အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ် အလုပ်ဖြစ်နိုင်လား

အာဆီယံအထူးသံတမန် ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာပရတ်ဆော့ခွန်း ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ဒီကနေ့ မတ်လ ၂၁ရက်မှာစတင်ပြီး မတ်လ ၂၃ ရက်နေ့အထိ သုံးရက်ကြာမြင့်မှာဖြစ်ပါတယ်။

ဒီကနေ့ ခရီးစဉ်အစမှာပဲ အာဏာသိမ်းစစ်ခေါင်းဆောင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နဲ့တွေ့ဆုံခဲ့ပါတယ်။

အခြေခံဥပဒေနဲ့အညီ နိုင်ငံတော်တာဝန်ထမ်းဆောင်‌ခဲ့တယ်လို့ရှင်းပြပြန်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပရတ်ဆော့ခွန်းနဲ့တွေ့ချိန်မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှခဲ့တယ် ဆိုတဲ့အကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်‌ခဲ့တယ်ဆိုတာနဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်ဆိုပြီး ပြောခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ထူးခြားတာက ဒီကနေ့ အာဆီယံအထူးကိုယ်စားလှယ်တွေ့ဆုံမယ့်သူဆိုပြီး ထွက်လာတဲ့ စာရင်းထဲမှာ သမ္မတဟောင်းဦးထင်ကျော်ရဲ့ဇနီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD ရဲ့ အရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါ်စုစုလွင်လည်း ပါဝင်နေတဲ့အကြောင်း ‌‌‌‌နေပြည်တော်ကလာတဲ့သတင်းတွေက ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် မြန်မာ့အရေးဖြေရှင်းဖို့ဆိုတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်အရ အာဆီယံအထူးသံတမန်ထားရှိကာ နိုင်ငံအတွင်း အဓိက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေး နိုင်ရေးနဲ့ ဒေသတွင်းကမြန်မာ့အရေးကို အာဆီယံအဖွဲ့အနေနဲ့ ဖြေရှင်းနိုင်ဖို့ အခုလို ပြင်ဆင်လာတာဖြစ်ပါတယ်။

အာဆီယံရဲ့ သဘောထားအရ မြန်မာ့နိုင်ငံရေးဖြစ်စဉ်အတွင်းက တွေ့ဆုံသင့်သူတွေကို တွေ့ဆုံဖို့ တောင်းဆိုထားပါတယ်။ ဒီအထဲမှာ ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုမှုတွေကိုတော့ စစ်ကောင်စီကတောက်လျှောက် ငြင်းဆန်ထားတာပါ။ ဒါ့ကြောင့် ပြီးခဲ့တဲ့ အာဆီယံအထူးသံတမန် ရဲ့ မြန်မာနိုင်ငံခရီးစဉ်တွေလည်း ပျက်ခဲ့ဖူးပါတယ်။

အခုပရတ်ဆော့ခွန်းရဲ့ ဒီခရီးစဉ်မတိုင်ခင်တည်းက စစ်ကောင်စီဟာ အာဆီယံအထူးသံကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပြုဘူးလို့ ပြောကြားထားပြီး NLD ပါတီ ကိုယ်စားလှယ်တွေနဲ့သာ တွေ့ဆုံခွင့်ပြုမယ်လို့ ပြောကြားထားတာပါ။

သမ္မတဟောင်းကတော်နဲ့ တွေ့ဆုံခဲ့သလား

စစ်ကောင်စီက အာဆီယံအထူးသံ နဲ့‌‌ တွေ့ဆုံခွင့်ပေးမယ့် စာရင်းထဲမှာ ဒေါ်စုစုလွင် ပါဝင်နေဆယ်ဆိုပေမဲ့ ဒေါ်စုစုလွင်က အာဆီယံအထူးသံ ပရတ်ဆော့ခွန်းနဲ့ တွေ့ဆုံခဲ့တာ ရှိ၊ မရှိကတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကတော့ ‌ဒေါ်စုစုလွင်အနေနဲ့ တွေ့ဆုံမှု ရှိ၊ မရှိကို အတည်မပြုနိုင်တဲ့အတွက် ဒီအပေါ်မှာ မှတ်ချက်ပြုဖို့မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD နဲ့ ပတ်သက်လို့ ကိုယ်စားပြုမှုကတော့ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာဖြစ်တယ်လို့ ပြောပါတယ်။

"တွေ့မယ် မတွေ့ဘူးဆိုတာကို မသိတော့ ကျွန်တော်အဲဒီအပေါ်မှာမှတ်ချက်ပေးစရာမရှိပါဘူး။ ဒါပေမဲ့ NLD ပါတီအနေနဲ့ ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှပဲ၊‌ ဒေါ်အောင်ဆန်းစုကြည်သာလျှင်ပဲ NLD ပါတီကို ကိုယ်စားပြုပြောဆိုနိုင်မှာဖြစ်တယ်'" လို့ ဦးကျော်ထွေး ကပြောပါတယ်။

