ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန်နစ္စတန်ကနေ ထွက်ခွါဖို့ အမေရိကန်တို့ စိုင်းပြင်း
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေဟာ မြို့တော်ကာဘူးလ်ကို ဝင်ရောက်ပြီး သမ္မတအိမ်တော်ကို သိမ်းပိုက်လိုက်ပြီဖြစ်လို့ တစ်နိုင်ငံလုံးနီးပါးကို ထိန်းချုပ်နိုင်တဲ့အောင်ပွဲနဲ့လက်တစ်ကမ်းအလိုမှာရှိနေပြီဖြစ်ပါတယ်။
အာဖဂန်သမ္မတ အရှရက်ဖ် ဂါနီလည်း ပြည်ပကို ထွက်ပြေးတိမ်းရှောင်ပြီဖြစ်လို့ အစိုးရအဖွဲ့လည်း ပျက်ပြီဖြစ်ပါတယ်။ သမ္မတကတော့ နိုင်ငံကို စွန့်ခွါခဲ့တာဟာ သွေးထွက်သံယိုဖြစ်မှာကို ရှောင်ရှားဖို့ ဖြစ်တယ်လို့ မီဒီယာတွေကို ပြောထားပါတယ်။
သမ္မတဟာ တာဂျစ်ကစ္စတန်နိုင်ငံ ဒါမှမဟုတ် ယူဘက်ကစ္စတန်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားတယ်ဆိုပြီး သတင်းတွေလည်း ထွက်နေပါတယ်။
မြို့တော်ကာဘူးလ်မှာဆိုရင် မြို့ခံတွေရော၊ နိုင်ငံခြားသားတွေပါ မြို့တွင်းကနေ ထွက်ခွါဖို့ လုပ်နေကြလို့ ကစဉ့်ကလျားဖြစ်နေပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်ကလည်း မြို့ထဲက သူ့ဝန်ထမ်းတွေကို စစ်ရဟတ်ယာဉ်သုံးပြီး ဟာမစ်ကာဇိုင်းလေဆိပ်ဆီကို ရွှေ့ပြောင်းပေးနေပြီလို့ပြောပါတယ်။
ထောင်နဲ့ချီတဲ့အမေရိကန်တပ်ဖွဲ့တွေဟာ လေဆိပ်ပရဝုဏ်ကို လုံခြုံရေးရယူထားပြီး လေကြောင်းပျံသန်းမှုစနစ်ကိုလည်း ကိုင်တွယ်ဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၉၀ ကျော်ကလည်း လူတွေကို ဘေးကင်းကင်းနဲ့ထွက်ခွါခွင့်ပေးဖို့ တာလီဘန်တွေကို ပူးတွဲကြေညာချက်ထုတ်ပြီး တောင်းဆိုပါတယ်။
အာဏာလွှဲပြောင်းမှုအခြေအနေ
တာလီဘန်တွေရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဆူဟေးလ် ရှာဟင်းက တာလီဘန်တွေ အနေနဲ့ အာဖဂန် အစိုးရဆီက ငြိမ်းချမ်းစွာအာဏာလွှဲယူဖို့ စီစဉ်နေပြီး ရက်ပိုင်းအတွင်း အပြီးသတ်နိုင်တယ်လို့ ဘီဘီစီကို ပြောဆိုလိုက်ပါတယ်။
အခုလို တာလီဘန်တွေကို ငြိမ်းချမ်းစွာ အာဏာလွှဲပေးရမယ့် အစီအစဉ်ကို အာဖဂန်အစိုးရ ယာယီ ပြည်ထဲရေးဝန်ကြီး အဗ္ဗဒူ ဆာတာ မီဇက်ဝယ်ကလည်း အတည်ပြုခဲ့ပြီး အခုလို လွှဲပြောင်းဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီအခြေအနေမှာ ကာဘူးလ်မြို့က ထွက်ခွာချင်တဲ့သူတွေကို အကြမ်းမဖက်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း ထွက်ခွာနိုင်တဲ့ လမ်းကြောင်းဖွင့်ပေးဖို့ တာလီဘန်တွေက သူတို့ရဲ့ တပ်သားတွေကို အမိန့်ထုတ်ထားပါတယ်။
