စစ်မြေပြင်က တက္ကသိုလ်တွေနဲ့ ပိတ်မိနေတဲ့ကျောင်းသားတွေ

ထောက်ခံစာယူဖို့စောင့်ဆိုင်းနေကြတဲ့စစ်တွေတက္ကသိုလ်ကျောင်းသားတွေ

ဓာတ်ပုံ ရင်းမြစ်, Sittwe University Facebook Group

ဓာတ်ပုံ ပုံစာ, ထောက်ခံစာယူဖို့စောင့်ဆိုင်းနေကြတဲ့စစ်တွေတက္ကသိုလ်ကျောင်းသားတွေ

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကယား(ကရင်နီ)၊ ရခိုင် စတဲ့ပြည်နယ်တွေမှာပါ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တဲ့နောက်မှာတော့ စစ်မြေပြင်မှာရှိတဲ့စစ်ကောင်စီဖွင့်လှစ်ထားတဲ့တက္ကသိုလ်တွေလည်း ရုတ်တရက်ဆိုသလို ရပ်နားလိုက်ကြပါပြီ။

အထူးသဖြင့် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့က လားရှိုးတက္ကသိုလ်၊ ရခိုင်ပြည်နယ်မြို့တော်က စစ်တွေတက္ကသိုလ်နဲ့ ကယား(ကရင်နီ)ပြည်နယ်မှာ တစ်ခုတည်းသော စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်တဲ့ ပြည်နယ်မြို့တော် လွိုင်ကော်က လွိုင်ကော်တက္ကသိုလ်တို့ပဲဖြစ်ပါတယ်။

ဒီတက္ကသိုလ်သုံးခုထဲက လားရှိုးတက္ကသိုလ်နဲ့ စစ်တွေတက္ကသိုလ်တို့မှာတော့ အဝေးသင်စာမေးပွဲကျင်းပ ချိန်ဖြစ်တာကြောင့်လည်း ကျောင်းတွေပိတ်လိုက်တဲ့အခါ နေရပ်ပြန်ဖို့အခက်အခဲကြုံနေရပြီလို့ ကျောင်းသားတွေဆီက သိရပါတယ်။

“မြောက်ဦးပြန်ဖို့ကို ကျောင်းသားတွေ စုပြန်ဖို့လုပ်ထားပါတယ်။ ရှေ့အသုတ်က ပြန်တဲ့သူတွေထဲ စစ်ဆေးရေးဂိတ်တွေမှာ ကျောင်းသားမဟုတ်ဘဲ ပြန်ဖို့အတူပါလာတဲ့သူတွေကိုဆို ချန်နေခိုင်းတယ် ကြားတယ်။ ကျောင်းသားတွေကိုယ်တိုင်စီစဉ်တဲ့နေရပ်ပြန်မယ့်ကားတွေအတွက် ကျောင်းကနေ ထောက်ခံစာလုပ်ပေးမယ်ပြောပါတယ်”

စစ်တွေကနေ နေရပ်မြောက်ဦးမြို့ကို ပြန်မယ့်ကျောင်းသားတွေအတွက် ဦးဆောင်စီစဉ်ပေးနေတဲ့ တက္ကသိုလ်ကျောင်းသားတစ်ဦးက လက်ရှိအခြေအနေကို ပြောပြပါတယ်။

ကျောင်းသားတွေဘယ်လိုအိမ်ပြန်ကြမလဲ

စစ်မြေပြင်ကြားကတက္ကသိုလ်တွေနဲ့ ပိတ်မိနေတဲ့ကျောင်းသားတွေ

ဓာတ်ပုံ ရင်းမြစ်, IEC

ဓာတ်ပုံ ပုံစာ, လွိုင်ကော်တက္ကသိုလ်က Non CDM ပညာရေးဝန်ထမ်းတွေနဲ့ သူတို့မိသားစုအပါ စုစုပေါင်း ၁၉၈ ယောက်ကို တော်လှန်ရေးအင်အားစုတွေက ကယ်ထုတ်ထားကြောင်းကြေညာ