အာဆီယံက စစ်ခေါင်းဆောင်ကိုပြန်လက်ခံနိုင်ခြေရှိလား

လက်ရှိ အာဆီယံရဲ့ မြန်မာ့အရေး ချဉ်းကပ်ဖြေရှင်းမှုနဲ့ စစ်ကောင်စီရဲ့ သဘောထားတွေအရ မြန်မာနိုင်ငံအရေးကို ဖြေရှင်းနိုင်တဲ့အထိ အာဆီယံအနေနဲ့ စွမ်းဆောင်နိုင်ခြင်း မရှိဘူးလို့ မြန်မာ့အရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

အာဆီယံအနေနဲ့ အခု အာဆီယံသံတမန်ခရီးစဉ်ပြီးတဲ့နောက် မြန်မာ့အရေး ရှေ့ဆက်လုပ်ဆောင်နိုင်မယ့် အခြေအနေ အပေါ် "အာဆီယံကိုကြည့်လိုက်ရင် အမေရိကန်ရဲ့ သဘောထားရှိတယ်။ တရုတ်ကနေ ခပ်ခွာခွာ သဘောထား ယူဆချက်ရှိတယ်။ နောက်တစ်ခု သိသာတာက အခုအမေရိကန်က စစ်ကောင်စီကို လူမျိုးတုံးသတ်ဖြတ်မှု တရားခံအဖြစ် ကြေညာဖို့ရှိတယ်။ အဲဒီတော့ လူမျိုးတုံးသတ်ဖြတ်မှုခံထားရတဲ့သူတွေကို အာဆီယံက လည်း အသိအမှတ်ပြု ပြန်လည်ဆက်ဆံမှာကို ရှောင်မယ်လို့ ထင်တယ်" လို့ နိုင်ငံတကာနဲ့ နိုင်ငံရေးရာအကဲခတ် ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

စစ်ရာဇဝတ်မှုအပါအဝင်၊ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သူလို့ အမေရိကန်ရဲ့သတ်မှတ်ခြင်းခံခဲ့ရသူမျိုးကို နိုင်ငံတကာအနေနဲ့ သူတို့ရဲ့ မိတ်ဘက်နိုင်ငံ အမေရိကန်နည်းတူ ဆက်ဆံရေးလုပ်ဆောင်လေ့မရှိတဲ့ သာဓကတွေ ရှိတာကြောင့် ဒီခရီးစဉ်ကနေ စစ်ကောင်စီအပေါ် အာဆီယံမှာ လက်ခံလာနိုင်မယ့် အခြေအနေမျိုးက ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်မှုတွေရှိလာတာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ခွင့်မရ

အာဆီယံအထူးသံ ရဲ့ အခုခရီးစဉ်မှာ မူလက NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နဲ့ တွေ့ဖို့ ရှိပေမဲ့ အချိန်မလုံလောက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တွေ့ဆုံပွဲမဖြစ်မြောက်ကြောင်းစစ်ကောင်စီဘက်က အကြောင်းကြားခဲ့လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ပရတ်ဆော့ခွန်းနဲ့တွေ့ခွင့်မရခဲ့ပါဘူး။

အာဆီယံအထူးသံနဲ့ ဘက်အသီးသီးက သူတွေ တွေ့ဆုံရေး အာဆီယံဘုံ သဘောထား ၅ ရပ်မှာ ပါဝင်ပေမဲ့ အခုအာဆီယံအထူးကိုယ်စားလှယ်ရဲ့ ပထမဆုံး မြန်မာခရီးစဉ်မှာ အဓိကကျတဲ့ သူတွေနဲ့တွေ့ဆုံဖို့ အစီအစဉ်တွေ မပါဝင်တာကြောင့် ဒီခရီးစဉ်ဟာ မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ရာ အနှစ်သာရရှိတဲ့ခရီးစဉ်မဟုတ်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အစောပိုင်းမှာဘီဘီစီကိုပြောကြားထားပါတယ်။

မတ်လ ၂၂ ရက်မှာတော့ ပရတ်ဆော့ခွန်းဟာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးနဲ့တွေ့ဖို့ရှိတယ်လို့ သိရပါတယ်။

အကန့်အသတ်တွေနဲ့ မပြေလည်မှုတွေကြား စတင်တဲ့ ပရတ်ဆော့ခွန်းရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်လို့ ကန့်ကွက်မှုတွေရှိနေသလို တော်လှန်ရေးအင်အားစုတွေနဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB ကလည်း နိုင်ငံရေး အရ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။

GSCB ရဲ့ ထုတ်ပြန်ချက်အရ အာဆီယံ အထူးကိုယ်စားလှယ်ဟာ ဖေဖော်ဝါရီက ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး Retreat မှာ တိုက်တွန်းချက်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council)၊ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government)တို့နဲ့ တွေ့ဆုံဖို့ဆိုတာကို အကောင်အထည် မဖော်သလို ၊ ပြည်တွင်းက စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေအပေါ်မှာ လည်း တားမြစ်တောင်းဆိုဖို့ပျက်ကွက်တယ်လို့ ဆိုပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်မတိုင်မီကပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ဟာ အွန်လိုင်းက တွေ့ဆုံထားပြီး အာဆီယံဒေသတွင်း အရေးတွေဆွေးနွေးခဲ့တယ်လို့ ကမ္ဘောဒီးယားဘက်က အစောပိုင်းမှာထုတ်ပြန်ထားပါတယ်။