စကားနိုင်လုခဲ့သူပါ။ မက်ဒ်ဗီဒက်ဗ်ရဲ့ သြဂုတ်လအတွင်း အွန်လိုင်းကမှတ်ချက်တစ်ခု ကြောင့် နျူကလီးယားရေငုပ်သင်္ဘောနှစ်စင်းကို ရုရှားနဲ့အနီးဆုံးနေရာမှာထားဖို့ အမေရိကန်သမ္မတက အမိန့် ထုတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

မကြာသေးခင်ထရမ့်နဲ့ ဇလန်းစကီးတို့ရဲ့ ဖုန်းပြောဆိုခဲ့မှုအတွင်းမှာတော့ တာဝေးပစ်လက်နက်တွေနဲ့ လေကြောင်းကာကွယ်ရေးစနစ် မြှင့်တင်နိုင်ရေးအပါအဝင် စစ်ရေးဆိုင်ရာလက်နက်ပစ္စည်းတွေ အားကောင်းစေဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ကိယက်ဗ်အပါအဝင် ယူကရိန်းရဲ့ မြို့တော်တွေဟာ ရုရှားရဲ့ဒုံးကျည်၊ ဒရုန်းတွေကနေ ကြီးကြီး မားမားဗုံးကြဲတိုက်ခိုက်မှုတွေအောက်မှာထပ်ခါတလဲလဲ အထိနာနေရပါတယ်။
ဆောင်းရာသီကို ချဥ်းနင်းလာတာနဲ့ ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကို အထူးပစ်မှတ် ထားနေပါတယ်။ အဲဒါကြောင့် စွမ်းအင်ပြတ်တောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။
ရုရှားနယ်မြေထဲ နက်နက်ရှိုင်းရှိုင်းတိုက်ခိုက်မှုတွေအတွက် အမေရိကန်သမ္မတမှာအခွင့်အာဏာပေးထားပါတယ်လို့ ပြီးခဲ့တဲ့လတုန်းက ထရမ့်ရဲ့ယူကရိန်းအထူးသံတမန် ခိသ် ခဲလ်လော့ဂျ်က အရိပ်အမြွက်ပြောခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲအတွင်းက တိုက်ခိုက်မှုတွေမှာ "ဘယ်နေရာမှ လုံခြုံမနေဘူး" လို့ သူက Fox News ကိုပြောပါတယ်။








