အမေရိကန်ရဲ့ တကျော့ပြန် လသွားခရီးစဥ် - ဇန်နဝါရီ ၈ ရက် ထိပ်တန်း နိုင်ငံတကာ သတင်းများ

လရဲ့ မြောက်ဘက်ခြမ်း အပိုင်းမှာ ရှေ့လထဲ ပယ်ရာဂရင်ဝမ်းယာဥ် ဆင်းဖို့ ရည်ရွယ်ထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လဆင်းယာဥ်ကို သယ်ထားတဲ့ ဒုံးပျံကို ကာနီဗယ်အငူကနေ လွှတ်တင်

ရာစုနှစ် ထက်ဝက် အနှစ် ၅၀ အတွင်း အမေရိကန်ဟာ ပထမဆုံး အကြိမ် အဖြစ် လမျက်နှာပြင်ပေါ် ပြန်လည် ဆင်းသက်နိုင်ဖို့ ခရီးစဥ် စတင်ခဲ့ပြီ ဖြစ်ပါတယ်။

ဖလော်ရီဒါ ပြည်နယ် ကာနီဗယ် အငူ ကနေ လဆင်း စက်ရုပ်ယာဥ် ပယ်ရာဂရင် ဝမ်း Peregrine One ကို သယ်ဆောင်ထားတဲ့ ဗော်လ်ကန်စင်တော Vulcan Centaur ဒုံးပျံကို လွှတ်တင်ခဲ့ပါတယ်။

တစ်နာရီ မပြည့်ခင်မှာပဲ လဆင်းယာဥ်ဟာ ဒုံးပျံကနေ ခွာပြီး အာကာသထဲ လှည့်ပတ်နေပြီ ဖြစ်ပါတယ်။ ပယ်ရာဂရင် ဝမ်း ယာဥ်ဟာ လမျက်နှာပြင်ရဲ့ မြောက်ဘက်ခြမ်း အပိုင်းမှာ လာမယ့်လ နှောင်းပိုင်းကျရင် ဆင်းသက်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

ဒီ ခရီးစဥ်ရဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန် တစ်ခုကတော့ နောင် အာကာသ ခရီးတွေကို ဘယ်လို လွယ်လွယ်ကူကူ ဖြစ်မြောက် အောင်မြင်အောင် လုပ်နိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေကို ပိုပြီး သိလာနိုင်ဖို့ ဖြစ်တယ် ဆိုပြီး ကျွမ်းကျင်သူ ပညာရှင် ‌ဒေါက်တာ ဆီမွန်းဘာဘာက ပြောပါတယ်။

“လက်ရှိ အချိန်ထိ အာကာသခရီးတိုင်းမှာ လိုအပ်သမျှကို ပမာဏကြီးကြီးမားမားနဲ့ တပါတည်း သယ်ဆောင်သွားရသလို အာကာသထဲ ရောက်နိုင်ဖို့လည်းစွမ်းအင်လောင်စာတွေ အများကြီး အသုံးပြုလို့ ကမ္ဘာမြေ ဆွဲအားကနေ ရုန်းထွက် နေရပါတယ်။

တကယ်လို့သာ အာကာသထဲ ကိုယ်သွားမယ့် နေရာတွေမှာ လိုအပ်တဲ့ ရင်းမြစ်တွေကို ရယူ အသုံးပြု လာနိုင်ပြီ ဆိုရင် အာကာသ ခရီးတွေကို ပိုပြီး ပေါ့ပေါ့ပါးပါးနဲ့ အကုန်ကျ မများစေပဲ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်” လို့ ဒေါက်တာဘာဘာက ဆိုပါတယ်။

ကမ္ဘာ့ဆွဲအားကနေ ရုန်းထွက်ဖို့ လောင်စာအများကြီး သုံးနေရဆဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ဆွဲအားကနေ ရုန်းထွက်ဖို့ လောင်စာအများကြီး သုံးနေရဆဲ