အာဏာလွှဲပြောင်းပေးရေးညှိနှိုင်းဆောင်ရွက်မှု ကောင်စီတစ်ရပ် ထူထောင် ထားရှိလိုက်ပြီ ဖြစ်ပြီး သမ္မတဟောင်း ဟာမစ်ဒ် ကာဇိုင်းက အဲဒီကောင်စီထဲ သူပါဝင်တယ်လို့ အတည်ပြုပါတယ်။
ဒါ့အပြင် တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဦးဆောင်ပြုလုပ်သူ အဗ္ဗဒူလာ အဗ္ဗဒူလာနဲ့ စစ်ဘုရင်ဟောင်း ဂါလ်ဘူဒင် ဟက်မတ်တီးယားတို့လည်း အာဏာလွှဲရေး ကြီးကြပ်တဲ့ကောင်စီထဲ ပါဝင်တယ်လို့ ဆိုပါတယ်။
တာလီဘန်တွေရဲ့ကတိ ယုံဖို့စောလွန်းနေသေး
တာလီဘန်တွေအနေနဲ့ သူတို့ပေးထားတဲ့ကတိတွေ တည်မလားဆိုတာ ပြောဖို့စောသေးတယ်ဆိုပြီး တောင်အာရှရေးရာအကြီးတန်းအကဲခတ်တစ်ဦးက ပြောပါတယ်။
၂၀၂၁ တာလီဘန်တွေဟာ ''နိုင်ငံခြားမီဒီယာတွေအတွက် သူတို့မှာ အင်္ဂလိပ်လိုပြောတတ်တဲ့ပြောခွင့်ရသူရှိနေတာက သူတို့ကို လက်ခံလာစေချင်အောင်လုပ်တဲ့ လက္ခဏာတစ်ရပ်ပါပဲ။ ပြီးတော့ သူတို့ဟာ အတိတ်မကောင်းတဲ့ စစ်သွေးကြွတွေနဲ့ စကားပြောနေတယ်ဆိုတာ ကျွန်တော်တို့ မှတ်ထားဖို့လိုမယ်''လို့ ဝါရှင်တန်အခြေစိုက် ပညာရှင်အဖွဲ့ Wilson Center က ဒုတိယညွှန်ကြားရေးမှူး မိုက်ကယ် ခူဂယ်မန်းက ပြောပါတယ်။
တာလီဘန်တွေ နိုင်ငံကို စတင် စီမံတဲ့အခါ တခြားနိုင်ငံတွေက ဘယ်လိုတုန့်ပြန်မလဲဆိုတာနဲ့ တောင်အာရှကို ကျော်တဲ့ ပထဝီဝင်နိုင်ငံရေးအလှည့်အပြောင်း ဘယ်လိုဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရဦးမယ်လို့ သူက ပြောပါတယ်။
တာလီဘန်တွေကတော့ လူတွေကို စိတ်အေးအေးထားပြီး ထိန်းထိန်းသိမ်းသိမ်း နေကြဖို့ တိုက်တွန်းပါတယ်။
အာဖဂန်ပြည်သူတွေရဲ့ ဂုဏ်သိက္ခာ၊ ပိုင်ဆိုင်မှုဓနအင်အား၊ ကိုယ့်ကိုယ်ကိုယ် လေးစား တန်ဖိုးထားမှု စတာတွေ အားလုံးကို စောင့်ရှောက်ကာကွယ်ပေးသွားမယ် ဆိုပြီး တာလီဘန်တွေက ကတိပြုပါတယ်။
အခုအချိန်အထိတော့ အကြမ်းဖက်ဖြစ်ရပ်တွေ၊ သွေးမြေကျမှုတွေ ကာဘူးလ်မြို့တော်မှာ မရှိသလောက်ပဲလို့ ဆိုပါတယ်။
ဒါပေမယ့် လူအများကြား စိုးရိမ်မှုတွေ လွှမ်းမိုးနေပြီး ကာဘူးလ်မြို့တော်ကြီး တစ်ခုလုံးမှာ အခြေအနေတွေဟာ မရေရာပဲ ရှုပ်ထွေး နေပါတယ်။
အာဖဂန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း တာလီဘန်စစ်သွေးကြွတွေ နိုင်ငံနေရာအတော်များများကို ထိန်းချုပ်လာတာဖြစ်ပြီး အာဖဂန်အများစုအတွက်တော့ အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့က တိုက်ထုတ်လို့ လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါးက အဆုံးသတ်ခဲ့တဲ့ တာလီဘန်တွေအုပ်ချုပ်မှု တစ်ကြော့ပြန်လာတဲ့ကြောက်ရွံ့စရာအခြေအနေလို့ မှတ်ယူနေကြပါတယ်။