စစ်ကောင်စီ ဦးစီးဖွင့်လှစ်တဲ့ကျောင်းတွေကို စစ်အာဏာသိမ်းစမှာသပိတ်မှောက်ခဲ့ကြပေမဲ့ နှစ်ချီကြာမြင့်လာတဲ့အခါ တိုက်ပွဲမပြင်းထန်တဲ့ဒေသတွေမှာ ကျောင်းသားအများစု တက္ကသိုလ်ဝန်းတွေထဲ ပြန်ရောက်လာခဲ့ကြပါတယ်။ ချွင်းချက်အနေနဲ့က ရခိုင်ပြည်နယ်မှာတော့ ၂၀၂၁ ခုနှစ်ကတည်းက ကျောင်းတက်ရာခိုင်နှုန်းအပြည့်ရှိခဲ့ပါတယ်။

တခါ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေဟာ အဝေးသင်တက္ကသိုလ်ကျောင်းသားတွေရဲ့ စာမေးပွဲရာသီ ဖြစ်သလို စစ်ကောင်စီဖွင့်လှစ်ထားတဲ့ တက္ကသိုလ်တွေမှာ အဝေးသင်ပထမအသုတ်၊ ဒုတိယအသုတ်စာမေးပွဲတွေကို ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

တတိယအသုတ် အဝေးသင်စာမေးပွဲတွေဖြေဆိုချိန်မှာတော့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇စစ်ဆင်ရေးစတင်ချိန်နဲ့တိုက်ဆိုင်ခဲ့ပြီး စစ်မြေပြင်တကြောက တက္ကသိုလ်တွေ အခုလိုရပ်နားလိုက်ရတာလည်း ဖြစ်ပါတယ်။

ကျောင်းသားဦးရေ တစ်သောင်းသုံးထောင်အထိ စာမေးပွဲဖြေဆိုခဲ့တဲ့ စစ်တွေတက္ကသိုလ်မှာဆိုရင် နိုဝင်ဘာ ၁၇ ရက် စာမေးပွဲပြီးသွားချိန်မှာတော့ ကျောင်းသားတွေနေရပ်ပြန်ဖို့အခက်ကြုံတဲ့အနေအထားကို စတင်ရင်ဆိုင်နေရပါပြီ။ ဘာကြောင့်လည်းဆိုတော့ နိုဝင်ဘာ ၁၃ ရက်မှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်အကြား တကျော့ပြန်တိုက်ပွဲရှိလာခဲ့ပြီး မြို့နယ်အများစုမှာ နှစ်ဖက်စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။

“ပိတ်မိနေတဲ့အခြေအနေရှိတယ်။ ရသေ့တောင်ဘက်ဆိုရင် ရွှေပြည်တန်(အမြန်ရေယာဉ်)တွေနဲ့ပို့မယ်ပေါ့။ ရမ်းဗြဲ၊ မြန်အောင်၊ သံတွဲတို့ဆို ကျောင်းက ထောက်ခံစာပေးမယ်”

“ပေါက်တောဘက်ဆိုရင်ပြန်ခွင့်မရဘူး၊ မြေပုံ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်တို့ကတော့ ၂၀ ရက်နေ့ စီစဉ်ပေးမယ်လို့ ကျောင်းဘက်က အမျိုးမျိုးပြောနေတယ်” လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲတွေပြန်စတင်လာပြီးနောက် လမ်းတလျှောက်စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက ပိုပြီးတင်းကြပ်လာတာကြောင့် ကျောင်းသားတွေအတွက် ကျောင်းသားကတ်သာမက တက္ကသိုလ်ထောက်ခံစာတွေပါ ပြင်ဆင်နေကြတာလို့ ဆိုပါတယ်။

ကျောင်းသား ၁ သောင်း ၁ ထောင်ဟာ စစ်တွေ တက္ကသိုလ်ကနေ သက်ဆိုင်ရာနေရပ်အသီးသီးကို ပြန်ဖို့စီစဉ်