အမေရိကန်ရဲ့ အခု လသွား ခရီးစဥ်ဟာ အက်စထရိုဘောတစ် ဆိုတဲ့ ကုမ္ပဏီက အမေရိကန် အစိုးရရဲ့ အာကာသအေဂျင်စီ နာဆာNASA နဲ့ ပူးပေါင်းပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုက ပထမဆုံး အကြိမ် ကမကထလုပ် စီစဥ်တဲ့ လသွား ခရီးစဥ်လည်းပဲ ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာပဲ အလားတူ မစ်ရှင် ခရီးစဥ် နောက်ထပ် ၅ ခု စီစဥ်ထားပါတယ်။

အခု ဆယ်စုနှစ် အတွင်း လူကိုယ်တိုင် လိုက်ပါဖို့ စီစဥ်ထားတဲ့ လသွား ခရီးစဥ်တွေမှာ လမျက်နှာပြင်ပေါ် အဆင်ပြေနိုင်အောင် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ အခုလို သုတေသန ခရီးစဥ်တွေ စတင် လုပ်ဆောင် နေကြတာ ဖြစ်ပါတယ်။

ဂါဇာမှာ တိုက်ပွဲပြင်းထန်တုန်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အရှေ့အလယ်ပိုင်း ခရီး နောက်တချီ ထပ်လုပ်

ဂါဇာတခွင် လေကြောင်းတိုက်ခိုက် ခံနေရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂါဇာတခွင် လေကြောင်းတိုက်ခိုက် ခံနေရ

ဂါဇာကမ်းမြောင်‌ဒေသမှာ တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဆက်လက်ပေါ်ပေါက်နေပါတယ်။

ဂါဇာကမ်းမြောင်‌တခွင်လုံး အစ္စရေးရဲ့ ဗုံးကြဲတဲ့ ဒဏ် ခံနေရသလို၊ အစ္စရေး စစ်တပ်နဲ့ ဟားမတ်စ် အဖွဲ့တွေကြား မြေပြင် တိုက်ပွဲတွေလည်း ဖြစ်နေပါတယ်။

မြောက်ပိုင်း ဂျဘာလီယာကစလို့ တောင်ဘက် ခန်းယူနစ်နဲ့ ရာဖာ တို့အထိ ပါလက်စတိုင်း သေဆုံးမှုတွေ ဆယ်ဂဏန်း တချို့ထိ ဒီကနေ့ ရှိခဲ့တယ်လို့ သတင်းတွေ ရရှိ ထားပါတယ်။

ယူအေအီးကနေ ဆော်ဒီနဲ့ အစ္စရေးထိ ခရီးဆက်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူအေအီးကနေ ဆော်ဒီနဲ့ အစ္စရေးထိ ခရီးဆက်မယ်

ဒီအချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကင်ဟာ ယူအေအီး နိုင်ငံမှာ ရောက်ရှိနေပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဂါဇာအ‌ရေး ဆွေးနွေး နေပါတယ်။

ယူအေအီးကနေ ဆော်ဒီ အာရေဗျနဲ့ အစ္စရေး နိုင်ငံ တဲလ်အဗီး မြို့တွေဆီ ခရီးဆက်မှာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အာရုံစိုက်နေတာတွေထဲ ပင်လယ်နီထဲမှာ နိုင်ငံတကာ ကုန်စည်သ‌‌င်္ဘောတွေကို ယီမင် ဟူသီ သူပုန်တွေက အန္တရာယ်ပြု တိုက်ခိုက် နေတဲ့ ကိစ္စလည်း ပါဝင်နေတယ်လို့ နားလည်ရပါတယ်။

ဧဝင်္ဂလိ အသင်းတော် တစ်ခု ထူထောင်ခဲ့သူ တရားဟောဆရာ လွန်ကျူးခဲ့မှုတွေ အကြောင်း ပေါ်ထွက်လာ

လူတွေ သန်းပေါင်းများစွာ ကြည်ညိုလာအောင် စွဲဆောင်နိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူတွေ သန်းပေါင်းများစွာ ကြည်ညိုလာအောင် စွဲဆောင်နိုင်ခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကမ္ဘာပေါ်မှာ အကြီးဆုံး ဧဝင်္ဂလိ ခရစ်ယာန် အသင်းတော် ဖြစ်တဲ့ Synagogue Church of All Nations ကို ထူထောင်သူ ကွယ်လွန်သူ နိုင်ဂျီးရီးယား တရားဟောဆရာ တီ ဘီ ဂျော့ရွှာဟာ မုဒိမ်းမှုတွေ၊ နှိပ်စက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ထားကြောင်း ဖော်ပြနေတဲ့ သက်သေ အထောက်အထားတွေကို ဘီဘီစီ ဖော်ထုတ် တွေ့ရှိထားပါတယ်။

သူ့ရဲ့ နောက်လိုက်နောက်ပါတွေ ဖြစ်ခဲ့ကြတဲ့ Synagogue Church of All Nations အဖွဲ့ဝင်ဟောင်း ဆယ်ဂဏန်းတချို့ဟာလည်း သူတို့ ကျူးလွန်ခံခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုလာကြပါတယ်။ တီ ဘီ ဂျော့ရွှာဟာ အနှစ် ၂၀ လုံးလုံး ကျူးလွန်နေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး Synagogue Church of All Nations အသင်းတော်ဘက်က တုံ့ပြန် ပြောဆိုတာမျိုး မပြုလုပ်သေးပါဘူး။ တီ ဘီ ဂျော့ရွှာဟာ ၂၀၂၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး ဖြစ်ပါတယ်။ သူ သက်ရှိ ထင်ရှား ရှိချိန်ကတော့ လူချစ်လူခင် အင်မတန် များပြားတဲ့ တရားဟော ဆရာ ဖြစ်ခဲ့ပြီး၊ သူ ထူထောင်တဲ့ အသင်းတော်ထဲမှာ အဖွဲ့ဝင် ကမ္ဘာအနှံ့ သန်းကျော် ရှိခဲ့ပါတယ်။

တီ ဘီ ဂျော့ရွှာ ရဲ့ ကျူးလွန်မှု ခံခဲ့ရတဲ့ နမ်းဘီးယား နိုင်ငံက ဂျက်ဆီကာ ကိုင်မူး ဘီဘီစီကို ပြောတာက “ကျွန်မတို့ နေခဲ့ရတဲ့ အဆောက်အအုံဟာ ထွက်ပေါက်မရှိအောင်၊ ထွက်ပြေးလို့ မရအောင် ဆောက်ထားတာ ဖြစ်ပါတယ်။ သဘာဝ နေရောင်ခြည်ကိုလည်း လုံးဝ မရပါဘူး။ ပတ်ဝန်းကျင် တစ်ခုလုံးဟာ ထိန်းချုပ် စီမံထားတဲ့ ပတ်ဝန်းကျင် ဖြစ်ပါတယ်။ အစောင့်အကြပ်တွေလည်း ချထားပါတယ်။ အမြဲ စိုးရွံ့ ထိတ်လန့်မှု၊ ကြောက်လန့်မှုတွေနဲ့ နေခဲ့ရတာပါ” လို့ ဆိုပါတယ်။

ဂမ်ဘီယာ ပြည်ထဲရေး ဝန်ကြီးဟောင်းကို ဆွစ်ဇာလန်မှာ ရုံးတင်ကြားနာ

သမ္မတဟောင်း ယာယာ ဂျမားကိုပါ ဖမ်းဆီးတရားစွဲဖို့ တောင်းဆိုနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတဟောင်း ယာယာ ဂျမားကိုပါ ဖမ်းဆီးတရားစွဲဖို့ တောင်းဆိုနေ

ဆွစ်ဇာလန်နိုင်ငံမှာ ဂမ်ဘီယာနိုင်ငံရဲ့ ပြည်ထဲရေး ဝန်ကြီးဟောင်း အွတ်စမန် ဆွန်ကို အပေါ် လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွဲချက်တွေနဲ့ တရားရုံး ကြားနာပွဲ စတင် နေပြီ ဖြစ်ပါတယ်။