ဓာတ်ပုံ ရင်းမြစ်, Sittwe University Facebook Group

ဓာတ်ပုံ ပုံစာ, ကျောင်းသား တစ်သောင်းတစ်ထောင်ဟာ စစ်တွေတက္ကသိုလ်ကနေ သက်ဆိုင်ရာနေရပ်အသီးသီးကို ပြန်ဖို့စီစဉ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘီဘီစီစုံစမ်းကြည့်ချက်အရတော့ အဝေးသင်တတိယအသုတ်စာမေးပွဲအဖြစ် မြန်မာစာနဲ့ သမိုင်း ဘာသာရပ်နှစ်ခုကိုဖြေဆိုတဲ့ကျောင်းသားတွေထဲက ကျောင်းသား တစ်သောင်းတစ်ထောင်ဟာ စစ်တွေ တက္ကသိုလ်ကနေ သက်ဆိုင်ရာနေရပ်အသီးသီးကို ပြန်ဖို့စီစဉ်နေကြတာဖြစ်ပြီး ကျောင်းဝန်းထဲမှာပဲ ကားလက်မှတ်၊ ရေယာဉ်လက်မှတ်တွေကို ရောင်းချပေးတာရှိသလို ကျောင်းသားတွေကိုယ်တိုင်စီစဉ်ပြီး နေရပ်ပြန်ဖို့ကြိုးစားတာတွေလည်းရှိနေပါတယ်။

စစ်တွေမြို့ပေါ်မှာ တိုက်ပွဲမရှိပေမဲ့ စစ်ကောင်စီကစစ်ယာဉ်တွေသွားလာတာ၊ ဧည့်စာရင်းတင်းကြပ်တာ အပါအဝင် ကုန်ဈေးနှုန်းကြီးမြင့်လာတာကြောင့်ပါ ကျောင်းသားတွေက နေရပ်ပြန်ဖို့စိုင်းပြင်းနေတာလို့ ထောက်ပြကြပါတယ်။

“ကျွန်တော်ဆိုနေ့သင်တန်းကပါ။ စစ်တွေမှာနေနေပေမဲ့ မြောက်ဦးမှာက ဘဏ်တွေပိတ်လိုက်ပြီ။ အိမ်ကလည်း ကျွန်တော့်ဆီငွေပို့ပေးလို့မရတော့ဘူး”

“ဒီမှာနေဖို့စားဖို့ငွေမရှိတော့တဲ့အခါကျတော့ အဝေးသင်ကျောင်းသားတွေနဲ့အတူ မြောက်ဦးပြန်မယ်။ တစ်ယောက်ကို ကားလက်မှတ်သုံးသောင်းခွဲ‌ဈေးနဲ့ ကားငါးစီး စီစဉ်ထားတယ်။ ကားလက်မှတ်က အရင်က တစ်သောင်းခွဲပဲရှိပေမဲ့ အခုက ကားရတာပဲ ကျေးဇူးတင်နေရပြီ” လို့ စစ်တွေတက္ကသိုလ်ကျောင်းသားက နေအိမ်ပြန်ဖို့ကြိုးစားနေရတဲ့အခြေအနေကို ရှင်းပြပါတယ်။

ဒါပေမဲ့စာမေးပွဲပြီးဆုံးသွားတာ နှစ်ရက်ကြာမြင့်ပြီဖြစ်တဲ့ နိုဝင်ဘာ ၁၉ ရက်အထိ နေရပ်ပြန်နိုင်တဲ့ ကျောင်းသားအရေအတွက် နှစ်ထောင်ဝန်းကျင်သာ ရှိနေသေးတာကြောင့် နေရပ်မပြန်ရသေးတဲ့ ကျောင်းသား ကိုးထောင်ကျော် ဘေးကင်းလုံခြုံအောင် စီစဉ်ပေးဖို့ ကျောင်းသားအသိုင်းအဝိုင်းက တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

 ကျောင်းသားတွေအတွက် ကျောင်းသားကတ်သာမက တက္ကသိုလ်ထောက်ခံစာတွေပါ ပြင်ဆင်နေကြ

ဓာတ်ပုံ ရင်းမြစ်, Sittwe University Facebook Group

ဓာတ်ပုံ ပုံစာ, ကျောင်းသားတွေအတွက် ကျောင်းသားကတ်သာမက တက္ကသိုလ်ထောက်ခံစာတွေပါ ပြင်ဆင်နေကြ