နိုင်ငံ‌ရေး အတိုက်အခံတွေ၊ ပြိုင်ဘက်တွေကို သတ်ဖြတ် နှိပ်စက်ဖို့၊ လိင်ပိုင်း ကျူးလွန် တိုက်ခိုက်ဖို့ အွတ်စမန် ဆွန်ကိုက အမိန့်ပေး ခိုင်းစေခဲ့တယ် ဆိုပြီး အမှုပေါင်း များစွာနဲ့ ပုဒ်မ အမျိုးမျိုးတပ်ပြီး တရားစွဲထားတာ ဖြစ်ပါတယ်။

မစ္စတာ ဆွန်ကိုကတော့ အားလုံးကို ငြင်းပယ် ထားပါတယ်။ သူဟာ သမ္မတ ယာယာ ဂျမား ဦးဆောင်တဲ့ အာဏာရှင် အစိုးရ ပြုတ်ကျကာနီး ၂၀၁၆ မှာ ဆွစ်ဇာလန်နိုင်ငံကို ထွက်ပြေး လာခဲ့ပါတယ်။

အဲဒီနောက် လူ့အခွင့်အရေး ချိုး‌ဖောက်မှုတွေမှာ သူ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြောင်း အထောက်အထားတွေနဲ့ တကွ ဆွစ်အစိုးရထံ တိုင်ကြား ခံခဲ့ရပြီးတဲ့နောက်၊ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အုပ်စုဖွဲ့ မုဒိမ်းသမားတွေကို ပြန်လွှတ်တဲ့ အမိန့်ကို အိန္ဒိယ အထက်ရုံး ပယ်ဖျက်ပေး

ဘီလ်ကစ်(စ) ဘဲန်ကို အပေါ် ကျူးလွန်ခဲ့သူတွေကို ပြန်လွှတ်လို့ လူတွေ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘီလ်ကစ်(စ) ဘဲန်ကို အပေါ် ကျူးလွန်ခဲ့သူတွေကို ပြန်လွှတ်လို့ လူတွေ ဆန္ဒပြ

အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ မုဒိမ်း ပြုကျင့်သူ ၁၁ ယောက်ကို ဂူဂျာရတ် ပြည်နယ် အစိုးရက ထောင်ထဲကနေ ပြန်လွှတ် ပေးခဲ့တဲ့ အမိန့်ကို နိုင်ငံရဲ့ အဆင့်မြင့် တရားရုံးတော်က ပယ်ဖျက်လိုက်ပါတယ်။

အဲဒီသူတွေဟာ ၂၀၀၂ ခုနှစ် အဓိကရုဏ်းတွေ အတွင်း မွတ်ဆလင်မ် အမျိုးသမီး ကိုယ်ဝန်ဆောင် တစ်ဦးကို အုပ်စုလိုက် မုဒိမ်းပြုကျင့်မှုနဲ့ ထောင်ချခံထားရသူတွေ ဖြစ်ပါတယ်။

အဲဒီ ဟိန္ဒူ အမျိုးသားတွေဟာ သူတို့ ကျူးလွန်ခဲ့တဲ့ အမျိုးသမီးရဲ့ မိသားစုလိုက် လူ ၁၄ ယောက် ကိုလည်း သတ်ဖြတ်ခဲ့တဲ့ အတွက် ထောင်ဒဏ် တစ်သက် ချမှတ် ခံထားရသူတွေ ဖြစ်ပါတယ်။ သူတို့ကို ဂူဂျာရတ် ပြည်နယ် အစိုးရက ပြန်လွှတ်လိုက်တဲ့နောက် ကျူးလွန် ခံခဲ့ရသူ အမျိုးသမီး ဘီလ်ကစ်(စ) ဘဲန်ကိုက ဗဟို အဆင့် တရားရုံးတော်ထံ အသနားခံစာ တင်ခဲ့တာ ဖြစ်ပါတယ်။ အခု အဲဒီသူတွေကို သီတင်းနှစ်ပတ် အတွင်း ထောင်ထဲ ပြန်ပို့ရမယ် ဆိုပြီး ရုံးတော်က အမိန့်ချထားပါတယ်။