ဘီဘီစီက စစ်တွေတက္ကသိုလ်တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ဒေသအလိုက်နေရပ် ပြန်နိုင်အောင် ပြည်နယ်စစ်ကောင်စီနဲ့ပူးပေါင်းလုပ်ဆောင်နေကြောင်းတုံ့ပြန်ပါတယ်။

“ကျောင်းသားတွေကို မလောဖို့ ပြောချင်ပါတယ်။ အထောက်အထားအပြည့်အစုံနဲ့ပြန်လို့ရအောင်ကြိုးစားနေပါတယ်။ ‌နောက်သုံးလေးငါးရက်ဆို အကုန်ပြန်လို့ရနိုင်ပါပြီ” လို့ စစ်တွေတက္ကသိုလ်တာဝန်ရှိသူက ပြောပါတယ်။

စစ်တွေမြို့ပေါ်က ကွန်ပျူတာတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်တို့က နေရပ်ပြန်မယ့်ကျောင်းသားတွေ အတွက်လည်း စစ်တွေတက္ကသိုလ်တာဝန်ရှိသူတွေက စီစဉ်ပေးနေတယ်လို့ သူကဆက်ပြောပါတယ်။

မြေပြင်အခြေအနေကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းက ပေါက်တောမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် တစ်မြို့လုံးစစ်တိမ်းရှောင်နေကြရပြီး မြေပုံမြို့ဘက်ကတော့ ရာသီဥတုကမိုးသည်းထွန်ရွာသွန်းနေတာကြောင့် ရေလမ်းကြောင်းတွေရပ်နားထားရပါတယ်။

ရက္ခိုင့်တပ်တော်(အေအေ)နဲ့တိုက်ပွဲစတင်ကတည်းက တိုက်ပွဲဖြစ်ပွားရာဒေသအသီးသီးမှာရှိတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို စစ်ကောင်စီကပိတ်ဆို့ထားပြီး စစ်ဆေးရေးဂိတ်တွေတိုးချဲ့ထားတာလည်း ဖြစ်ပါတယ်။

ကျောင်းပိတ်ရတဲ့အကြောင်းအရင်းမတူတဲ့ လားရှိုးနဲ့လွိုင်ကော်

ကျောင်းပိတ်ရတဲ့အကြောင်းအရင်းမတူတဲ့ လားရှိုးနဲ့လွိုင်ကော်

ဓာတ်ပုံ ရင်းမြစ်, Myanmar Education Guide

ဓာတ်ပုံ ပုံစာ, ကျောင်းပိတ်ရတဲ့အကြောင်းအရင်းမတူတဲ့ လားရှိုးနဲ့လွိုင်ကော်

စစ်တွေတက္ကသိုလ်ပြီးရင် ကျောင်းရပ်နားထားရတဲ့ တက္ကသိုလ်နှစ်ခုကတော ၁၀၂၇ စစ်ဆင်ရေးအလယ်မှာရှိတဲ့ လားရှိုးမြို့က လားရှိုးတက္ကသိုလ်နဲ့ လွိုင်ကော်မြို့က လွိုင်ကော်တက္ကသိုလ်တို့ပဲဖြစ်ပါတယ်။

အရင်ဆုံး လားရှိုးတက္ကသိုလ်အခြေအနေကိုပြောရရင် လားရှိုးမြို့ဟာ အောက်တိုဘာ ၂၇ ရက်နေ့က မြောက်ပိုင်းမဟာမိတ်တပ်တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းလ်တပ် TNLA နဲ့ ရက္ခိုင့်တပ် AA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အလယ်ဗဟိုမှာရှိနေတယ်လို့ ဆိုလို့ရနိုင်ပါတယ်။

လားရှိုးမြို့မြောက်ပိုင်းက သန္နီ အဲဒီကနေ တောင်မြောက်တကြောမှာရှိတဲ့ ဖောင်းဆိုင်၊ ချင်းရွှေဟော်၊ နမ့်ခမ်း၊ မူဆယ် စတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်နေတာပါ။ လားရှိုးမြို့တောင်ဘက်ခြမ်းကိုကြည့်ရင်လည်း ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်တလျှောက်မှာလည်း နေ့စဉ်လိုလိုတိုက်ပွဲတွေရှိနေပါတယ်။

ဒီလို တိုက်ပွဲဖြစ်ပွားရာလမ်းကြောင်းပေါ်မှာရှိနေတဲ့ လားရှိုးမြို့က လားရှိုးတက္ကသိုလ်မှာတော့ ဖြေဆိုဆဲ အဝေးသင်စာမေးပွဲတွေကို ရက်ရွှေ့ဆိုင်းပြီး နိုဝင်ဘာ ၁၆ ရက်ကတည်းက တက္ကသိုလ်ပါမောက္ခချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ကျောင်းပိတ်ခဲ့ပါတယ်။ ကျောင်းသားအချို့နေရပ်ပြန်နိုင်ပေမဲ့ အချို့တဝက်ကတော့ လားရှိုးမြို့ပေါ်မှာဆက်ပြီးနေကြဆဲလို့ သိရပါတယ်။

“နေရပ်ဇာတိမြို့က စစ်ဖြစ်နေလို့ ပြန်စရာအိမ်မရှိဘူး” သိန္နီမြို့ကနေ စာမေးပွဲလာဖြေဆိုတဲ့ လားရှိုးတက္ကသိုလ်ကျောင်းသူက အခုလိုပြောပါတယ်။

“လားရှိုးမှာက ဆွေမရှိမျိုးမရှိနေနေရတာမို့ အခုလိုစစ်ဖြစ်နေတာကအစားအသောက်အနေအထိုင်အားလုံး ဒုက္ခရောက်ပါတယ်” လို့ သိန္နီမြို့မှာကျန်ရစ်တဲ့ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရတော့တာကြောင့် နီးစပ်သူတွေဆီကနေ ငွေကြေးချေးငှားပြီး လားရှိုးဖို့ဆက်နေဖို့ ကြိုးစားနေရကြောင်း သူက ဆက်ပြောပြ ပါတယ်။

ဘီဘီစီနောက်ထပ်မေးမြန်းခွင့်ရတဲ့ လားရှိုးတက္ကသိုလ်ကျောင်းသားတစ်ဦးကလည်း မြေပြင်မှာသွားလာဖို့ မလွယ်ကူသေးတာကြောင့် လားရှိုးမှာပဲဆက်ပြီးနေထိုင်နေတယ်လို့ ဆိုပါတယ်။

အခုလိုရှမ်းမြောက်က လားရှိုးမြို့မှာရော ရခိုင်က စစ်တွေမြို့မှာပါ ကျောင်းသားတွေတူညီစွာကြုံတွေ့ရတဲ့ အချက်က ကုန်‌ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ဖြစ်ပြီး စားဝတ်နေရေးအတွက်ပါ စိန်ခေါ်မှုတွေရင်ဆိုင်ကြရတာ လည်းဖြစ်ပါတယ်။

လွိုင်ကော်တက္ကသိုလ်ဝင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချ

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, လွိုင်ကော်တက္ကသိုလ်ဝင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချ

ကယား (ကရင်နီ) ပြည်နယ်မြို့တော်က လွိုင်ကော်တက္ကသိုလ်အခြေအနေကတော့ လားရှိုး၊ စစ်တွေ အခြေအနေနဲ့ သိသိသာသာကွဲပြားပါတယ်။ စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း လွိုင်ကော်တက္ကသိုလ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားရာနဲ့ချီ တပ်စွဲထားရာနေရာတစ်ခုဖြစ်ခဲ့သလို တော်လှန်ရေးအင်အားစုတွေရဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲမှာတော့ တိုက်ပွဲဖြစ်ရာနေရာတစ်ခုဖြစ်ခဲ့ပါတယ်။

လွိုင်ကော်တက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့ တပ်မ(၆၆)လက်အောက်ခံ ခမရ (၄၂၅) နဲ့ ခမရ (၆) တပ်ရင်းတို့ကို ကရင်နီတော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ဦးလက်နက်ချခဲ့လို့ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ ဒီဖြစ်စဉ်ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့က လွိုင်ကော်တက္ကသိုလ်မှာ ရှိတဲ့ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားတွေကိုဖမ်းဆီးသွားတဲ့ အကြမ်းဖက်လုပ်ရပ်လို့ထုတ်ပြန်ထားပါ တယ်။

“တိုက်ပွဲဖြစ်တဲ့နေ့က တက္ကသိုလ်မှာကျောင်းသားတွေမရှိကြပါဘူး။ Non CDM (စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်ဆဲ) ပညာရေးဝန်ထမ်းတွေပဲရှိကြပါတယ်”

“သူတို့ရဲ့ မိသားစုဝင်တွေကိုတော့ လုံခြုံရာရွှေ့ထားပေးပါတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံက နိုဝင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။

လွိုင်ကော်တက္ကသိုလ်က Non CDM ပညာရေးဝန်ထမ်းတွေနဲ့ သူတို့မိသားစုအပါ စုစုပေါင်း ၁၉၈ ယောက်ကို တော်လှန်ရေးအင်အားစုတွေက ကယ်ထုတ်ထားကြောင်းကြေညာထားပြီး “CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာမူဝါဒ စာတမ်း”ပါအတိုင်း Non CDM တွေအပေါ် လူ့အခွင့်အရေးကိုအခြေခံပြီး စီမံဆောင်ရွက်မယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က တရားဝင်ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ကရင်နီတော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်ဧရိယာထဲမှာ လွိုင်ကော်တက္ကသိုလ်လည်း ပါဝင်နေဆဲလို့ KNDF ကနေသိရပြီး မြို့ပေါ်တိုက်ပွဲဆက်ပြင်းထန်နေတာကြောင့် တစ်မြို့လုံးနီးပါးကဒေသခံတွေ စစ်တိမ်းရှောင်နေကြပြီလည်းဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီထိန်းချုပ်မှုအောက်မှာပညာသင်ကြားခဲ့တဲ့လွိုင်ကော်တက္ကသိုလ်ကျောင်းသားတွေအခြေအနေကို ဘီဘီစီအနေနဲ့ကျောင်းသားတွေဆီ တိုက်ရိုက်ဆက်သွယ်မေးမြန်းလို့မရခဲ့ပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ စစ်အာဏာရှင်အမြစ်ဖြတ်ရေးဆိုတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဆက်စပ်တိုက်ပွဲတွေကြောင့် အခုလိုတက္ကသိုလ်သုံးခု ပိတ်ထားကြပြီဖြစ်ပေမဲ့ စစ်ကောင်စီအဆင့်မြင့်ပညာဦးစီးဌာနကတော့ မကြာမီ ဖွင့်လှစ်မယ့်နေ့သင်တန်းတွေအတွက် ဆက်လက်စီစဉ်နေဆဲဖြစ်ပါတယ်။

အခုသီတင်းပတ်ထဲ နိုင်ငံတဝန်းတက္ကသိုလ်တွေမှာ ပထမနှစ်အတန်းတက်ရောက်ခွင့်ရတဲ့ကျောင်းသားစာရင်းတွေထုတ်ပြန်နေသလို လာမယ့်နိုဝင်ဘာ ၂၃ ရက်မှာ နေ့သင်တန်းတွေ ပြန်ဖွင့်နိုင်ရေးအတွက်လည်း ကျောင်းအပ်လက်ခံနေပါတယ်။

“နေ့သင်တန်းဖွင့်ဖို့ ပြင်ဆင်ထားတာရှိပါတယ်။ ဒါပေမဲ့အခုလက်ရှိအခြေအနေက ကျောင်းသားတွေ နေရပ်ပြန်နိုင်ရေးအတွက်ကို ဦးစားပေးလုပ်နေပါတယ်။ ကျောင်းအပ်လက်မခံသေးဘူး”

စစ်ရေးတင်းမာနေတဲ့ဒေသမှာတည်ရှိတဲ့ စစ်တွေတက္ကသိုလ်အခြေအနေကို တာဝန်ရှိသူတစ်ဦးက အခုလို ပွင့်ပွင့်လင်းလင်းပြောပြထားပါတယ်။